(၁)
ရထားပေါ်မှာ လင်မယားနှစ်ယောက် ထိုင်နေတယ်။ ယောက်ျားဖြစ်သူက တည်တည်ငြိမ်ငြိမ် တရိုတသေရှိပေမဲ့ မိန်းမဖြစ်သူက တစ်လမ်းလုံး ငြူစူအပြစ်ရှာနေတယ်။ ခုံတွေက ညစ်ပတ်လိုက်တာ၊ လေက တိုးလိုက်တာ၊ ၀န်ထမ်းတွေ တာဝန်မဲ့လိုက်တာနဲ့ သူ့အတွက် ဘာတစ်ခုမှ အလိုတကျဖြစ်မနေဘူး။
ရထားပေါ်မှာ တခရီးသွားချင်း တူတူထိုင်မိကြတော့ အချင်းချင်း မိတ်ဖွဲ့ကြတယ်။ ယောက်ျားက တရိုတသေပဲ “ကျွန်တော်က အင်ဂျင်နီယာပါ။ ကျွန်တော့်မိန်းမက ဖန်တီးရှင်ပါ” လို့ မိတ်ဆက်တော့ တချို့လူတွေက တအံ့တသြနဲ့ “ဘာဖန်တီးရှင်လဲ” လို့ မေးကြတယ်။
“မပျော်ရွှင်တာတွေကို ဖန်တီးတဲ့သူပေါ့” လို့ ယောက်ျားက ရီပြီ ပြန်ဖြေပါတယ်။
မနက်မိုးလင်းတာနဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ဒီနေ့ကို ပျော်ရွှင်စရာနဲ့ ကုန်ဆုံးစေမလား၊ မပျော်ရွှင်တာနဲ့ ကုန်ဆုံးစေမလားဆိုတာပဲ။ ရွေးချယ်ဖို့အတွက် ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။
“ပျော်ရွှင်တဲ့ ဘ၀ဆိုတာ ပျော်ရွှင်တဲ့ အတွေးတွေနဲ့ ဖန်တီးထားတာဖြစ်တယ်” ... နယူတန်
(၂)
ကျွန်တော့်မှာ လူချစ်လူခင်ပေါပြီး ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူဟာ သဘောကောင်းသလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တယ်။ သူ စိတ်ဆိုးဒေါသထွက်တာ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။
တစ်ခါက သူ့အိမ်ကို ကျွန်တော်လမ်းကြုံလို့ ရောက်သွားခဲ့တယ်။ ကျွန်တော် ရောက်သွားတဲ့ အချိန်မှာ သူက အိမ်အပေါ်ဆုံးထပ်ကနေ ဖြတ်ပျံသွားတဲ့ လေယာဉ်ဖက်ကို ဦးတည်ပြီး အသံကုန် အော်ဟစ်နေတာကို တွေ့လိုက်တယ်။ ကျွန်တော် အံ့သြပြီး သူ့ကိုမေးကြည့်တော့ “ဒီနေရာက လေယာဉ်ကွင်းနဲ့ နီးတယ်။ လေယာဉ်ဆင်းတိုင်း အင်ဂျင်သံတွေက ဆူညံနေတတ်တယ်။ တစ်ခါတလေ စိတ်ညစ်စရာနဲ့ ကြုံလို့ ကျွန်တော်စိတ်တို ဒေါသထွက်ရင် ဒီအပေါ်ထပ်ကို တက်ပြီး လေယာဉ်အလာကို စောင့်နေတတ်တယ်။ လေယာဉ်လာရင် ကျွန်တော်အသံကုန် အော်ဟစ်ပစ်လိုက်တယ်။ ကျွန်တော့်ဒေါသတွေက လေယာဉ်ရဲ့ အင်ဂျင်သံနဲ့အတူ ရောပါသွားရော...”
သူ ဒီလောက် သဘောကောင်းနေတာ သူ့ရဲ့ စိတ်မပျော်ရွှင်မှုကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သူသိနေလို့ပဲ ဖြစ်မယ်လို့ အိမ်အပြန်လမ်းမှာ ကျွန်တော်စဉ်းစားလာမိတယ်။
ဖိစီးမှုတွေများပြီး ခေတ်နဲ့အပြိုင် လှုပ်ရှားနေရတဲ့ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က ကိုယ့်ရဲ့ စိတ်ဖိအား လျော့ချနိုင်တဲ့နည်းကို ရှာဖွေတတ်ရမယ်။ ဒါမှ ကျန်းမာတဲ့ စိတ်ပျော်ရွှင်မှုကို ရမှာဖြစ်တယ်။
“တစ်ချို့ ဖိအားက ရှိကို ရှိရတယ်။ လှေသဘောင်္လိုပေါ့.. ကုန်ပစ္စည်း တစ်ချို့နဲ့ ဖိ(တင်)ပေးမှ ရွက်လွှင့်လို့ ရနိုင်မှာ”.... Arthur Schopenhauer
(၃)
ဆောင်းရောက်တာနဲ့ ဒီကန်က ရေတွေခန်းကုန်တယ်။ ရေခန်းတော့ ကန်ထဲက ငါးပုဇွန်တွေ တံငါဖမ်းလို့ ကုန်ပြီပေါ့။ ဒါပေမဲ့ ကန်ထဲမှာရှိတဲ့ ငါးတစ်မျိုးမှာ အသက်ဆက်တဲ့ နည်းရှိတယ်။ ဆောင်းရောက်ပြီဆိုတာနဲ့ အဲဒီငါးတွေက ရွံ့ထဲ တစ်ကိုယ်လုံး နစ်ဝင်နေကြတယ်။ လှုပ်ကို မလှုပ်တော့ဘူး။ တံငါတွေက ငါးကို ရွံ့နဲ့မှားကြတော့ တံငါဘေးက သူတို့ လွတ်ခဲ့ရတယ်။ နွေဦးဝင်လို့ ကန်ရေပြည့်လာပြီဆိုရင် ရွံ့ထဲက သူတို့ ရုန်းထွက်လာကြပြန်တယ်။
သတ္တ၀ါလေးတွေက ပတ်ဝန်းကျင်နဲ့လိုက်ပြီး အသက်ရှင်ဖို့ နည်းလမ်းကို ရှာဖွေကြတယ်။ အဲဒီ သတ္တ၀ါတွေထက် ပိုဦးနှောက်ရှိတဲ့ ကျွန်တော်တို့ လူသတ္တ၀ါတွေကရော...! အကွေ့အကောက်များတဲ့ ဘ၀လမ်းမှာ တစ်ခါလဲကျသွားတာနဲ့ အဲဒီနေရာမှာပဲ ထိုင်နေတော့မလား...! လာထူပေးတဲ့ လူကို မျှော်နေမလား...! စည်းဝိုင်းထဲမှာ အချင်းချင်း ထိုးသတ်ကြတဲ့ လူတွေကို ဘယ်သူမှာ သွားမထူပေးကြဘူး။ လဲကျလိုက် ပြန်ထလိုက်၊ လဲကျလိုက် ပြန်ထလိုက်နဲ့ ဆယ်စက္ကန့်အတွင်းမှာ ကိုယ့်ခွန်အားနဲ့ကိုယ် ပြန်ရုန်းထကြရတယ်။ ထရပ်မှ အနိုင်အရှုံး ပြန်တိုက်လို့ရမှာ... လဲကျပြီး ပြန်မထခဲ့ရင် နိုင်ဖို့အခွင့်အလမ်းဆိုတာ မရှိတော့ဘူး။
“လူရယ်လို့ အသက်ရှင်နေသမျှ မကွေးမညွတ်၊ မပြိုမလဲတဲ့ ကြံ့ကြံ့ခံနိုင်သူ ဖြစ်ရမယ်”.... Ernest Hemingway
ဘ၀ဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့ အရာပဲ။ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်။
မနက်ထလာတာနဲ့ မှန်ကြည့်ပြီး ကိုယ့်ကိုအပြုံးတစ်ခု အရင်ပေးလိုက်ပါ။ ^_^ ကျန်တဲ့ စိတ်မချမ်းသာမှုတွေကို မဖြေရှင်းနိုင်စရာ အကြောင်းမရှိဘူး။
http://www.youthwant.com
နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။
No comments:
Post a Comment