Thursday, July 31, 2008

အိပ်မက် တစ်ခုကြောင့်


သူဟာ ဟန်ဂေရီ (Hungary)ရဲ့ မြို့တော် Budapest မှာ မွေးဖွားခဲ့တဲ့ သစ်ကုန်သည် တစ်ဦးရဲ့ သားဖြစ်တယ်။ ငယ်ငယ်ကတည်းက တုံးအခဲ့လို့ လူတွေက သူ့ကို “ငတုံး” လို့ ခေါ်ကြတယ်။ ၁၂ နှစ်အရွယ်ရောက်တော့ တစ်ညမှာ သူအိပ်မက် တစ်ခုမက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူရေးထားတဲ့ စာကို နိုဘယ်လ်က ကြိုက်မိလို့ ဘုရင်တစ်ပါးက သူ့ကို ဆုချတဲ့အကြောင်းဖြစ်တယ်။ အိပ်မက်မက်ပြီး တစ်ခြားလူတွေကို သူ့အိပ်မက် အကြောင်း ပြောပြချင်ပေမဲ့ လှောင်ရီကြမှာစိုးလို့ သူ ဖွင့်မပြောပြရဲခဲ့ဘူး။ နောက်မှ မိခင်ကို သူ ပြောပြလိုက်မိတယ်။

မိခင်က “ဒါဟာ သား တစ်ကယ်မက်ခဲ့တဲ့ အိပ်မက်ဖြစ်မယ်ဆိုရင် သားမှာ ထွက်လမ်းရှိပြီ။ မေမေကြားဖူးတာက ဘုရားသခင်ဟာ လူတစ်ယောက်ရဲ့ စိတ်ထဲ စိတ်ကူး အိပ်မက်တစ်ခု ထည့်ပေးလိုက်ပြီဆိုရင် အဲဒီအိပ်မက်ကို အကောင်အထည်ပေါ်အောင် အကူအညီ ပေးတယ်တဲ့” လို့ ပြောတော့ မိခင်စကားကို ယုံကြည်ပြီး သူဟာ စာရေးခြင်းကို နှစ်သက်သွားခဲ့တယ်။

“ဒီအစမ်းအသပ်ကို ငါခံနိုင်ရင် ဘုရားသခင်က ငါ့ကို ကူညီမှာပဲ” ဒီယုံကြည်ချက်နဲ့ သူဟာ စာတွေကို စရေးတော့တယ်။

၃နှစ်လွန်သွားတယ်။ ဘုရားသခင် ရောက်မလာခဲ့ဘူး။ နောက် ၃နှစ် လွန်သွားပြန်တယ်။ ဘုရားသခင် ရောက်မလာခဲ့ပြန်ဘူး။ သူ့ကို ကူညီဖို့ ဘုရားသခင်ရဲ့ အလာကို သူမျှော်နေတုန်းမှာ ဟစ်တလာရဲ့ စစ်တပ်က အရင်ရောက်လာခဲ့တယ်။ ဂျူးလူမျိုးဖြစ်တဲ့ သူ ၁၉၄၄မှာ နာဇီတို့ရဲ့ အဖမ်းကို ခံရပြီး Konzentrationslager Auschwitz-Birkenau ကို အပို့ခံလိုက်ရတယ်။

ဂျူးလူမျိုးတွေ ၆ မီလီယံ အသတ်ခံရတဲ့ အထဲမှာ သူလွတ်မြောက်ခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ သူ့ရဲ့ ပထမဦးဆုံး ၀တ္ထုဖြစ်တဲ့ Sorstalanság (Fateless) ကို သူရေးသားခဲ့တယ်။ အဲဒီနောက်ပိုင်း ၀တ္ထုအမြောက်အမြား သူရေးသားခဲ့တယ်။

ဘုရားသခင်ရဲ့ အကူအညီကို သူမျှော်လင့် မနေတော့တဲ့အချိန်မှာ The Royal Swedish Academy က၂၀၀၂ နိုဘယ်လ် စာပေဆုကို Imre Kertész က ရကြောင်း ကြေညာလိုက်တယ်။ အဲဒီနာမည်ကို ကြားတော့ သူအံ့သြတုန်လှုပ်သွားခဲ့မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည် ဖြစ်နေလို့ပါပဲ။

Imre Kertész (November 9, 1929- )

နာမည် သိပ်မရှိတဲ့ ဒီစာရေးဆရာ နိုဘယ်လ်ဆုရတာကို ဘယ်လို ခံစားရပါသလဲလို့ လူတွေက မေးကြတော့ “ဘယ်လိုမှ မခံစားရပါဘူး။ ကျွန်တော် သိတာက “ကျွန်တော် ဒါကိုပဲ လုပ်ချင်တယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ မမှုဘူး” လို့ လူတွေပြောတဲ့အခါ ဘုရားသခင်က အခြားအရာ တစ်ခုခုအဖြင့် ဖန်ဆင်းပြီး လာကူညီတယ်ဆိုတာကိုပဲ” လို့ သူပြောခဲ့တယ်။

စိတ်ထဲက အိပ်မက် စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ မကြောက်နဲ့။ ကျဆုံးခြင်းတွေ ရှိပေမဲ့လည်း တစ်နေ့မှာတော့ အောင်မြင်ခြင်းက ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့မှာပါ

Print this post

No comments: