ရှေးဂရိတို့ရဲ့ ပုရာဏ်ကျမ်းစာ (mythology)အရ Zeus နတ်မင်းကြီးဟာ မီးနတ်ဖြစ်တဲ့ Hephaestus ကို ရွံ့နဲ့ နတ်သမီး ပုံစံအတိုင်း လှပတဲ့ မိန်းမတစ်ယောက် လုပ်ခိုင်းခဲ့တယ်။ တစ်ဖန် အဲဒီရွံ့ရုပ်ကို ယောက်ျားတွေမြင်ရင် မူးယစ်စေအောင် ပြုလုပ်ဖို့ အချစ်အလှ နတ်သမီး Aphrodite ကို အမိန့်ပေးလိုက်ပြန်တယ်။ နတ်သမီး Athena က အဲဒီမိန်းကလေးကို ယက်ကန်းရက် တတ်အောင် သင်ပေးခဲ့တယ်။ လှပတဲ့ ရောင်စုံအ၀တ်အစားတွေ ရက်လုပ်ဝတ်ဆင်ပြီး လူတွေကို ပိုဆွဲဆောင်စေခဲ့တယ်။ လုပ်ဆောင်မှုတွေ ပြီးမြောက်သွားတဲ့အခါ Zeus က သံတမန်နတ်မင်း Hermes ကို “ဒီမိန်းမရဲ့ ခန္ဓာကိုယ်ထဲ မင်းရဲ့ကောက်ကျစ်စဉ်းလဲ၊ လိမ်ညာဟန်ဆောင်၊ ခိုးဝှက်တတ်တဲ့ အကျင့်တွေကို သွင်းလိုက်” လို့ အမိန့်ပေးလိုက်ပြန်တယ်။
မိန်းမတစ်ယောက်အဖြစ် လုံးဝ ပြီးမြောက်သွားတဲ့အခါ အ၀တ်အစား၊ လက်ဝတ်ရတနာတွေနဲ့ လှပအောင် ဆင်မြန်းပေးလိုက်ကြတယ်။ Hermesက “နတ်တွေက လူတွေကို လက်ဆောင်ပေးမယ့် ဒီမိန်းမကို “ပန်ဒိုရာ” (Pandora)လို့ အမည်ပေးလိုက်ကြရအောင်” ဆိုတဲ့ အကြံကို နတ်တွေက သဘောတူခဲ့ကြတယ်။ ရှေးဂရိဘာသာစကားမှာ “ပန်” (pan) ဆိုတာ အားလုံး၊ “ဒိုရာ” (dora)ဆိုတာ လက်ဆောင်လို့ အဓိပ္ပါယ်ရတယ်။
ပန်ဒိုရာဟာ Zeus နတ်မင်း ပထမဦးဆုံး ဖန်ဆင်းခဲ့တဲ့ လူမိန်းမဖြစ်တယ်။ ဖန်ဆင်းရတဲ့ အဓိက ရည်ရွယ်ချက်က လူတွေကို ကလဲ့စားချေဖို့ဖြစ်တယ်။ ကလဲ့စားချေရတဲ့ အကြောင်းရင်းက Prometheus နတ်က လူတွေကို လိုတာထက် ပိုဂရုစိုက်ခဲ့လို့ ဖြစ်တယ်။
Zeus နတ်မင်းကြီး အာဏာလုစဉ်က Prometheus နဲ့ Epmetheus ညီအစ်ကို နတ်နှစ်ဦးက သူ့ကို ကူညီခဲ့တယ်။ Prometheus ဆိုတာ “အမြော်အမြင်” လို့ အဓိပ္ပါယ်ရပြီး Epmetheus က “နောင်တ” လို့ အဓိပ္ပါယ်ရတယ်။
ဇူးနတ်မင်းက ပန်ဒိုရာကို Prometheus ရဲ့ ညီ Epmetheus ကို မယားလုပ်ဖို့ ပေးလိုက်လို့ Hermes ကို အမိန့်ပေးလိုက်တယ်။ Epmetheus က အစ်ကို Prometheus နဲ့ မတူဘူး။ တုံးအတယ်။ ဇူးနတ်မင်းက ဘာပေးပေး လုံးဝမယူဖို့ အစ်ကိုက မှာထားခဲ့ပေမယ့် ပင်ကိုယ်တုံးအတဲ့ ဗီဇနဲ့ ပန်ဒိုရာရဲ့ အလှအပကိုမြင်တော့ ဖြားယောင်းမှုကို မခံနိုင်ဘဲ ဇူးနတ်မင်းပေးတဲ့ လက်ဆောင်ကို ၀မ်းသာအားရ လက်ခံလိုက်တယ်။ လက်ခံပြီး မကြာဘူး Epmetheus ဟာ သူ့နာမည်အတိုင်း နောင်တရတော့တယ်။
ဒီလိုနဲ့ ပန်ဒိုရာဟာ Epmetheus နတ်နဲ့ အတူနေခဲ့တယ်။ ပန်ဒိုရာဟာ လှပရုံတင်မက မိန်းမပီပီ မနာလို ၀န်သိုစိတ်ရှိတယ်။ လောဘကြီးတယ်။ အရာရာကို စပ်စုလိုစိတ်ရှိတယ်။ တစ်နေ့မှာ ပန်ဒိုရာက Epmetheus ကို နတ်တွေ လက်ဆောင်ပေးထားတဲ့ သေတ္တာငယ်တစ်လုံးကို ရှာတွေ့ခဲ့မိတယ်။ “ရိုးရိုးသေတ္တာဆိုရင် ဒီလို လျှို့လျှို့ဝှက်ဝှက် ပုန်းထားမှာ မဟုတ်ဘူး။ ဒီလောက် လုံခြုံအောင် ပိတ်ထားတာ အထဲမှာ ဘာများထည့် ထားလို့ပါလိမ့်” လို့ တွေးမိပြီး Epmetheus မရှိတဲ့အချိန်မှာ သေတ္တာကို ဖွင့်ကြည့်လိုက်တယ်။ သေတ္တာထဲမှာ ပန်ဒိုရာ တွေးထင်ထားသလို အဖိုးတန် ပစ္စည်းတွေ မရှိခဲ့ဘူး။ သေတ္တာထဲက အငွေ့တွေ အပြင်ကို ပလူပျံထွက်လာခဲ့တယ်။ အဲဒီအငွေ့ထဲမှာ “ပျော်ရွှင်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ခြင်း၊ ချစ်ခင်ခြင်း၊ မုန်းတီးခြင်း၊ မေတ္တာတရား၊ ဘေးဆိုးကဒ်ဆိုး”စတဲ့ လူကိုအန္တာရာယ်ပေးမယ့် အရာတွေပါတယ်။
သေတ္တာကို ပန်ဒိုရာ မဖွင့်ခဲ့မိတုန်းက လူ့လောကမှာ ဘာအန္တရာယ်၊ ဘာကဒ်ဆိုးမှာ မရှိခဲ့ဘူး။ ဘ၀တွေ အေးချမ်းခဲ့ကြတယ်။ ပန်ဒိုရာရဲ့ စပ်စုလိုစိတ်ကြောင့် သေတ္တာထဲက အန္တရာယ်တွေ ပတ်ဝန်းကျင်နေရာအနှံ့ ပြန့်လွှင့်ခဲ့ပြီး နေ့နေ့ညည လူတွေကို ဒုက္ခပေးခဲ့တယ်။
ပန်ဒိုရာက ကြောက်လန့်ပြီး သေတ္တာကို အမြန်ပိတ်လိုက်တယ်။ ဒါပေမယ့် အခါနှောင်းသွားခဲ့ပါတယ်။ သေတ္တာထဲမှာ “မျှော်လင့်ခြင်း” တစ်ခုပဲ ကျန်ရစ်ခဲ့တယ်။ နောက်တော့ ပန်ဒိုရာဟာ မျှော်လင့်ခြင်း သေတ္တာကို ပွေ့ဖက်ပြီး လင်ယောကျာ်း Epmetheus ပြန်အလာကို စောင့်နေခဲ့တယ်။
ဒါကြောင့် ယနေ့ထက်တိုင်အထိ လူတွေဟာ ဘာအတားအဆီး၊ အခက်အခဲ၊ နာကျင်မှုတွေ ခံနေရပါစေ ရင်ထဲမှာ “မျှော်လင့်ချက်” တစ်ခုကတော့ အမြဲကိန်းအောင်းနေခဲ့တယ်။ အသက်ရှင်နေသမျှ “မျော်လင့်ချက်”တွေကို မယိုင်လဲစေခဲ့ဘူး။ “မျှော်လင့်ချက်” ကြောင့် လူတွေ အသက်ဆက်ခဲ့ကြတယ်။
http://en.wikipedia.org/wiki/Pandora
http://zhidao.baidu.com/question/14457339.html?fr=qrl3
နိုင်းနိုင်းစနေ ဘာသာပြန်သည်
Print this post

No comments:
Post a Comment