ဖခင်တစ်ဦးတွင် သားသုံးယောက်ရှိသည်။ သားများ လူလားမြောက် ကြီးပြင်းခဲ့ပြီး ပညာစုံလာသောအခါ ဖခင်က သူတို့၏ ဥာဏ်အမြော်အမြင်အား စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်နေ့တွင် သားများကို ခေါ်ပြီး “သားတို့ကို တစ်ယောက် ငွေတစ်ရာဆီ ပေးလိုက်မယ်။ အဲဒီငွေတစ်ရာနဲ့ စတုရန်း ပတ်လည် ၁၀၀ မီတာရှိတဲ့ အခန်းကို ပစ္စည်းတွေ အပြည့် ၀ယ်ဖြည့်ရမယ်။ ဘာပစ္စည်းမဆို ၀ယ်နိုင်ပေမဲ့ ငွေတစ်ရာထက် မကျော်စေရဘူး” ဟု ခိုင်းဆိုလိုက်သည်။
အကြီးဆုံးသားက ထိုငွေတစ်ရာဖြင့် ဈေးအပေါဆုံးဖြစ်သော ကောက်ရိုးများကို ၀ယ်ပြီး အခန်းအား ဖြည့်လေသည်။ သို့သော် တောင်ပုံရာပုံ ကောက်ရိုးများက အခန်းအားပြည့်အောင် မဖြည့်နိုင်ခဲ့ပေ။
သားလတ်က သားကြီးထက် ဥာဏ်အမြော်အမြင် ပိုရှိရာ ထိုငွေတစ်ရာဖြင့် ပေါ့ပါးဖောင်းပွသော ၀ါဂွမ်းများကို ၀ယ်ပြီး အခန်းအားဖြည့်ခဲ့သည်။ ဖောင်းပွသော ၀ါဂွမ်းများလည်း ထိုအခန်းအား ပြည့်အောင် မဖြည့်နိုင်ခဲ့ပေ။
သားငယ်အလှည့်တွင် သူသည် အခန်းရှိ ပြတင်းပေါက်နှင့် လေ၀င်ပေါက်များကို လုံအောင်ပိတ်ပြီး ဖခင်အား အခန်းတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ မှောင်မိုက်နေသော အခန်းတွင်းသို့ ဖခင်ရောက်လာသောအခါ သူသည် ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ အခန်းတစ်ခုလုံးသည် ဖယောင်းတိုင်မှ ဖြာကျလာသော အလင်းဖြင့် ပြည့်နှက်သွားတော့သည်။ သူဝယ်ယူခဲ့သော ဖယောင်းတိုင်နှင့် မီးခြစ်မှာ တစ်ကျပ်သာ ကုန်ကျသည်။
ကျွန်မတို့၏ စိတ်သည် ထို ၁၀၀ စတုရန်းမီတာ ရှိသော အခန်းကြီးနှင့်တူသည်။ မည်မျှများပြားသော ပစ္စည်း ဥစ္စာဖြစ်စေ စိတ်အခန်း၏ လိုအင်တပ်မက်မှုကို ပြည့်အောင် မဖြည့်နိုင်ပေ။ သို့သော် သေးငယ်သော မေတ္တာတရားပင်ဖြစ်စေ ကျွန်မတို့၏ စိတ်ဝိညာဉ်ကို ပြည့်အောင်ဖြည့်နိုင်စွမ်းသည်။ လူအချို့က ဥစ္စာပစ္စည်းနောက် လိုက်ကြသည်။ သို့သော် သူတို့လိုချင်သော စိတ်ချမ်းသာ ပျော်ရွှင်မှုကို မရခဲ့ကြ။ လူအချို့က ဥစ္စာပစ္စည်း မပြည့်စုံသော်လည်း သူတို့၏မျက်နှာပေါ်တွင် အပြုံးများကို အမြဲတမ်း တွေ့ရတတ်သည်။ သူတို့၏ စိတ်ဝိညာဉ်တွင် မေတ္တာတရားများဖြင့် ပြည့်ဝနေသောကြောင့်ဖြစ်သည်။
No comments:
Post a Comment