“စင်ဒရဲလား” ပုံပြင်ကို လူတိုင်းဖတ်ဖူး၊ ကြားဖူး၊ ကြည့်ဖူးကြမှာပါ။ “စင်ဒရဲလား” ပုံပြင်ကို အနောက်နိုင်ငံ အမေရိကားမှာရှိတဲ့ ကျောင်းတစ်ကျောင်းက ဆရာမ တစ်ဦးက သူ့အတန်းသားတွေကို ဒီလို ပြောပြခဲ့ပါသတဲ့....
ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာမက ကလေးတစ်ယောက်ကို အတန်းရှေ့ ထွက်ပြီး “စင်ဒရဲလား” ပုံပြင်ကို အပြောခိုင်းခဲ့တယ်။ ကလေးလေးက အလွတ်နီးပါးရနေတဲ့ ပုံပြင်ကို အတန်းသားအားလုံး ကြားအောင် ပြောလိုက်တယ်။ ပုံပြင်ပြီးတော့ ဆရာမက မေးခွန်းစထုတ်တော့တယ်။
ဆရာမ...... ကလေးတို့ ပုံပြင်ထဲက ဘယ်သူ့ကို ကြိုက်လဲ? ဘယ်သူ့ကို မကြိုက်ဘူးလဲ..?ဘာကြောင့်လဲ ဆိုတာ ဆရာမကို ပြောပြပါ။
ကလေးများ ...... စင်ဒရဲလားကို ကြိုက်တယ်။ ပြီးတော့ မင်းသားကိုကြိုက်တယ်။ မိထွေးနဲ့ သူ့သမီးကို မကြိုက်ဘူး။ စင်ဒရဲလားက စိတ်သဘောထားကောင်းတယ်။ လှတယ်။ မိထွေးနဲ့သမီးက သူ့အပေါ် မကောင်းကြဘူး။
ဆရာမ ..... တကယ်လို့ ည(၁၂)နာရီမှာ စင်ဒရဲလားက မြင်းရထားပေါ် အချိန်မီ မရောက်ခဲ့ရင် သူဘာဖြစ်သွားနိုင်သလဲ..? ကလေးတို့ တွေးကြည့်မိကြလား..?
ကလေးများ ..... စင်ဒရဲလားက အ၀တ်အစား အစုတ်အပြတ်နဲ့ နဂိုညစ်ပတ်တဲ့ ရုပ်ပြောင်းသွားနိုင်တယ်။ ဟာ.. အဲဒီလိုဆိုရင် မတွေးဝံ့စရာပဲ။
ဆရာမ .... ဒါကြောင့် ကလေးတို့လည်း အချိန်ကို လေးစားတဲ့လူဖြစ်ရမယ်နော်။ နို့မဟုတ်ရင် ကိုယ့်အတွက် အနှောင့်အယှက်တွေ ဖြစ်ကုန်လိမ့်မယ်။ နောက်တစ်ခု မိန်းကလေးတွေ သတိထားရမှာက အရွယ်ရောက်လာရင် ကိုယ့်အပြင်အဆင်ကို သတိထားရမယ်။ ကြည့်ရရုပ်ဆိုးတဲ့ အပြင်အဆင်ဆိုရင် ကောင်လေးတွေ လန့်ပြီး မူးလဲသွားနိုင်တယ်။
ဆရာမ .... ကောင်းပြီ။ နောက်မေးခွန်းတစ်ခုက တကယ်လို့ ကိုယ်ဟာ စင်ဒရဲလားရဲ့ မိထွေးဖြစ်ခဲ့ရင် ညစာစားပွဲမှာ မင်းသားနဲ့ကဖို့ စင်ဒရဲလားကို ခွင့်ပြုမလား..? ခွင့်မပြုဘူးလား..? ကလေးတို့ရဲ့ အဖြေတွေ ရိုးသားရမယ်နော်...
(ခဏလောက် တိတ်ဆိတ်သွားပြီး ကလေးတစ်ယောက်က လက်ထောက်ပြတယ်)
ကလေး ..... တကယ်လို့ ကျွန်မသာ စင်ဒရဲလားရဲ့ မိထွေးဖြစ်ခဲ့ရင် စင်ဒရဲလားကို ညစာစားပွဲသွားဖို့ ခွင့်မပြုဘူး။
ဆရာမ ... ဘာဖြစ်လို့လဲ?
ကလေး ..... ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်သမီးကို ပိုချစ်လို့.. ကိုယ့်သမီးကိုပဲ မင်းသားနဲ့ ရစေချင်လို့...
ဆရာမ... ဟုတ်တယ်။ လူတွေက မိထွေးလို့ဆိုလိုက်ရင် မကောင်းတဲ့လူလို့ပဲ မြင်ကြတယ်။ မိထွေးဆိုတာ တစ်ခြားလူအပေါ်မှာသာ မကောင်းတာ ကိုယ့်သားသမီးအပေါ်မှာတော့ ကောင်းကြတာပဲ။ ကလေးတို့ သဘောပေါက်ကြလား.. မိထွေးဆိုတာ လူဆိုးမဟုတ်ဘူး။ သူတို့က တစ်ခြားကလေးတွေကို ကိုယ့်သားသမီးလောက် မချစ်နိုင်သေးတာ တစ်ခုပဲ။
နောက်မေးခွန်းတစ်ခုက စင်ဒရဲလားကို သူ့မိထွေးက တံခါးပိတ် သော့ခတ်ထားပါရက်နဲ့ ဘာဖြစ်လို့ ညစာစားပွဲ သွားနိုင်ပြီး အဲဒီညမှာ သူအလှဆုံးဖြစ်နေရတာလဲ...?
ကလေးများ .... နတ်သမီးတစ်ပါးက ကူညီလို့ပါ။ နတ်သမီးက သူ့ကို လှပတဲ့ အ၀တ်အစားတွေ ဆင်ပေးတယ်။ ဖရုံသီးကို မြင်းရထားလုပ်ပေးတယ်။ ကြွက်တွေကို မြင်းဖြစ်အောင် လုပ်ပေးခဲ့လို့ပါ။
ဆရာမ .. သိပ်မှန်တဲ့ အဖြေတွေပေါ့။ တကယ်လို့ နတ်သမီးရဲ့ အကူသာ မရခဲ့ရင် အဲဒီညစာစားပွဲကို သူသွားခွင့်ရမှာတောင် မဟုတ်ဘူး။ ဟုတ်တယ် မဟုတ်လား...?
ကလေးများ ... ဟုတ်ပါတယ် ဆရာမ။
ဆရာမ .... တကယ်လို့ ကြွက်တွေက သူ့ကိုမကူခဲ့ရင် အချိန်မီ အိမ်ကို သူပြန်ပြေးနိုင်ခဲ့မလား...?
ကလေးများ .... ပြန်ပြေးနိုင်ခဲ့မှာ မဟုတ်ဘူး။ ဟာ.. မင်းသားတော့ လန့်သွားမှာပဲ။
ဆရာမ .... စင်ဒရဲလားကို နတ်သမီးက ကူခဲ့တာမှန်တယ်။ ဒါပေမဲ့ နတ်သမီးရဲ့ အကူနဲ့ပဲ မလုံလောက်ခဲ့ဘူး။ ဒါကြောင့် ကလေးတို့လည်း ဘယ်ရောက်ရောက် သူငယ်ချင်းဆိုတာ လိုလာလိမ့်မယ်။ သူငယ်ချင်းဆိုတာ နတ်သမီးမှ မဟုတ်ဘူး။ ဆင်းရဲ ချမ်းသာမှ မဟုတ်ဘူး။ ကလေးတို့ သူငယ်ချင်းများများ ရဖို့ ဆရာမ မျှော်လင့်ပါတယ်။
ကလေးတို့ စဉ်းစားကြည့်စမ်း.. တကယ်လို့ စင်ဒရဲလားက သူ့မိထွေး သွားခွင့်မပြုတိုင်း မသွားဘဲ အဲဒီအခွင့်အရေးကို သူလက်လွတ်ခဲ့မယ်ဆိုရင် သူဟာ မင်းသားရဲ့ ကြင်ယာတော် ဖြစ်လာပါ့မလား...?
ကလေးများ .... ဖြစ်မလာနိုင်ပါဘူး။ သူသာ လက်လွတ်ခဲ့ရင် ညစာစားပွဲမှာ မင်းသားနဲ့ ဆုံနိုင်မှာ မဟုတ်သလို ကြင်ယာတော်လဲ ဖြစ်လာမှာ မဟုတ်ဘူး။
ဆရာမ .... မှန်လိုက်လေ။ တကယ်လို့် စင်ဒရဲလား ကိုယ်တိုင်ကလည်း မသွားချင်ဘူး။ သူ့မိထွေးကလဲ မတားခဲ့ဘဲ သူ့ကို သွားခွင့်ပြုလဲ အလကားပဲ။ ဒီပွဲကို သွားဖို့ ဘယ်သူက ဆုံးဖြတ်ခဲ့တာလဲ...?
ကလေးများ .... သူကိုယ်တိုင် ဆုံးဖြတ်ခဲ့ပါတယ် ဆရာမ။
ဆရာမ ... အေး ဒါကြောင့် မိဘလည်း မရှိ၊ မိထွေးလည်း မချစ်ခဲ့ပေမဲ့ သူ့ကိုယ်သူ ချစ်ဖို့တော့ စင်ဒရဲလားက မမေ့ခဲ့ဘူး။ သူ့ကိုယ်သူချစ်လို့ သူနဲ့ထိုက်တန်တယ်လို့ မျှော်လင့်ခဲ့တဲ့ အရာတွေကို သူလိုက်ရှာခဲ့တယ်။ ကလေးတို့ထဲက လူတွေငါ့ကို မချစ်ကြဘူး။ ငါဟာ စင်ဒရဲလားနဲ့ ဘ၀တူပါလားလို့ ထင်ခဲ့ရင် ဘာလုပ်ရမလဲ သိလား...?
ကလေးများ.. ကိုယ့်ကိုယ်ကို ချစ်ရမယ် ဆရာမ။
ဆရာမ ... သိပ်ဟုတ်တာပေါ့။ ကိုယ့်ကိုယ်ကို မချစ်ဖို့ ဘယ်သူကမှ လာတားဆီးလို့ မရဘူး။ လူတွေပေးတဲ့ အချစ်နဲ့ မလုံလောက်ဘူးထင်ရင် ကိုယ့်ကိုယ်ဆတိုးပြီး ပိုချစ်လိုက်၊ လူတွေက ကိုယ့်အတွက် အခွင့်အရေး မပေးဘူးဆိုရင် အခွင့်အရေးကို ဆတိုးပြီး လိုက်ရှာလိုက်။ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်အတွက် လိုအပ်တဲ့အရာကို ကိုယ်တိုင်ရှာဖွေကြမှာပဲ။ စင်ဒရဲလား ညစာစားပွဲကို တက်ရောက်ဖို့ ဘယ်သူမှ မတားနိုင်ခဲ့သလို ကြင်ယာတော် ဖြစ်လာဖို့လဲ ဘယ်သူမှ မတားနိုင်ခဲ့ဘူး။ ကိုယ်တိုင်က လွဲလို့ပေါ့။ ဟုတ်တယ် မဟုတ်လား...?
ကလေးများ... ဟုတ်ပါတယ် ဆရာမ။
ဆရာမ .... နောက်ဆုံး မေးခွန်းက ဒီပုံပြင်မှာ ဘယ်အရာက မဖြစ်နိုင်သလဲ..
ကလေးများ .... ည (၁၂)နာရီ နောက်ပိုင်း အရာအားလုံးဟာ နဂိုအတိုင်းဖြစ်သွားတယ် ဆိုပေမဲ့ စင်ဒရဲလားရဲ့ ဖိနပ်က နဂိုအတိုင်း ဖြစ်မသွားဘူး။
ဆရာမ.... ကလေးတို့ အရမ်းတော်တာပဲ။ ဒါကြောင့် ကြည့်စမ်း အရမ်းတော်ပါတယ်ဆိုတဲ့ စာရေးဆရာတွေတောင် မှားတတ်ကြသေးတာပဲ။ ဒါကြောင့် အမှားလုပ်မိတယ်ဆိုတာ ကြောက်စရာကောင်းတဲ့ အရာမဟုတ်ဘူး။ ကလေးတို့ထဲက နောက်တစ်ချိန် စာရေးဆရာဖြစ်လာမဲ့သူတွေ ဒီပုံပြင်ရေးတဲ့ စာရေးဆရာထက် ပိုတော်မယ်လို့ ဆရာမ ယုံကြည်တယ်။
ကလေးတွေရဲ့ လက်ခုပ်သံက ဟိန်းပြီး ထွက်လာတယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
(အင်တာနက်ပေါ်မှာ ဖတ်မိတာလေးပါ။ ပုံပြင်ကြိုက်သူများကို မျှဝေပါတယ်)
No comments:
Post a Comment