Thursday, July 31, 2008

သံပြားတစ်ချပ်ရဲ့ ပုံပြင်


တစ်ခါက သံပြားလေး တစ်ချပ်ဟာ တစ်နေရာမှာ အေးဆေး လဲလျောင်းနေတယ်။ တစ်နေ့မှာ လူတစ်ယောက်က သံပြားကို ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်တယ်။ ဟုန်းဟုန်းတောက်နေတဲ့ မီးအပူရှိန်ကြောင့် သံပြားဟာ မခံနိုင်ဘဲ “အစ်ကိုကြီး မီးရယ်။ ကျွန်တော် ပူလွန်းလို့ သေပါတော့မယ်။ အပူနည်းနည်း လျှော့ပေးလို့ ရမလား” လို့ တောင်းပန်တယ်။ သံပြားရဲ့ မခံမရပ်နိုင်တဲ့ ညည်းသံကြောင့် မီးက အပူရှိန် လျှော့ပေးလိုက်တယ်။
ခဏနေတော့ လူတစ်ယောက်က မီးဖိုထဲက သံပြားကို ထုတ်ပြီး သံတူနဲ့ ထုတော့တယ်။ သံတူနဲ့ ထပ်သလဲလဲ အထုခံရတဲ့ သံပြားလေးခမျာ အသက်ရူလို့တောင် မရတော့ “သံတူကြီး.. သံတူကြီးရယ် ခင်ဗျားရဲ့ ထုနှုန်းကို လျှော့ပေးလို့ မရဘူးလား.. ကျွန်တော် နာလွန်းလို့ သေတော့မယ်” လို့ အသနားခံတော့ သံတူက ထုအား လျှော့ပေးလိုက်ပြန်တယ်။

နောက်တော့ အထုအထောင်း၊ အကြမ်းအတမ်း လေ့ကျင့်မှုတွေ မခံနိုင်ခဲ့တဲ့ သံပြားလေးဟာ အချိန်တို အတွင်းမှာပဲ သံထည်စက်ရုံကို သံချေးအထပ်ထပ်၊ အပျက်အဆီးတွေနဲ့ ပြန်ပို့ခံလိုက်ရတယ်။ စက်ရုံ တစ်နေရာမှာ လောင်မြိုက်နေတဲ့ မီးဖိုကိုတွေ့တော့ သံပြားက “ ဘ၀ရဲ့ အထုအထောင်း တစ်ချို့ကို ငါမရှောင်လွဲသင့်ဘူးဆိုတာ အခုမှ သဘောပေါက် နားလည်တော့တယ်။ ရှောင်လွဲမိတာနဲ့ ဘ၀က ဆုတ်ယုတ် ညံ့ဖျင်းလာတော့တာပဲ” လို့ သံဝေဂ ရလိုက်မိတယ်။

့http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။

Print this post

No comments: