Wednesday, July 30, 2008

"အချစ်၊ ကျေးဇူး၊ မေတ္တာ"

(၁)
တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို “ဆိုကရေးတီး”ကတွေ့တော့ “ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ” လို့ မေးလိုက်တယ်။


အသည်းကွဲသူက “ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်” လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး “မင်း တော်တော်တုံးတယ်” လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး “ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင် ရီနေရသလား” လို့ ပြောတော့ “မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ” လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

(၂)
တစ်ခါက ဘုရားသခင်ဟာ နတ်သားနှစ်ပါးကို ခြင်းတစ်လုံးစီပေးပြီး လူ့ပြည်ကို စေလွတ်ခဲ့တယ်။ လူတွေတောင်းဆိုသမျှကို ခြင်းထဲထည့်ယူခဲ့ဖို့ ပထမနတ်သားကို မှာကြားပြီး နောက်နတ်သားတစ်ပါးကို လူတွေပေးတဲ့ ကျေးဇူးကို ထည့်ယူခဲ့ဖို့ မှာလိုက်တယ်။

လူတွေတောင်းဆိုတာကို ကောက်ယူရမဲ့ခြင်းဟာ ခဏလေးပြည့်သွားတာကြောင့် ပထမနတ်သားဟာ ကောင်းကင်ဘုံကို အမြန်ပြန်ခဲ့ရတယ်။ ဒါပေမယ့် လူတွေရဲ့ကျေးဇူးကို ကောက်ယူမယ့်ခြင်းက နေ၀င်မိုးချုပ်တဲ့အထိ မပြည့်နိုင်ဖြစ်နေခဲ့တယ်။

လူတွေဟာ လိုချင်တောင့်တမှုတွေ များနေပေမယ့် ကျေးဇူးတင်ဖို့ကိုတော့ မေ့နေတတ်ကြတယ်။ ခုချိန်ကစပြီး ကျေးဇူးတင်သင့်တာတွေကို ရေတွက်ကြည့်မယ်ဆိုရင် နေ့တစ်နေ့မှာ ကျေးဇူးတင်သင့်တဲ့အရာ များစွာရှိတာကို သတိပြုမိလာပါလိမ့်မယ်။

(၃)
တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့ လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။ အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့ ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။

အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက် ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့ အမျိုးသမီးကို မြင်တော့ “ခုနားက မင်းအပြုအမှုကို ရှင်းပြစမ်းပါဦး” လို့ မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ “ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။ အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့ ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ” လို့ ပြန်ပြောလိုက်တယ်။

http://www.mybetter.cn/story

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: