Thursday, July 31, 2008

အထီးကျန်တဲ့ သစ်ပင်



မူရင်း.. Bulgaria စာရေးဆရာ Ailin Bilin (၁၈၇၇-၁၉၄၉)

စာရေးဆရာ Ailin Bilinဟာ ချမ်းသာတဲ့ လယ်သမား မိသားစုက ပေါက်ဖွားခဲ့တယ်။ ကျေးလက်တောရွာမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျေးလက် လူနေမှုအကြောင်းတွေ အရေးများတဲ့ သူ့ဝတ္ထုတိုတွေကြောင့် နာမည်ရလာခဲ့တယ်။ ပထမ ကမ္ဘာစစ် မတိုင်မီရေးခဲ့တဲ့ ၀တ္ထုတိုတစ်ပုဒ်နဲ့ ၀တ္ထုလတ်တစ်ပုဒ်ကြောင့် လူသိပိုများလာခဲ့တယ်။ ဒီဝတ္ထုနှစ်ပုဒ်လုံးက ၉၀နှစ်နှောင်းပိုင်း လယ်သမားဘ၀ကို အခြေခံထားတဲ့ ၀တ္ထုဖြစ်တယ်။ ပထမစစ်ဖြစ်တော့ စစ်ထဲဝင်ပြီး စစ်တပ်သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။

အထီးကျန်တဲ့ သစ်ပင်

တောအုပ်ထဲက မျိုးစေ့လေးနှစ်စေ့က ရက်စက်ကြမ်းတမ်းတဲ့ လေနီကြမ်းနောက် လွင့်မျှောလိုက်ပါခဲ့ရတယ်။ လေနီကြမ်းက မျိုးစေ့နှစ်စေ့ကို လယ်တော မြက်ရိုင်းပြင်မှာ တစ်နေရာစီ ချခဲ့လိုက်တယ်။ မိုးရေက မျိုးစေ့ကို စွတ်စိုစေပြီး မြေကြီးထဲ နစ်မြုပ်လိုက်တယ်။ သူတို့ကို နေရောင်ခြည်က နွေးထွေးတဲ့ အလင်းရောင်တွေ ပေးတယ်။ ဒီလိုနဲ့ လယ်တောထဲမှာ သစ်ပင်လေးနှစ်ပင် ပေါက်လာခဲ့တယ်။
စစခြင်းမှာတော့ ပျိုးပင်တွေက သေးသေးလေး။ အချိန်ဆိုတဲ့ အတိုင်းအတာတစ်ခုက မြေပြင်နဲ့ ဝေးအောင် သူတို့ကို မြင့်မြင့်လေး ဆွဲဆန့်လိုက်ကြတယ်။ အဝေးဆုံး နေရာကို သူတို့ လှမ်းမျှော်ကြည့်လို့ရပြီ။ သူတို့ချင်းလည်း လှမ်းကြည့်ခွင့်ရခဲ့ပါပြီ။

လယ်တော မြေရိုင်းက တမျှော်တခေါ် ကျယ်ပြန့်တယ်။ တစ်ပင်နဲ့တစ်ပင် အတန်ငယ် လှမ်းတဲ့ ဒီသစ်ပင် နှစ်ပင်ကလွဲလို့ ဟိုး အဝေး မြက်ခင်းစိမ်းစိမ်း အနားသတ်အထိ အခြားသစ်ပင်တွေကို မတွေ့ရဘူး။ ပုံသဏ္ဍာန်တူ ဒီသစ်နှစ်ပင်သာ ပြန့်ဖြူးတဲ့ ဒီလယ်တောထဲမှာ မတ်မတ်ရပ်လို့နေတယ်။ တမျှော်တခေါ် ကျယ်ပြန့်တဲ့ မြေရိုင်းကို တိုင်းတာတဲ့ အချိုးမကျတဲ့ ပေတံလို သစ်ကိုင်းတွေက တစ်ကိုင်းပေါ် တစ်ကိုင်း ယှက်သန်းလို့နေတယ်။

အဝေးကနေ သူတို့အချင်းချင်း လှမ်းကြည့်ကြတယ်။ ပြီးတော့ သူတို့ လွမ်းဆွေးကြတယ်။ အချင်းချင်း တိမ်းညွှတ်ကြတယ်။ ရှင်သန်ဖို့ အင်အားတစ်ခုက နွေဦးနဲ့အတူ နွေးနွေးထွေးထွေး ရောက်လို့လာတယ်။ သူတို့ရဲ့ ခန္ဓာထဲ လုံလောက်တဲ့ ရေတွေ အဆက်မပြတ် လည်ပတ်နေပြီဆိုရင် သူတို့ရဲ့စိတ်ထဲမှာ ထာဝစဉ် ခိုအောင်းနေတဲ့၊ ထာဝရ ခွဲခွာခဲ့ရတဲ့ မိခင်တောအုပ်ကို သူတို့ ပြန်လည်တမ်းတ သတိရနေမိတတ်တယ်။ အဲဒီအချိန်ကျရင် သူတို့ကိုယ်ပေါ်က သစ်ကိုင်းကို လှုပ်ရမ်းပြီး အချင်းချင်း ဆက်သွယ်မှုတွေ ပြုကြတယ်။ တကယ်လို့ ငှက်ကလေး တစ်ကောင်တစ်လေကများ ဒီတစ်ပင်ကနေ ဟိုတစ်ပင်ကို ကူးပြောင်းနားကြရင် သူတို့ဟာ ၀မ်းသာလွန်းလို့ ပင်စည်ကို အစွမ်းကုန် ထောင်မတ်ထားတတ်ကြတယ်။

လေပြင်းမုန်တိုင်း ကျပြီဆိုရင် သူတို့ဟာ ကြောက်လန့်တကြား ကိုယ်ကို ဘယ်ညာ ယိမ်းခါနေတတ်တယ်။ သစ်ကိုင်းတွေ ကျိုးသွားရင် နာနာကျင်ကျင် ညည်းညူပြီး အချင်းချင်း ပွေ့ဖက် အားပေးနိုင်အောင်၊ တစ်ပင်အနား တစ်ပင်သွားနိုင်အောင် မြေကြီးထဲကနေ သူတို့ အလွတ်ရုန်းချင်ကြတယ်။

ညဆိုရင် အချင်းချင်း မမြင်နိုင်အောင် အမှောင်ထဲမှာ သူတို့ ပျောက်ကွယ်နေကြတယ်။ အချင်းချင်း မမြင်ကြရင် သူတို့ကိုယ်မှာ မကောင်းဆိုးဝါးတွေ ကပ်ညှိနေသလားလို့ ထင်ရအောင် နာကျင်နေကြတယ်။ အချင်းချင်း မြင်နိုင်အောင် နေ့အလင်းရောင်တွေ မြန်မြန်ရောက်လာပါစေလို့ ကောင်းကင်ကို မော့ပြီး သူတို့ တောင်းဆုပြုကြတယ်။

မုဆိုးနဲ့ အလုပ်သမားအချို့ တစ်ခြားသစ်ပင်ရဲ့ အရိပ်မှာ နားခိုကြပြီဆိုရင် ကျန်တစ်ပင်က အထီးကျန်တဲ့ ဘ၀ဟာ ဘယ်လောက် ပင်ပန်းတဲ့အကြောင်း၊ ချစ်သူခင်သူ မိသားစုနဲ့ ဝေးကွာနေရတဲ့ နေ့ရက်တွေဟာ ရှည်လျှားလှတဲ့အကြောင်း၊ အဓိပ္ပါယ်မဲ့ကြောင်း စတာတွေကို ညည်းတွားနေတတ်တယ်။ သူတို့ရဲ့ ဆန္ဒတွေက ဖြေရှင်းခွင့် မရတဲ့ ဘ၀မှာ ပျောက်ဆုံးကုန်ကြရတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေက လက်တွေ့ အကောင်အထည် ဖော်ခွင့်မရတဲ့ ဘ၀မှာ ပျက်ဆီးကုန်ကြရတယ်။ အပြန်အလှန် နှစ်သိမ့်ခွင့် မရတဲ့ဘ၀၊ အချင်းချင်း ထိတွေ့ပြီး အကြင်နာ မေတ္တာတွေ ပေးဆပ်ခွင့် မရတဲ့ဘ၀ဟာ ဘယ်လောက်များ နာကျင်ခံစားရ ခက်သလဲနော်။


နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။

Print this post

No comments: