Wednesday, July 30, 2008

အရောင်များနှင့် ရှင်သန်သူ

(က)ငယ်စဉ်ကလေးဘ၀ကတည်းက သွက်ချာပါဒရောဂါကြောင့် ကျွန်မရဲ့ ခြေတွေ၊ လက်တွေ သွက်သွက်လက်လက် မလှုပ်ရှားနိုင်ခဲ့တဲ့အပြင် စကားပြောရာမှာလဲ ခက်ခဲခဲ့တယ်။ တစ်ခါက တစ်ခြားလူတွေလို ကျွန်မ အက ကသင်တာ ချော်လဲသွားတယ်။ မေမေပြန်လာတော့ ကျွန်မကို ပွေ့ချီပြီး ဆေးခန်းသွားပြခဲ့တယ်။ ကျွန်မရဲ့ သွေးတွေ မေမေ့ရင်ဝမှာ စွန်းကုန်တယ်။

ကျွန်မ မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက အိမ်နီးနားချင်း ကလေးတွေ ကျွန်မကို ကျောက်ခဲ၊ ထင်းစတွေနဲ့ ပစ်ပေါက်အနိုင်ကျင့်ကြတယ်။ တစ်နေ့နေ့ကျရင် သူတို့ကိုလဲ ကျွန်မ ပြန်ပစ်နိုင်အောင် ကျွန်မရဲ့ လွယ်အိတ်ထဲမှာ ကျောက်ခဲလေးတွေ အမြဲထည့်ထားတတ်တယ်။ ဒါပေမဲ့ ကျွန်မ တစ်ခါမှ မပစ်နိုင်ခဲ့ဘူး။ အခုဆိုရင် ကျောက်ခဲလေးတွေကို ကျွန်မ စုဆောင်းတတ်လာတယ်။

ဆရာမ Ma Zhijiangကြောင့် ပန်းချီဆွဲတာကို ကျွန်မ နှစ်သက်ခဲ့တယ်။ ပန်းချီဆွဲနေရရင် ကျွန်မပျော်တယ်။ ရေဆေးပန်းချီရဲ့ အရောင်လေးတွေက ကျွန်မကို ရှုးသွပ်စေတယ်။ အရောင်တွေကို ဆေးစပ်ပျဉ်ပြားပေါ်တင်ပြီး ရောစပ်ရတာက ဘ၀ရဲ့ အကောင်းနဲ့အဆိုးကို ထင်ဟပ်ရောစပ်နေရသလိုပဲ။ အရောင်တွေမှာလဲ အသက်ဝိညာဉ်ရှိတယ်လို့ ကျွန်မ ထင်တယ်။

ပုံတွေဆွဲပြီး အရောင်လေးတွေကတစ်ဆင့် ကျွန်မရဲ့ ခံစားမှုကို အားလုံးနဲ့ မျှဝေနိုင်ခဲ့တယ်။ ပုံထဲကနေ ကျွန်မရဲ့အတွေးတွေကို လူတွေ သိရှိနိုင်တယ်။ ကျွန်မရဲ့ ဘ၀နဲ့ ခံစားမှု အတွေးအခေါ်တွေဟာ ပန်းချီကြောင့် ပြောင်းလဲခဲ့ရတယ်။ ပန်းချီဆွဲခြင်းကြောင့် ဒုက္ခိတဆိုတဲ့ လှောင်အိမ်ထဲမှာ ကျွန်မပိတ်လှောင်မခံခဲ့ရတာပါ။

(ခ)
ဖာသာတစ်ဦးရဲ့ ကလေးဟာ မွေးကတည်းက သွက်ချာပါဒရောဂါရှိခဲ့တယ်။ လှုပ်ရှားမှု မသွက်လက်သလို စကားလဲ မပြောနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဇွဲလုံ့လနဲ့ ယုံကြည်မှုကြောင့် သူဟာ အမေရိကားမှာ အနုပညာဆိုင်ရာ ဒေါက်တာဘွဲ့ကို ရခဲ့ပြီး နယ်တကာလှည့် လူတွေကို အားပေးကူညီခဲ့တယ်။ ဟောပြောခဲ့တယ်။

တစ်ခါက ဟောပြောပွဲတစ်ခုကို သူတက်ရောက်ခဲ့တယ်။ (ဟောပြောပွဲလို့သာ ပြောတယ်။ တကယ်ဆို စကားမပြောနိုင်တဲ့ သူက ရေးပြီး ပြောတာပါ) ဟောပြောပွဲမှာ ကျောင်းသားတွေက သူ့ကို မေးခွန်းထုတ်ခဲ့ကြတယ်။ ကျောင်းသားတစ်ဦးက “ဆရာမ ငယ်ငယ်လေးကတည်းက ဒီပုံစံဖြစ်ခဲ့တယ်။ ဆရာမကိုယ် ဆရာမ ဘယ်လိုမြင်ပါသလဲ..? ဒီလိုရောဂါကို ခံစားနေရလို့ ကိုယ့်ကိုယ့်မမုန်းမိဘူးလား? ” လို့ မေးခဲ့တယ်။

ကျောင်းသားရဲ့ အမေးကို တစ်ခြားကျောင်းသားတွေက အားတုန့်အားနာဖြစ်ခဲ့တယ်။ ဒီအမေးဟာ သူ့အရှိုက်ကို ထိုးနှက်လိုက်တဲ့ မေးခွန်းဖြစ်နေမှာလဲ စိုးခဲ့တယ်။ ဒါပေမဲ့ သူက မြေဖြူကို ကောက်ကိုင်ပြီး “ကျွန်မကိုကျွန်မ ဘယ်လိုမြင်သလဲ ” လို့ စာလုံးခပ်ကြီးကြီးကို ချရေးလိုက်တယ်။ ပြီးတော့

၁) ကျွန်မ အရမ်းချစ်စရာကောင်းတယ်။
၂) ကျွန်မရဲ့ ပေါင်တံတွေ ရှည်လဲရှည်တယ်၊ လှလဲလှတယ်။
၃) အဖေအမေတို့က ကျွန်မကို အရမ်းချစ်တယ်။
၎) ဘုရားသခင်က ကျွန်မကို ချစ်တယ်။
၅) ကျွန်မ ပန်းချီတွေ ဆွဲတတ်တယ်။ စာလဲ ရေးတတ်တယ်။
၆) ကျွန်မမှာ ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်ရှိတယ်။
၇) နောက်ပြီး ...
၈) ........

ဟောပြောခန်းတစ်ခုလုံး အပ်ကျသံမျှ မကြားအောင် တိတ်ဆိတ်နေတယ်။ ပရိသတ်တွေကို သူနောက်ပြန်လှည့်ကြည့်လိုက်တယ်။ ပြီးတော့ နောက်ဆုံးစာကြောင်း “ကျွန်မမှာ ရှိတာကိုပဲ ကျွန်မကြည့်တယ်။ မရှိတာကို ကျွန်မ မကြည့်ဘူး” ကို ချရေးလိုက်တယ်။ တစ်ခန်းလုံး ခဏလောက် တိတ်ဆိတ်သွားပြီး လက်ခုပ်သံတွေက မိုးခြိမ်းသံအလား ဟိန်းထွက်လာခဲ့တယ်။

အကောင်းဘက်ကိုပဲ တွေးမြင်တတ်တဲ့ သွက်ချာပါဒ ဝေဒနာရှင်က ထိုင်ဝမ်ကျွန်း ထိုင်နန်မြို့မှာ မွေးဖွားခဲ့သူ၊ တောင်ကယ်ရီးဖိုးနီးယား တက္ကသိုလ်မှာ အနုပညာဒေါက်တာဘွဲ့ရခဲ့သူ၊ ပန်းချီပြပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့ဖူးသူ မစ္စစ် ဟွမ် (Huang Mei-lian) ပဲဖြစ်ပါတယ်။

သူ့ရဲ့ လက်ရာတစ်ချို့ကို ကူးယူဖော်ပြလိုက်ပါတယ်။ စိတ်ဝင်စားသူများ တစ်ခြားပုံတွေလဲ ကြည့်နိုင်အောင် သူ့ဝက်ဆိုက်ဒ် ကို ညွှန်းလိုက်ပါတယ်။





Print this post

No comments: