Wednesday, July 30, 2008

အသက်ကယ်အိတ်....

ရွာတစ်ရွာမှာ မိသားစုတစ်စုရှိတယ်။ အဲဒီမိသားစုမှာ ထုံထုံအအ သားလေးတစ်ယောက်ရှိတယ်။ ထုံအတဲ့သားပေမယ့် မိဘတွေရဲ့အချစ်က လျော့မသွားဘူး။ ကျောင်းတက်တဲ့အရွယ်ရောက်တော့ သားကို ကျောင်းပို့ခဲ့ကြတယ်။ အတန်းသားတွေက သူကို “လူတုံး၊ လူအ” ဆိုပြီး ၀ိုင်းအနိုင်ကျင့်ကြတယ်။ လူတွေသူ့ကို ဘယ်လိုပဲ လှောင်ရီပါစေ သူစိတ်မဆိုးခဲ့ဘူး။ လှောင်ရီသူတွေကိုပဲ သူရှောင်ခဲ့တယ်။

တုံးတုံးအအ သူ့ဆီမှာ အကျင့်တစ်ခုရှိတယ်။ အဲဒီအကျင့်က တွေ့သမျှပစ္စည်းတွေ အင်္ကျီအိတ်ထဲကောက်ထည့်ပြီး အိမ်ယူသွားတတ်တဲ့ အကျင့်ဖြစ်တယ်။ အိမ်ပြန်ရောက်တိုင်း အမေက တံခါးဝမှာ ဆီးကြိုပြီး သူ့အိတ်ကို စစ်တတ်တယ်။ အိတ်ကိုရှင်းပြီးမှ သူ့ကိုအိမ်ထဲ ၀င်ခွင့်ပြုတယ်။ တံခါးဝမှာ အမေ စောင့်မနေတဲ့နေ့ဆိုရင် ကောက်ခဲ့သမျှ ပစ္စည်းကို ခေါင်းအုံးဘေးမှာထားပြီး သူအိပ်တယ်။ အဲဒီလိုအကျင့်ဆိုးကြောင့် အမေမကြာခဏ စိတ်ညစ်ရတယ်။

တစ်နေ့မှာ ကျောင်းကပြန်လာတဲ့သူ့ကို အမေဆီးလို့ကြိုခဲ့တယ်။
“ဒီနေ့ ဘာတွေကောက်ခဲ့သလဲ” လို့ အမေလက်ဖြန့်တောင်းတော့ သူနောက်ဆုတ်မိတယ်။ နေ့တိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကောက်ခဲ့တတ်တဲ့အကျင့်ကြောင့် စိတ်ညစ်နေတဲ့အမေက အိတ်အရှာမခံလို့ စိတ်တိုသွားတယ်။ ရှေ့တိုးပြီး သူ့အိတ်ကို ဆွဲမယ်ပြင်လိုက်ရင် သူကအိတ်ကို လက်နဲ့ဖိပြီး နောက်တစ်လှမ်းဆုတ်လိုက် လုပ်နေခဲ့တယ်။ အမေအတင်းဆွဲကြည့်တော့ ဥကပေါက်စ မျက်စိတောင် မဖွင့်နိုင်သေးတဲ့ ငှက်ကလေးတစ်ကောင်ကို တွေ့လိုက်မိတယ်။

အမေက သူ့နားကပ်ပြီး “သား... ဒီနေ့က ဗုဒ္ဓနေ့၊ နေ့ကောင်းရက်ကောင်းဖြစ်တဲ့နေ့ သူတစ်ပါး အသက်ကို မသတ်ကောင်းဘူး သိလား။ ငှက်ကလေးကို လွတ်လိုက်နော်.. သူ့ဘာသာ လွတ်လွတ်လပ်လပ်နေပါစေ” လို့ ပြောလိုက်တော့ သားက အမေ့စကားအတိုင်း ငှက်ကို လွတ်ပေးမယ်လုပ်တော့ အမေက သားအင်္ကျီပေါ်မှာ အပေါက်လေးတစ်ခုကို သွားတွေ့မိတယ်။

“ခဏလေးသား... အင်္ကျီချွတ်လိုက် အမေ အပေါက်ဖာပေးမယ်” လို့ ပြောပြီး သားအင်္ကျီကို လှမ်းတောင်း လိုက်တယ်။ တစ်လက်စတည်း အင်္ကျီအိတ်ကပ်ဝကိုပါ အသေချုပ်လိုက်ရင် နောက်ဆို သူပစ္စည်းတွေ ကောက်ကောက်ပြန်လာတတ်တော့မှာ မဟုတ်ဘူးလို့ အမေက တွေးမိတယ်။

သားအင်္ကျီကို အပ်နဲ့တစ်ချက်ချင်း အမေချုပ်နေခဲ့တယ်။ ချုပ်ပြီးလို့ သားကို အင်္ကျီဝတ်ဖို့ခေါ်တော့ သားကို မတွေ့တော့ဘူး။ အ၀တ်မပါဘဲ ဘယ်များထွက်သွားပါလိမ့်လို့ အမေစိတ်ပူတော့တယ်။ တစ်အောင့်ကြာတော့ ဘုန်းကြီးကျောင်းသွားတဲ့ ယောက္ခမပြန်လာပြီး “ကလေးကို အ၀တ်မပါဘဲ ဘာလို့ဘုန်းကြီးကျောင်း လွတ်လိုက်တာလဲ” လို့ ချွေးမကို ဆူပူတော့တယ်။ ဒီကလေး ဘုန်းကြီးကျောင်းသွားပြီး ဘာသွားလုပ်ပါလိမ့်လို့ တွေးပြီး လိုက်ခေါ်ဖို့ အမေထွက်လာတော့ အိမ်နောက်ဖေး ဂိုဒေါင်မှာ သားအသံကို ကြားလိုက်မိတယ်။ ဂိုဒေါင်နားသွားကြည့်တော့ ငှက်ကလေးကို သောက်တော်ရေ တိုက်နေတဲ့ သားကိုတွေ့လိုက်တယ်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ “ငှက်ကလေးရေ.. ဒီရေကို သောက်လိုက်ပါ။ ဘုရားက မင်းကို ကာကွယ်စောင့်ရှောက်လိမ့်မယ်။ မျက်လုံးဖွင့်ပြီး မြန်မြန်ကြီးလာအောင် ကြိုးစားနော်။ ပြီးရင် မင်းအမေကို သွားရှာပါ ငှက်ကလေး” လို့ ရေရွတ်နေတယ်။

အမေက အဲဒီအဖြစ်ကို ကြည့်ပြီး ရယ်ရမလို ငိုရမလိုဖြစ်နေခဲ့တယ်။ တုံးတိတုံးအ သားမှာလည်း သတ္တ၀ါကို ကြင်နာတတ်တဲ့ နှလုံးသားရှိတတ်သားပဲ... သားရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကြောင့် အသေချုပ်လိုက်တဲ့ အင်္ကျီအိတ်ကို အမေ ချုပ်ကြိုးပြန်ဖြည်လိုက်တယ်။ သားရဲ့အိတ်ကပ်ဟာ အသက်ကယ်တဲ့ အိတ်လေးဖြစ်ပါစေ...

လူတုံးလူအလို့ အကဲ့ရဲ့ခံရပေမယ့် ကဲ့ရဲ့သူတွေကို အပြစ်မမြင်ခဲ့တဲ့သားမှာ အသက်တစ်ချောင်းကို တန်ဖိုးထားရကောင်းမှန်း သိခဲ့တယ်။

ဘုန်းကြီးကျောင်းသွားပြီး သီလယူတဲ့ ယောက္ခမက အကျိုးအကြောင်းကို အရင်ခွဲခြားသိအောင် မလုပ်ဘဲ ချွေးမကို ဆူပူဖို့ပဲသိခဲ့တယ်။

ကိုယ်မွေးတဲ့ သားသမီးတွေက ထက်မြက်ပါစေ၊ တုံးအပါစေ သူတို့တွေကို အမေတန်းတူချစ်ခဲ့တယ်။ တန်းတူပြုစုပျိုးထောင်ခဲ့တယ်။ ဒါပေမယ့် မိခင်စိတ်နဲ့ သားသမီးကို ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေကို စိုးရိမ်စိတ်နဲ့ ကန့်သတ်ထားတာတွေ ရှိတတ်တယ်။ ဒါကြောင့် အကောင်း၊ အဆိုးကို အရင်ခွဲခြားမြင်နိုင်အောင် ကြိုးစားပြီး အသေချုပ်ကိုင်ထားတဲ့ ကန့်သတ်မှုတွေကို အိတ်ကပ်က ချုပ်ရိုးလို ဖြည်ပေးပြီး သူတို့ရဲ့ အကြင်နာစိတ်တွေ ပြန့်လွှင့်ဖို့ အခွင့်ပေးလိုက်တာဟာ အကောင်းဆုံးဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: