Friday, August 1, 2008

မသမာတဲ့ မျက်စိ


တစ်နေ့ ဂရိ ဒဿနိက ပညာရှင် Demokritos ဟာ ပန်းခြံထဲ လမ်းလျှောက်နေတယ်။ ရုတ်တရက် မထင်မှတ်တဲ့ အတွေးတစ်မျိုးက သူ့ခေါင်းထဲကို ချက်ချင်း ၀င်ရောက်လာတယ်။ အဲဒီအတွေးကို တွေးတောနေခိုက် လှပတဲ့ ရှုခင်းတစ်ခုက သူ့မြင်ကွင်းထဲ ၀င်ရောက်လာတယ်။ အဲဒီရှုခင်းက အရောင် အသွေးစုံတဲ့ ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ပဲဖြစ်တယ်။ လှပတဲ့ အရောင်အဆင်းရဲ့ စွဲဆောင်မှုကြောင့် ပန်းပွင့်ကို သူနောက်တစ်ချက် ကြည့်လိုက်မိတယ်။ အဲဒီ နောက်တစ်ချက် ကြည့်လိုက်တဲ့ အကြည့်ကြောင့်ပဲ သူ့ရဲ့တွေးတော လက်စ အတွေးတွေ ကြက်ပျောက်ငှက်ပျောက် လွင့်ပျောက်သွားခဲ့ရတယ်။

အဲဒီအဖြစ်အပျက်ကို သူရင်နာမဆုံး ဖြစ်နေခဲ့တယ်။ လျှပ်တစ်ပြက်ရလိုက်တဲ့ အတွေးတွေ ဘယ်လိုတွေးတွေး အစဖော်လို့ မရခဲ့ဘူး။ အတွေးတွေကို မြဲမြဲဖမ်းမဆုတ် ထားခဲ့မိတဲ့အတွက် သူ့ကိုယ်သူ အရမ်း မကျေမနပ် ဖြစ်မိတယ်။ လှပတဲ့ မြင်ကွင်းတွေက မျက်စိကို မဖမ်းစားခဲ့ရင် အတွေးတွေကို သူအကောင်အထည် ဖော်နိုင်လောက်တယ်လို့ ထင်ခဲ့တယ်။

ဒါကြောင့် နောင်နောက် ဒီလို ဖမ်းစားနိုင်တဲ့ မြင်ကွင်းတွေ မျက်စိထဲ၊ အတွေးထဲ၊ ခေါင်းထဲ မ၀င်အောင် Demokritos က သူ့မျက်စိကို ဖောက်ထုတ်ပစ်လိုက်တယ်။

ဒီပုံပြင်က အခုထက်ထိ လူတွေ ပြောစမှတ်ဖြစ်နေတုန်းပါပဲ။ ဒီပုံပြင်ကို ဖတ်မိတဲ့လူတိုင်းက Demokritos ရဲ့ အဖြစ်ကို စိတ်မကောင်းဖြစ်ပြီး သက်ပြင်းချကြတယ်။ တကယ်တမ်းတော့ ဒီလို လုပ်စရာမလိုပါဘူး။ လူတွေ အသက်ရှင် နေထိုင်ဖို့အတွက် မျက်စိဟာ မရှိမဖြစ် အရေးပါတဲ့ အင်္ဂါတစ်ခုပါ။ မျက်စိမရှိတဲ့ မျက်ကန်းတစ်ယောက်မှာ ပျော်ရွှင်မှုဆိုတာလည်း မရှိနိုင်တော့ပါဘူး။

တကယ်တော့ ဒီပုံပြင်မှာ Demokritos က အတွေးတစ်ခုကြောင့် သူ့မျက်စိကို ဖောက်ထုတ်ပစ်လိုက်တာကို အဓိက ပြောချင်တာ မဟုတ်ပါဘူး။ အခုခေတ်မှာ လူအများက လှပတဲ့ အမြင်အာရုံရဲ့ လှည့်စားဆွဲဆောင် မှုကြောင့် ရှိရင်းစွဲ ပစ္စည်းတွေရဲ့ နဂိုမှုလ အရည်အချင်းကို မတွေ့မြင်တော့ဘဲ အပေါ်ယံ အလှအပမှာသာ ယစ်မှုးနေကြတယ် ဆိုတာကို ဆိုလိုချင်တာပါ။


Print this post

No comments: