အနောက်နိုင်ငံမှာ ဒီလို ပုံပြင်လေး တစ်ပုဒ်ရှိခဲ့တယ်။
ကုန်သည်သုံးဦးဟာ ကွယ်လွန်ပြီးနောက် သူတို့ ပြုလုပ်ခဲ့သမျှအတွက် ဘုရားသခင်ရဲ့ အဆုံးအဖြတ်ကို ခံယူချင်လို့ ဘုရားသခင်ကို သွားတွေ့ကြတယ်။ ပထမကုန်သည်က “ကျွန်တော် ကြိုးစားပြီး လုပ်ခဲ့သမျှ စီးပွားတွေ နောက်ဆုံးတော့ အရှုံးပေါ်တာပဲ။ ဒါပေမဲ့ ကျွန်တော်မှာ အိမ်သားတွေ ရှိသေးတယ်။ မိသားစုနဲ့အတူ ကျွန်တော့်ဘ၀ ပျော်ရွှင်ခဲ့ပါတယ်” ဘုရားသခင်က နားထောင်ပြီး သူ့ကို ၅၀မှတ် ပေးလိုက်တယ်။
ဒုတိယ ကုန်သည်က “ကျွန်တော့် စီးပွားရေးတွေ အရမ်းအောင်မြင်ခဲ့တယ်။ ကျွန်တော့် ဥစ္စာပစ္စည်းတွေ အများကြီး ကျန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မိသားစုနဲ့နေတဲ့ အချိန်တွေ အရမ်းနည်းခဲ့တယ်။ သူတို့ကို အရမ်းအားနာမိတယ်။ ဒါပေမဲ့.. မသေခင် ကျွန်တော်ဟာ သန်းကြွယ်သူဌေးကြီး ဖြစ်ခဲ့တယ်” ဘုရားသခင်က နားထောင်ပြီး ပထမလူလိုပဲ အမှတ် ၅၀ ပေးလိုက်တယ်။
တတိယကုန်သည်က “ကျွန်တော် အသက်ရှင်စဉ်က စီးပွားရေးကိစ္စနဲ့ နေ့တိုင်း အလုပ်များနေပေမဲ့ ကျွန်တော်ဟာ မိသားစုနဲ့ သူငယ်ချင်းတွေကို ချစ်ခဲ့တယ်။ အတတ်နိုင်ဆုံး သူတို့ကို ကျွန်တော် အချိန်ပေးတယ်။ သူတို့နဲ့အတူ နေတဲ့အချိန်က ကျွန်တော်လုပ်ငန်းတွေ အောင်မြင်လို့ ငွေအလုံးအရင်းရတာထက် ကျွန်တော်ပိုပျော်ခဲ့တယ်။ ကျွန်တော့်ဘ၀ ဘယ်လောက်အဓိပ္ပါယ် ရှိခဲ့သလဲ.. ကောင်းကင်ဘုံကို ကျွန်တော်ရောက်ခဲ့ပေမဲ့ လူ့ဘ၀ကို ဒီလောက် မြန်မြန်ကြီး ကျွန်တော် မစွန့်ခွာချင်ခဲ့ဘူး” ဘုရားသခင်က နားထောင်ပြီး ၀မ်းသာစွာနဲ့ သူ့ကို အမှတ် ၁၀၀ ပေးလိုက်တယ်။
အလုပ်တွေဟာ ဘယ်တော့မှ လုပ်လို့ မကုန်နိုင်သလိုဘဲ အခုခေတ်လူတွေဟာ မအားလပ်ကြရဘူး။ ကိုယ့်အတွက် နားချိန်ဆိုတာ မရှိသလို ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ စကားပြောဖို့လည်း အချိန်မရကြဘူး။ မနက် သွားတိုက်နေတဲ့ အချိန်မှာ ဘာစားရမလဲ.. ဒီအချိန် ဘယ်ဆိုင်မှာ လူနည်းမလဲ... လို့ စဉ်းစားနေကြတယ်။ မနက်စာ စားနေတဲ့အချိန်မှာ အလုပ် နောက်ကျတော့မယ်ထင်တယ်လို့ စိုးရိမ်နေ တတ်တယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာလဲ နေ့လည်ကျရင် ဘာစားရမလဲ၊ ဘာဝယ်ရမလဲ ဆိုတာကို တွေးနေတတ်တယ်။ အမြဲတမ်းပဲ ရပ်နားချိန်ဆိုတာ မရှိခဲ့ကြဘူး။ ဘယ်လောက်ပဲ အလုပ်များနေပါစေ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်ကို မိသားစုအတွက် ခွဲဝေပေးဖို့ မမေ့ပါနဲ့။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment