Sunday, August 3, 2008

ဘယ်လိုလူမျိုးလဲ


ဆရာမ တစ်ဦးက မိမိ၏အတန်းသားများ အမြဲ မသင့်မမြတ် ဖြစ်နေသည်ကို သတိပြုမိသောကြောင့် ကစားနည်းတစ်ခု ကစားရန် အကြံထုတ်လိုက်သည်။ ကျောင်းသားများကို စာရွက်တစ်ရွက်စီ ဝေပြီး ကန့်သတ်ထားသည့် အချိန်အတွင်း မိမိမကြိုက် မနှစ်သက်သည့် အတန်းသားများ၏ နာမည်စာရင်းကို ထိုစာရွက်ပေါ်တွင် ချရေးစေသည်။

ကျောင်းသားအချို့က စာရွက်ရသည်နှင့် မိမိမနှစ်သက်သော နာမည်စာရင်းကို စဉ်းစားစရာပင် မလိုဘဲ ချရေးလိုက်သည်။ ကျောင်းသားအချို့က တစ်ယောက် သို့မဟုတ် တစ်ယောက်မှ စဉ်းစားလို့ မရတာလဲရှိသည်။

ဆရာမက ရလာသော အဖြေများကို ဆန်းစစ်ကြည့်သော် နာမည်အများဆုံး ရေးနိုင်သော ကျောင်းသားမှာ လူအများ မနှစ်သက်ဆုံးသောသူဖြစ်ပြီး နာမည်တစ်လုံးသာ ရေးထားသော သို့မဟုတ် တစ်လုံးမှ ရေးမထားသော ကျောင်းသားများကို မနှစ်သက်သောသူ နည်းပါးကြောင့် သတိပြုမိသည်။ ထိုကြောင့် ဆရာမက “တစ်ပါးသူအပေါ် ထားရှိသော သင်၏ ထင်မြင်ဝေဖန်မှုသည် တစ်ပါးသူက သင့်အပေါ် ထားရှိသော ထင်မြင်ဝေဖန်မှုနှင့် ထပ်တူကျသည်” ဟု ကောက်ချက်ချသည်။

သင်မနှစ်သက်သောသူသည် သင့်ဆီမှ မရင်းနှီးသော အငွေ့အသက်ကို ရှုရှိုက်မိပြီး သင့်အားလည်း ထိုနည်း၎င်း ပြုမှုဆက်ဆံနိုင်သည်။ သင်လက်သီးနှင့် ထိုးလိုက်သော လူတစ်ယောက်၏ မျက်နှာပေါ်တွင် ရင်းနှီးသော အပြုံးကို သင် ကြိုးစားရှာဖွေနေပါသလား....? လူလူချင်း ဆက်ဆံမှုသည် တောတောင်ထဲက ကြားရသော ပဲ့တင်သံနှင့်တူသည်။ သင်ပြုသမျှ ရောင်ပြန် ပဲ့တင် ပြန်ဟပ်မည်ပင်။ လူအများနှစ်သက်သော သူဖြစ်ချင်ပါမှု လူအများကို အရင်ဆုံး နှစ်သက်သင့်သည်။ လူအများ၏ နှစ်သက်မှုကို ခံယူဖို့ လုပ်ဆောင်ရန်မှာ မခက်ခဲပါ။ ချီးမွမ်းစရာပြောဖို့ မတွန့်တိုပါနှင့်။ မျက်နှာအား အပြုံးဆင်ရန် မမေ့ပါနှင့်။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: