အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့ လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး “ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲ?” လို့ အော်ဟစ် အကူအညီတောင်းလိုက်တယ်။
ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့ ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့် ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။
ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး ငွေစက္ကူတစ်ရွက်ကို အလျှင်အမြန်ထုတ်ပြီး “ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့် ဘေးလူတစ်ယောက်က “ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။ အဲဒီအချိန်မှာ ကလေးငယ်တစ်ဦးက ထွက်လာပြီး “ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။
ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင် မကြာတဲ့အချိန်နဲ့ ကားအောက်ကထွက်ပြီး ကားပိုင်ရှင်ကို မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက “ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။
ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။ ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေတစ်ချို့ထပ်ပေါင်းပြီး ကလေးကို ကမ်းပေးပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး “ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့ အော်လိုက်တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ အကျိုးအမြတ်ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့ “ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက် မေးပြန်တယ်။
“ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ” လို့ ကလေးက ပြန်ပြောလိုက်တယ်။
လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။ တူညီတဲ့အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့နားလည်မှုကို အဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ကြားက အထင်အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်...
တစ်ခါက တရားနဲ့ကျင့်ကြံနေထိုင်တဲ့ သူတော်စင်တစ်ဦးရှိခဲ့တယ်။ တစ်နေ့မှာ အိမ်တစ်အိမ်က မိန်းမငယ်လေးတစ်ယောက် လင်ကောင်မပေါ်ဘဲ ကိုယ်ဝန်ရှိခဲ့တယ်။ မိဘတွေက စိတ်တိုဒေါသထွက်ပြီး တရားခံကို လိုက်စစ်မေးတော့ မိန်းမငယ်က ကြံရာမရတဲ့အဆုံးမှာ သူတော်စင်ကို လက်ညှိုးထိုး ပုံချလိုက်တယ်။ မိဘတွေက သူတော်စင်ကို အပြစ်ဖို့ ရန်ရှာခဲ့ပေမယ့် သူတော်စင်က နှုတ်ဆိတ်ပြုံးနေခဲ့တယ်။ သူတော်စင်ရဲ့ မစင်ကြယ်တဲ့စိတ်ကြောင့် ဖြစ်လာရတယ်ဆိုပြီး မွေးလာတဲ့ကလေးကို မိဘတွေက သူတော်စင်ကို ပေးလိုက်တယ်။ သူတော်စင်က ဘာမှပြန်မပြောဘဲ ကလေးကို လက်ခံမွေးစားလိုက်တယ်။
တစ်နှစ်ကြာတော့ မိန်းမငယ်လေးက သည်းမခံနိုင်တဲ့အဆုံး ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အမှန်ကို မိဘတွေဆီ ရင်ဖွင့်လိုက်တယ်။ ကလေးက သူတော်စင်နဲ့ ဘာမှမပတ်သက်ခဲ့ပါဘူး။ မိဘတွေက အားနာနာနဲ့ ကလေးကို ပြန်ခေါ်တဲ့အချိန်မှာလည်း သူတော်စင်ဟာ ဘာမှဖြေရှင်းမနေဘဲ ပြုံးလို့သာနေခဲ့တယ်။ အဲဒီနောက် မဟုတ်မမှန်တဲ့ သတင်းတွေကြောင့် နာမည်ပျက်နစ်နာသွားတဲ့ သူတော်စင်ရဲ့ဂုဏ်သတင်းဟာ ပိုမိုမွှေးပျံ့လာပြီး လူတွေပိုရိုသေ လေးစားလာခဲ့ကြတယ်။
မဟုတ်မမှန်သတင်းရဲ့ စီးကြောင်းက အသိဥာဏ်ရှိသူထံရောက်ရင် အဆုံးသတ်စမြဲပဲ။ ဒါကြောင့် သူတစ်ပါးရဲ့ အထင်မမြင် လွဲမှားတဲ့စကားကို ယူပြီး ကိုယ့်ကိုယ် စိတ်အနှောင့်အယှက် မပေးပါနဲ့။ အထင်မမြင် လွဲမှားမှုကို ဘာသာစကားနဲ့ ဖြေရှင်းလို့ ရနိုင်သလို ဘာသာစကားနဲ့ ဖြေရှင်းလို့ မရတဲ့လွဲမှားမှုကိုလည်း အပြုအမှု၊ အလုပ်နဲ့ သက်သေပြနိုင်ပါတယ်။
ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
ကိုယ်ကို ထိုးနှက်တွန်းချခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
ကိုယ့်ကို ကဲ့ရဲ့လှောင်ပြောင်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။သူ့ကြောင့် ကိုယ်ပိုရင့်ကျက် ခဲ့လို့ပါပဲ။
ကိုယ့်ကို မဟုတ်မမှန် သတင်းလွှင့်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ပြုံးပြနှုတ်ဆက်လိုက်ပါ။ သူ့ကြောင့် ကိုယ်စာနာတတ်ခဲ့ လို့ပါပဲ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်
Print this post

No comments:
Post a Comment