နိုင်ငံခြားမှာ ကျောင်းသွားတက်မဲ့ သမီးကို အမေက ပုလဲတစ်လုံး လက်ဆောင်ပေးပြီး ဆုံးမစကား ပြောပါတယ်။
“မေမေတို့ မွေးထားတဲ့ ကမာကောင်ရဲ့ ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေး လိုက်ချိန်မှာ ကမာတွေ အရမ်းအနေရ ခက်ကြတယ်။ ဒါပေမဲ့ သဲတွေကို ထွေးထုတ်ဖို့လဲ သူတို့မှာ အင်အားမရှိကြဘူး။ ဒါကြောင့် ကမာတွေက လူတွေကို အပြစ်ဆို ညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူ ပေါင်းစပ်ပြီး အသွေးတူ၊ အရည်တူဖြစ်အောင်လုပ်မလား...? ဆိုတဲ့ လမ်းနှစ်ခုကို ရွေးကြရတယ်။
အဲဒီလိုနဲ့ ကမာတွေက ကိုယ့်အတွက် ခွန်အားဖြစ်စေတဲ့ အာဟာရတစ်ချို့နဲ့ သဲကိုထုပ်လိုက်တယ်။ အထုပ်ခံရတဲ့ သဲကို ကိုယ့်အသွေး၊ ကိုယ့်အရည် တစ်ပိုင်းတစ်စလို့ သတ်မှတ်လိုက်တယ်။ သဲကိုထုပ်တဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းများလေ သဲကို ကိုယ့်အသွေး၊ အသား တစ်ပိုင်းတစ်စလို့ သတ်မှတ်လေဖြစ်ပြီး ကမာတွေက သဲနဲ့အတူ စိတ်ချမ်းချမ်းသာသာ နေကြတော့တယ်”
ကမာကောင်ဆိုတာ ဦးနှောက်မရှိတဲ့ ကျောရိုးမဲ့ သတ္တ၀ါဖြစ်ပြီး ပြောင်းလဲနှုန်းဟာလဲ နှေးကွေးကြတယ်။ ဦးနှောက်မရှိတဲ့ ဒီလိုသတ္တ၀ါကတောင် ကိုယ်ပြောင်းလဲလို့ မရနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင့်လျှော်အောင် နေထိုင်တတ်တယ်။ ကိုယ့်ကို စိတ်ညစ်၊ စိတ်ဒုက္ခပေးတဲ့ အရာကို လက်ခံနိုင်တဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်အောင် ပြောင်းလဲခဲ့တယ်။ လူတွေက ကမာကောင်လောက်တောင် အသိဥာဏ် မရှိနိုင်တော့ဘူးလား? ပုလဲဖြစ်စဉ်တွေကို ကြားဖူးနားဝရှိပါတယ်။ ဒါပေမဲ့ ကမာဖက်ကနေ တစ်ခါမှ မခံစားခဲ့မိဘူး။
“Karl Paul Reinhold Niebuhr” ရဲ့ ဆုတောင်းကျမ်းစာထဲက စာသားတစ်ခုက “ဘုရားသခင်.. တည်ငြိမ်တဲ့စိတ်နဲ့ ပြုပြင်ပြောင်းလဲလို့ မရနိုင်တဲ့ အရာတွေကို လက်ခံနိုင်အောင် ကျွန်တော်တို့ကို ကြီးမားကျယ်ပြန့်တဲ့ စိတ်သဘောထားနဲ့ ရက်ရောမှုကိုပေးပါ။ ပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့ အရာတွေကို ပြောင်းလဲခွင့်ရအောင် ကျွန်တော်တို့ကို သတ္တိတွေပေးပါ။ ပြုပြင်ပြောင်းလဲလို့ ရနိုင်တာနဲ့ မရနိုင်တာကို ခွဲခြားသိမြင်တတ်အောင် ကျွန်တော်တို့ကို အသိဥာဏ်တွေ ပေးသနားလှည့်ပါ” လို့ ဆိုပါတယ်။ လူ့ဘ၀မှာ အမြဲတမ်း စိတ်တိုင်းမကျတာတွေ၊ စိတ်ညစ် စိတ်ပျက်စရာတွေနဲ့ ပြည့်နေတတ်တယ်။ အဲဒီအရာတွေကို ကမာကောင်လို ကိုယ်နဲ့အတူပေါင်းစပ်ပြီး စိတ်ပျော်ရွှင်အောင် လုပ်နိုင်ဖို့ ခက်ခဲပါတယ်။
Original from: http://www.youthwant.com.tw
အပေါ်ကစာတွေနဲ့ ဆိုင်လား မဆိုင်လားတော့ မသိဘူး။ ကျွန်မအဖြစ်လေး ပြောပြချင်လို့ပါ။ စနေသမီး စိတ်မာတယ်၊ ဒေါသကြီးတယ်၊ ရေတက်၊ နေတက်မှာမွေးရင် ပိုဆိုးတယ်ဆိုတဲ့ အယူက မနက် ၆ နာရီကျော်မှာ မွေးတဲ့ စနေသမီး ကျွန်မအတွက် လုံးလုံးမဆိုင်သလိုပဲ။ စိတ်မြန်လက်မြန် ရှိတာကလွဲရင် ကျွန်မက သံယောဇဉ်ကြီးတာပါ။ အရင်တုန်းက မိသားစုနဲ့ သူငယ်ချင်းကြားမှာ အနောက်အပြောင်သန်ပြီး ပျော်ပျော်နေတတ်တဲ့ ကျွန်မရဲ့ စိတ်က ၁၉၉၉ခုနှစ် မေလကနေ စက်တင်ဘာလ ၆လအတွင်း (အဘွား၊ အဘိုးနဲ့ အမေ) သုံးဦး ဆက်တိုက်ဆုံးပြီးနောက် လုံးဝကြီး ပြောင်းလဲသွားခဲ့ရတယ်။ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မကြုံ၊ မမြင်ခဲ့ရတဲ့ ကိစ္စတွေမို့ အမေဆုံးပြီဆိုတဲ့ စကားကို ကျွန်မလုံးလုံး လက်မခံနိုင်ဖြစ်ခဲ့တယ်။
အဲဒီနောက် စိတ်ဓာတ်တွေကျကျပြီး လူပါ ပိန်ချုံးသွားတော့တယ်။ အရာရာကို မယုံကြည်ရဲလောက်အောင် ဖြစ်ခဲ့တယ်။ အဆိုးဆုံးက ဘာများထပ်ဖြစ်မလဲဆိုတဲ့ စိတ်နဲ့ အိမ်က ဖုန်းလာမှာ၊ အိမ်ကို ဖုန်းဆက်ရမှာ အရမ်းကြောက်ခဲ့တယ်။ မြန်မာပြည်က ထွက်မလာခင် ပြုံးပြုံးရွှင်ရွှင်နဲ့ ရန်ကုန်အထိ လိုက်ပို့ခဲ့တဲ့ အဘွားနဲ့အမေတို့က နှစ်နှစ်ကျော်အတွင်းမှာ မရှိတော့ဘူးဆိုတာကို လက်မခံရဲအောင် ဖြစ်ခဲ့တယ်။ ဆေးပညာအရဆို စိတ်ကျရောဂါလို့ ပြောရမလား မသိဘူး... အဲဒီနှစ် ဒုတိယနှစ် ပထမနှစ်ဝက်မှာ ကျွန်မ စာမေးပွဲ (၄)ဘာသာ ကျခဲ့တယ်။ အားငယ်စိတ်တွေ အမြဲဝင်ပြီး ဘယ်အရာကိုမဆို အကောင်းမမြင်၊ မတွေးတော့ဘူး။ ညည စောင်ခေါင်းမြီးခြုံပြီး ခိုးငိုဖို့ပဲသိခဲ့တယ်။ ဒါကို ကုတင်ချင်းကပ်ရက် “အိအိ”က သိတော့ အဖြစ်မှန်ကို ရင်ဆိုင်ပါ။ လက်ခံပါ။ ရှောင်ပုန်းမနေပါနဲ့။ ဖြစ်လာသမျှ အကောင်းချည်းပဲမှတ်ဖို့ နားချပါတယ်။ တရားနဲ့ဖြေဖို့အတွက်လည်း ကျွန်မ ဘုရားစာတွေ မရပါဘူးး(
အဲလိုနဲ့ တတိယနှစ် နှစ်အဆုံးမှာ ကျွန်မနဲ့ကျောင်းတူတဲ့ လားရှိုးက ကောင်လေးတစ်ယောက်နဲ့ ခင်ခဲ့တယ်။ သူက ကျွန်မထက် အသက်ငယ်တယ်ဆိုပေမဲ့ အရာအရာတိုင်းကို အကောင်းမြင်တတ်တယ်။ ဖြစ်ခဲ့တာကို သူ မတွေးဘူး။ ဖြစ်လာမှာကို သူမစဉ်းစားဘူး။ လက်ရှိဖြစ်နေတဲ့အချိန်၊ ဖြစ်နေတဲ့နေရာမှာပဲ သူပျော်အောင်နေတယ်။ အရာရာကို ပေါ့ပေါ့တွေးတယ်၊ ပေါ့ပေါ့ကြည့်တယ်။ သူ့ကိုကြည့်လိုက်တိုင်း အမြဲတမ်း ပေါ့ပါးရွှင်လန်းနေတယ်။ သူ့ကို ရည်မှန်းချက်မရှိသူ၊ ပန်းတိုင်မရှိသူလို့ ကျွန်မ မကြာခဏပြောဖူးတယ်။ တကယ်တော့ သူ့လိုနေတတ်ဖို့က အင်မတန်ခက်ခဲပါတယ်။ သူ့ကြောင့် ကျွန်မရဲ့ စိတ်ဓာတ်နဲ့ အမြင်တွေ တဖြေးဖြေး မြှင့်တင်ပြောင်းလဲခဲ့တယ်ဆိုရင် မမှားပါဘူး။
ဒီလိုနဲ့ တစ်နေ့မှာ ထိုင်ဝမ်သူငယ်ချင်းတစ်ယောက်က ကျွန်မကို http://www.youthwant.com.tw ဒီဆိုက်လေး ညွှန်းလိုက်တယ် ဆိုပါတော့။ ပုံတွေ၊ စာတွေ အမျိုးစုံတင်ထားတဲ့ ဒီဆိုက်က စာတစ်ချို့ဟာ ကျနေတဲ့ ကျွန်မစိတ်ဓာတ်တွေ မြှင့်ပေးဖို့ အထောက်အကူပြုခဲ့တယ်။ အရင်တုန်းက သတင်းစာနဲ့ ကျောင်းစာကလွဲရင် တရုတ်စာကို သိပ်မဖတ်တဲ့ကျွန်မက အားတိုင်း ဒီဆိုက်ကစာတွေကို သွားသွားဖတ်ဖြစ်ခဲ့တယ်။ စိတ်ကို ဖြေးဖြေးချင်းဖြေတယ်။ ဆုံးတဲ့လူက ဆုံးပြီဆိုတာကို လက်ခံလာအောင် ကြိုးစားခဲ့တယ်။
တကယ်တော့ ရှင်သန်ဖို့အတွက် သစ်ပင်၊ ပန်းပင်တွေကမှ မြေသြဇာလိုတာ မဟုတ်ပါဘူး။ ဘ၀တစ်ခု ရှင်သန်ဖို့အတွက် စိတ်ဓာတ်မြေသြဇာကလည်း လိုပါသေးတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်မလား..? ၀မ်းနည်း ပူဆွေးခြင်း လောင်ရိပ်အောက်မှာ ရှင်သန်မလား? ဒါက ကိုယ်ပိုင်ရွေးချယ်မှုတွေပါ။ တကယ်တော့ ဒီဆိုက်ထဲက http://www.youthwant.com.tw စာတွေသွားသွားဖတ်တာ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်အတွက်ပဲဖြစ်တယ်။ ကံကြမ္မာဆိုးတွေက ကိုယ်မမျှော်လင့်တဲ့အချိန်၊ ကိုယ်မထင်မှတ်တဲ့ အချိန်မှာ မဖိတ်မခေါ်ဘဲ ရောက်ရောက်လာတတ်ကြတယ်။ ကိုယ်တိုင်လက်တွေ့ ကြုံဖူး၊ ဆုံဖူးသူတွေ ပိုခံစားနားလည်တတ်ကြမှာပါ။ ဒီလိုအဖြစ်မျိုးတွေကို တစ်ချိန်ချိန်မှာ လူတိုင်းလဲ ကြုံကြရမှာ ဧကန်မလွဲပါဘူး။ အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာသွားတာပါ။
တမင်ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ကံကြမ္မာရဲ့ အထိုးကို ခံရလိုက်၊ လဲကျသွားလိုက်၊ ပြန်ထလိုက်နဲ့ http://www.youthwant.com.tw ဒီဆိုက်က စာတွေ သွားသွားဖတ်ပြီး အကောင်းအဆိုးကို လက်ခံနိုင်အောင် ကျွန်မကြိုးစားနေပါတယ်။ အမှားပါရင် ခွင့်လွတ်ပေးပါ။
No comments:
Post a Comment