ဘာလုပ်လုပ် မအောင်မြင်ဘဲ လမ်းစပျောက်ပြီး စိတ်ဓာတ်ကျနေတဲ့ သမီးဖြစ်သူက အဖေ့ကိုရင်ဖွင့်ပါတယ်။ ပြဿနာ အခက်အခဲတွေကြားမှာ သူဟာ နလန်မထူနိုင်အောင်ဘဲ အရာရာကို လက်လွတ်ဆုံးရှုံးချင်ပါပြီ၊ မျှော်လင့်ထားတာ တွေလည်း ဘာတစ်ခုမှ ဖြစ်မလာခဲ့ပါဘူးတဲ့။
အဖေက စကားတစ်ခွန်းမှ ပြန်မပြောဘဲ သမီးလက်ကိုဆွဲပြီး မီးဖိုဖက် ခေါ်သွားခဲ့တယ်။ ပြီးတော့ အိုး(၃)အိုးကို ယူပြီး ရေတည်လိုက်တယ်။ ရေပွက်လာတော့ ပထမအိုးထဲ မုန်လာဥ ထည့်လိုက်တယ်။ ဒုတိယအိုးထဲ ကြက်ဥတစ်လုံး ထည့်လိုက်တယ်။ နောက်ဆုံးအိုးထဲ ကော်ဖီမှုန့် ထည့်လိုက်တယ်။ အဖေလုပ်တာကို ကြည့်ပြီး သမီးက နားမလည်ဖြစ်နေခဲ့တယ်။ အဖေက သမီးလက်ကို ကြင်နာစွာကိုင်ပြီး ပွက်ပွက်ဆူနေတဲ့ အိုးထဲက မုန်လာဥ၊ ကြက်ဥ၊ ကော်ဖီတွေကို ကြည့်ခိုင်းတယ်။
တအောင့်ကြာတော့ အဖေက အိုးထဲက အရာတွေကိုဆယ်ပြီး ပန်းကန်ထဲ ထည့်လိုက်တယ်။ ကျိုထားတဲ့ ကော်ဖီကိုလည်း စစ်ပြီး ခွက်တစ်လုံးထဲ ထည့်လိုက်တယ်။ ပြီးတော့ သမီးကို “ဘာတွေတွေ့သလဲ” လို့ မေးလိုက်တယ်။ သမီးက နားမလည်စွာနဲ့ “မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီတွေပါ အဖေ” တဲ့။
အဖေက သမီးကို ပြုတ်ထားတဲ့ မုန်လာဥကို အရင်ကိုင်ခိုင်းတယ်။ မုန်လာဥဟာ နူးအိနေပြီး ထိလိုက်တာနဲ့ ပျော့ပြဲသွားတော့တယ်။ အဖေက ပြုတ်ပြီးသားကြက်ဥကို အခွံချေပြီး ခွာခိုင်းပြန်တယ်။ နောက်ကျိုထားတဲ့ ကော်ဖီကို သောက်ခိုင်းလိုက်တော့ သမီးဟာ ပြုံးလာတယ်။ ကော်ဖီနံ့သင်းပျံ့ပြီး မွေးနေတဲ့ ကော်ဖီပူပူကို သောက်ရင်း “ဘာကြောင့် ဒီလိုလုပ်တာလဲ” လို့ အဖေ့ကိုမေးတော့ အဖေက ဒီလိုရှင်းပြပါတယ်။
ဒီအရာသုံးခုဟာ ဆူနေတဲ့ရေထဲ တူညီတဲ့အပူချိန်နဲ့ တစ်ပြိုင်တည်းမှာ အပြုတ်ခံရတယ်။ ဒါပေမယ့် တုန့်ပြန်တာတွေ မတူခဲ့ကြဘူး။ မာပြီး အကြမ်းခံတယ် ထင်ရတဲ့ မုန်လာဥဟာ အပြုတ်ခံလိုက်ရတော့ ပျော့ပြဲသွားတယ်။ အကြမ်းမခံဘဲ ကွဲလွယ်ပြီး ပါးလွှာတဲ့ ကြက်ဥအခွံဟာ ဥထဲကအရည်ကို အကာအကွယ် ပေးထားတယ်။ ဒါပေမယ့် ဆူပွက်နေတဲ့ရေထဲ ထည့်ပြုတ်လိုက်တော့ အရည်ဟာ အစိုင်အခဲအဖြစ်နဲ့ မာသွားတယ်။ ကော်ဖီမှုန့်ကတော့ ပိုထူးခြားတယ်။ ဆူပွက်နေတဲ့ရေထဲ ပျော်ဝင်အပြုတ်ခံပြီး နောက်ဆုံးမှာ မွှေးကြိုင်တဲ့ ကော်ဖီအဖြစ်ပြောင်းသွားတယ်။
လူလားမြောက်အောင် ကျွေးမွေးခဲ့ပြီး စိတ်ဓာတ်မခိုင်မာတဲ့ သမီးရဲ့ခေါင်းကို ကြင်နာစွာကိုင်ရင်း “သမီးကရော ဘယ်လိုအမျိုးအစားလဲ” လို့ မေးလိုက်တယ်။
ဆိုးရွာမှု၊ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အစက မာသယောင်ထင်ရပြီး နောက်ဆုံးကျတော့ ပျော့သွားတဲ့ မုန်လာဥလို့လား?
ဒါမှမဟုတ် အစက ပျော့သယောင်ထင်ပြီး အခက်အခဲနဲ့ တွေ့တဲ့အခါ အရည်ကနေ အစိုင်အခဲအဖြစ် မာသွားတဲ့ ကြက်ဥလို့လား?
ဒါမှမဟုတ် ရေဆူဆူထဲ ထည့်လိုက်တာနဲ့ မွှေးကြိုင်တဲ့ ကော်ဖီဖြစ်လာတဲ့ ရေဆူလေ၊ အနံ့မွှေးလေဆိုတဲ့ ရေကြောင့် ပြောင်းလဲသွားတဲ့ ကော်ဖီမှုန့်လို့လား?
တကယ်လို့ ကော်ဖီမှုန့်နဲ့ တူခဲ့ရင် အခက်အခဲ ဆိုးရွားမှုတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင် ရင်ဆိုင်ပြီး လူတွေနှစ်သက်တဲ့ (လူတွေ အားကျလေးစားတဲ့) မွှေးကြိုင်တဲ့ ကော်ဖီတစ်ခွက်ဖြစ်အောင် ဖန်တီးနိုင်ရမယ်။
ဆိုးရွားမှုတွေက ကိုယ့်ကို ထိုးနှက်တာကို ခံမလား?
ကိုယ်က အဲဒီဆိုးရွားမှုကို အကောင်းဖက်သို့ ပြောင်းသွားအောင် လုပ်မလား?
လူအများက ပြဿနာ အခက်အခဲတစ်ခုနဲ့ ကြုံတဲ့အခါ စစချင်းမှာ ပြုတ်ထားတဲ့ ကြက်ဥလိုပဲ စိတ်ဓာတ်တွေက တက်ကြွမာကျောကြတယ်။ နောက်ဆုံးတော့ မာသယောင်နဲ့ ပျော့ပြဲသွားတဲ့ မုန်လာဥအဖြစ်ကို မတော်တဆ ပြောင်းလဲသွားတတ်ကြတယ်။
ဟိုးအရင် လွန်ခဲ့တဲ့ ၂နှစ် စာရေးစက ပလန်းနက်မှာ တင်ခဲ့ဖူးတဲ့ စာလေးပါ။ အဲဒီတုန်းက ကောင်မလေးတစ်ယောက်က ကော်ဖီမွှေးရတာဟာ ဓာတုနည်းအကူတွေ ပါလို့လို့ပြောခဲ့ပါတယ်။
အဲဒီဓာတုနည်းကို မကြည့်ဘဲ ကော်ဖီကနေ ရိုးရိုးကော်ဖီမှုန့် ဖြစ်လာတာကို ကြည့်မယ်ဆိုရင် ရင့်မှည့်လာတဲ့ ကော်ဖီကို နေလှန်း၊ အပြင်က အခွံကို ခွာပြီးရင် အထဲက ကော်ဖီစေ့ကို ထုပ်ထားတဲ့ အခွံပါးလေးကို ထပ်ခွာရသေးတယ်။ ပြီးရင် အလှော်ခံရသေးတယ်။ အဲလို အဆင့်ဆင့် ထုထောင်းထားတဲ့ ကော်ဖီကို အမှုန့်ဖြစ်အောင် ပြန်ကြိတ်ရသေးတယ်။ ဒီအတိုင်းထားတဲ့ အမှုန့်ဟာ အနံ့တွေ မသင်းပျံ့နိုင်ပါဘူး။ ရေဆူဆူထဲ ထည့်ကျိုလိုက်မှ မွှေးပျံ့ရတာပါ။ ဆိုးရွားမှုအားလုံးကို အကောင်းဖက်ပြောင်းပြီး အဆိုးတွေကို မွှေးစေခဲ့ပါတယ်။
original from: http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Print this post

No comments:
Post a Comment