Wednesday, July 30, 2008

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ

တူညီတဲ့ မတူညီခြင်း

အုတ်နံရံစီနေတဲ့ ပန်းရံသမားသုံးယောက်ကို လူတစ်ယောက်က “ဘာလုပ်နေသလဲ” လို့ မေးလိုက်တယ်။ အမေးခံရတဲ့ ပထမ ပန်းရံသမားက “ခင်ဗျား မမြင်ဘူးလား. ကျုပ် အုတ်စီနေတာဗျာ” လို့ ဒေါနဲ့ ပြန်ဖြေလိုက်တယ်။

ဒုတိယ ပန်းရံသမားက “လှပတဲ့ တိုက်တစ်လုံးကို ကျွန်တော်ဆောက်နေပါတယ်” လို့ ပြန်ဖြေတယ်။ လေချွန်ပြီး အလုပ်လုပ်နေတဲ့ တတိယ ပန်းရံသမားက “လှပတဲ့ မြို့တစ်မြို့ကို ကျွန်တော်တည်နေပါတယ်” လို့ ပြန်ဖြေတယ်။

တူညီတဲ့ အလုပ်တစ်ခု၊ ပင်ပန်းတာချင်း အတူတူ တစ်ချို့က ပျော်ရွှင်တဲ့စိတ်နဲ့ ရင်ဆိုင်ကြတယ်။ အရာရာကို အကောင်းမြင်တတ်သူ၊ ပျော်ရွှင်စိတ်ရှိသူက သူတစ်ပါးထက် အမြဲစိတ်ချမ်းသာနေမှာ ဧကန်မလွဲပါ။

ပုလဲနှင့် သဲ

ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀မြင့်နေတဲ့ လူငယ်တစ်ဦးဟာ ဘွဲ့ရပြီးနောက် စိတ်ကြိုက်အလုပ်မရဘဲ ဖြစ်နေတယ်။ ငါ့လိုလူတော်တစ်ယောက် အသုံးတည့်တဲ့နေရာ မရှိတော့ဘူးလားလို့ တွေးပြီး လောကကို မျှော်လင့်ချက်မဲ့လာတယ်။ အလုပ်လျှောက်တိုင်း အပယ်ခံရတော့ ငါ့လို တော်ဝင်မြင်းတစ်ကောင်ကို စီးမဲ့လူ မရှိပါလားလို့ တွေးမိပြန်တယ်။ စိတ်အပျက်ကြီးပျက်ပြီး တစ်နေ့မှာ လူငယ်ဟာ ကိုယ့်ကိုယ်အဆုံးစီရင်ဖို့ ပင်လယ်ဘေးကို ရောက်လာခဲ့တယ်။

ပင်လယ်ထဲ ခုန်ချဖို့ ပြင်နေတုန်း အဘိုးအိုတစ်ဦး ရောက်လာပြီး သူ့ကိုကယ်တင်လိုက်တယ်။ ဘာဖြစ်လို့ ကိုယ့်ကိုယ်အဆုံးစီရင် ချင်ရသလဲလို့ အဘိုးအိုက မေးတော့ လူငယ်က သူနဲ့ သူ့ပညာကို လူတွေ၊ လူ့အဖွဲ့အစည်းတွေက အသိအမှတ် မပြုကြောင်းပြောတယ်။

လူငယ်စကားကို နားထောင်ပြီး အဘိုးအိုက ကမ်းခြေက သဲတစ်ပွင့်ကို ကောက်ယူပြီး လူငယ်ကိုပြတယ်။ နောက် သဲပွင့်ကို ပစ်ချလိုက်ပြီး လူငယ်ကို “ကျုပ်ပစ်ချလိုက်တဲ့ သဲပွင့်ကို ပြန်ကောက်ပေးလို့ ရမလား” လို့ မေးလိုက်တယ်။ လူငယ်က သဲကိုပြန်ကောက်ဖို့ မဖြစ်နိုင်ကြောင်းပြောတော့ အဘိုးအိုက ဘာမှပြန်မပြောဘဲ အိတ်ထဲက ပုလဲတစ်လုံးကို ယူပြီး လူငယ်ကို ပြလိုက်ပြန်တယ်။ နောက် ပုလဲကို ကမ်းစပ်ပေါ် ပစ်ချလိုက်ပြီး လူငယ်ကို ကောက်ခိုင်းပြန်တယ်။ သဲပေါ်ကျနေတဲ့ ပုလဲကို လူငယ်က ကောက်ယူလိုက်တယ်။

“ဘာကြောင့်ဆိုတာ သဘောပေါက်လောက်ပြီထင်တယ် သူငယ်။ သိထားဖို့က အခုအချိန်မှာ မင်းဟာ ပုလဲတစ်လုံး မဟုတ်သေးဘူး။ ဒါကြောင့် လူတွေအသိအမှတ်ပြုတာကို ရနိုင်သေးမှာမဟုတ်ဘူး။ လူတွေရဲ့အသိအမှတ်ပြုတာကို ခံချင်ရင် ကိုယ့်ကိုယ်ကို ပုလဲတစ်လုံးဖြစ်အောင် အရင်လုပ်ရလိမ့်မယ်” အဘိုးအိုရဲ့ဆုံးမစကားကို လူငယ်က ခေါင်းငုံ့နှုတ်ဆိတ်ပြီး နားထောင်နေတယ်။

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို တန်ဖိုးမြင့်မားတဲ့ ပုလဲတစ်လုံးအဖြစ် မမှတ်ယူဘဲ အဖိုးမရှိတဲ့ သဲတစ်ပွင့်အဖြစ် ခံယူတတ်ရမယ်။ လူတွေရဲ့ လျှစ်လျှူရှူတာကို မခံချင်ရင်၊ အတားအဆီး၊ ဆန့်ကျင်တာကို မခံနိုင်ရင် ပုလဲတစ်လုံးဖြစ်အောင် အရင်ကြိုးစားသင့်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Print this post

No comments: