မူရင်း.... ပြင်သစ်စာရေးဆရာ Alphonse Daudet (၁၈၄၀-၁၈၉၇)
Alphonse Daudet ဟာ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် စာရေးဆရာဖြစ်တယ်။ သူ့တစ်သက်မှာ ၀တ္ထုရှည် ၁၃ပုဒ်၊ ၀တ္ထုတို ၄ ပုဒ်၊ ပြဇာတ်၊ သီချင်းနဲ့ ကဗျာ အမြောက်အများကို ရေးစပ်ခဲ့တယ်။ ပြင်သစ်နိုင်ငံ Nîmes မြို့က ဆင်းရဲသား ကုန်သည်မှ မွေးဖွားခဲ့ပြီး မိခင်ရဲ့ သွန်သင်မှုကြောင့် စာရေးခြင်းကို နှစ်သက်ခဲ့တယ်။ ၁၇ နှစ်အရွယ်မှာ ပထမဆုံးကဗျာကို စတင်ရေးသားခဲ့တယ်။ စစ်ဖြစ်တော့ စစ်တပ်ထဲ ၀င်လိုက်တယ်။ စစ်အတွင်း ဖြစ်ပျက်နေတာတွေ၊ စစ်မြေပြင်က အတွေ့အကြုံတွေက သူ့အတွက် အကောင်းဆုံး ကုန်ကြမ်းဖြစ်ခဲ့တယ်။ ၀တ္ထုတို လေးပုဒ်ထဲက ဒီ “နောက်ဆုံး သင်္ခန်းစာ” ၀တ္ထုတိုဟာလည်း ပြင်သစ်လူမျိုးတို့ရဲ့ မျိုးချစ်စိတ်ကို မီးမောင်းထိုးပေးတဲ့ ၀တ္ထုလေးတစ်ပုဒ်ဖြစ်တယ်။
နောက်ဆုံး သင်္ခန်းစာ
ထိုနေ့က ကျောင်းကို ကျွန်တော် နောက်ကျမှ ရောက်သွားခဲ့သည်။ ဆရာ M. Hamel က စာမေးမည်ဟု ပြောခဲ့သော်လည်း ကျွန်တော် စာတစ်လုံးမှ မကြည့်ခဲ့သောကြောင့် ဆရာဆူမှာကို စိုးရိမ်နေခဲ့သည်။ ကျောင်းမတက်ဘဲ တောထဲ လျှောက်သွားမည်ဟု ကျွန်တော် စိတ်ကူးမိသည်။
ရာသီဥတုမှာ နွေးထွေးနေသည်။ ကောင်းကင်မှာ ကြည်လင်နေသည်။ သစ်ပင်ထက်တွင် ငှက်ကလေးများ တေးသီကျူးနေသည်။ သစ်စက်ရုံနောက်ဖက်ရှိ မြက်ခင်းပြင်တွင် Prussian စစ်သားများ စစ်ရေး လေ့ကျင့်နေကြသည်။ ဤမြင်ကွင်းများက စာအလွတ်ကျက်တာထက်ပင် စိတ်ဝင်စားဖို့ ကောင်းသည်။ သို့သော် ထိုစိတ်ကူးများကို ရုတ်သိမ်းပြီး ကျောင်းရှိရာ ဖက်သို့ ကျွန်တော် အပြေးသွားလိုက်သည်။
မြို့လယ်ခန်းမကို ကျော်ဖြတ်ချိန်တွင် ခန်းမဆောင်ရှိ ကြော်ညာဆိုင်းပုဒ်ရှေ့တွင် လူအများ ရပ်နေသည်ကို တွေ့လိုက်သည်။ ဤနှစ်နှစ်အတွင်း ကျွန်တော်တို့နှင့် ပတ်သက်သည့် သတင်းဆိုးများဖြစ်သည့် စစ်ရှုံးခြင်း စစ်သားစုဆောင်းခြင်းနှင့် အထက်မှ အမျိုးမျိုးသော အမိန့်များသည် ထိုနေရာမှ ပြန့်ထွက်လာခြင်း ဖြစ်သည်။ ထိုနေရာ၌ မရပ်နားဘဲ ကျွန်တော် ရှေ့ဆက်ပြေးသည်။ စိတ်ထဲတွင် “ဘာဖြစ်ပြန်ပြီလဲ” ဟု တွေးနေမိသည်။
သံထည်အလုပ်သမား Wachter နှင့် သူ့တပည့်ကိုလည်း လူအုပ်ကြားတွင် ကြော်ညာစာ ဖတ်နေသည်ကို တွေ့လိုက်သည်။ ကွင်းပြင်ကို ကျွန်တော် ဖြတ်ပြေးသည်ကို မြင်သော် “လူလေး.. အဲလောက် အမြန်ပြေးစရာ မလိုပါဘူး။ ကျောင်းကို မင်းအချိန်မှီရောက်မှာပါ” ဟု လှမ်းအော်သည်။
ကျွန်တော့်ကို သူနောက်နေတာပဲဖြစ်မည်။ အသက်ကို လုရှူရင်း ဆရာ M. Hamel ၏ ခြံဝင်းထဲ ကျွန်တော် ရောက်သွားသည်။
ခါတိုင်းနေ့များတွင် ကျောင်းစတက်ချိန်၌ ကျောင်းဝင်းထဲက အသံများသည် လမ်းမပေါ်မှ ကြားနိုင်လောက်အောင် ဆူညံနေတတ်သည်။ စားပွဲခုံ ဖွင့်ပိတ်သံများ၊ စားပွဲခုံ မ သံများ၊ နားကို ပိတ်ပြီး စာအော်ကျက်နေသံများ၊ ထို့နောက် ဆရာက ဆိတ်ဆိတ်နေကြရန် သံပေတံကြီးနှင့် စားပွဲခုံကို ရိုက်လိုက်သည့် အသံများဖြင့် ဆူညံနေတတ်သည်။
ထိုဆူညံသံများကို အသုံးချပြီး စာသင်ခန်းထဲသို့ တိတ်တဆိတ် ၀င်ရောက်ရန် ကျွန်တော် စိတ်ကူးမိသည်။ သို့သော် ထိုနေ့က တနင်္ဂနွေနေ့ မနက်ကဲ့သို့ အပ်ကျသံမျှပင် မကြားအောင် တိတ်ဆိတ်လို့နေသည်။ ပွင့်နေသော ပြတင်းပေါက်မှ အထဲသို့ ကျွန်တော် ချောင်းကြည့်လိုက်သည်။ ကျောင်းသားတိုင်းက ကိုယ့်နေရာ ကိုယ်ထိုင်နေကြသည်။ ဆရာက သူ့လက်စွဲတော် ပေတံကြီးကို ဂျိုင်းကြားညှပ်ပြီး အတန်းရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ ကျွန်တော်တံခါးကို တွန်းဖွင့်ပြီး အများရှေ့က တိတ်တဆိတ် ဖြတ်လျှောက်လာခဲ့သည်။ ကျွန်တော့်မျက်နှာ မည်မျှ နီမြန်းနေမည်၊ ရင်တွေ မည်မျှ ဗြောင်းဆန်အောင် ခုန်နေမည်ကို ခန့်မှန်းကြည့်နိုင်သည်။
သို့သော် ဘာမျှ မဖြစ်ခဲ့။ ဆရာ M. Hamel က ကျွန်တော့်ကို တွေ့သော် ကြင်နာစွာဖြင့် “ ခုံမှာ မြန်မြန်သွားထိုင် သွား... Franz လေး... မင်းကို မစောင့်ဘဲ ဆရာတို့ စာစသင်တော့မယ်”
ထိုင်ခုံကို ခွပြီး ကျွန်တော်ထိုင်ချလိုက်သည်။ စိတ်နည်းနည်း သက်သာရာ ရသွားမှ ဆရာ့ကို ကျွန်တော် သတိထား ကြည့်လိုက်မိသည်။ ဆရာက သူ၏ လှပသော အစိမ်းရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားသည်။ အနားတွန့်နေသော နက်တိုင်ကို စည်းထားသည်။ အနားကွပ်ထားသော အနက်ရောင် ဦးထုပ်ကိုလည်း ဆောင်းထားသေးသည်။ ထိုဝတ်စုံကို အထက်က လာရောက်စစ်ဆေးသောအချိန် သို့မဟုတ် ဆုပေးပွဲနေ့များတွင်သာ သူဝတ်ဆင်တတ်သည်။ ထို့အပြင် စာသင်ခန်းသည် ထူးခြားနေသည်။ လေးနက်မူ ပြည့်နေသည်။ ကျွန်တော်အား ပိုအံ့သြစေသည့် အရာမှာ စာသင်ခန်းရှိ အမြဲလွတ်နေသည့် နောက်ဆုံး ခုံတန်းတွင် ထိုင်နေကြသော ရွာသားများပင် ဖြစ်သည်။ သူတို့လည်း ကျွန်တော်တို့ ကဲ့သို့ပင် တည်ငြိမ်လေးနက်နေသည်။ ရွာသားများထဲတွင် တြိဂံပုံ ဦးထုပ်ကို ဆောင်းထားသော Hauser အဘိုးအို၊ ယခင် ရွာသူကြီးဟောင်း၊ ယခင် စာပို့လုလင်နှင့် ရွာသူရွာသားအချို့ ပါဝင်သည်။ လူတိုင်းကြည့်ရသည်မှာ မရွှင်မပျ၊ Hauser က အနားပဲ့ ဖတ်စာအုပ် တစ်အုပ်ကို ဖွင့်ပြီး ဒူးပေါ်တွင် တင်ထားသည်။ စာအုပ်ပေါ်တွင် သူ၏ မျက်မှန်ကြီးကို ကန့်လန့်ဖြတ် တင်ထားသေးသည်။
ဤအချင်းအရာများကို ကြည့်ပြီး ကျွန်တော် အံ့သြနေချိန်တွင် ဆရာက စာသင်ခုံပေါ်တွင် ထိုင်နေပြီဖြစ်သည်။ ကျွန်တော့်အား ကြင်နာစွာ ပြောခဲ့သကဲ့သို့ ညင်သာလေးနက်သော လေသံဖြင့် “တပည့်တို့.... ဒါဟာ တပည့်တို့ကို ဆရာသင်ပေမဲ့ နောက်ဆုံး သင်္ခန်းစာဖြစ်တယ်။ Alsace နဲ့ Lorraine က ကျောင်းတွေ ဂျာမန်ဘာသာနဲ့ပဲ သင်ရမယ်လို့ ဘာလင်မြို့ကနေ အမိန့်စာလာတယ်။ ဂျာမန်စာသင်မဲ့ ဆရာအသစ် မနက်ဖြန် ရောက်လာလိမ့်မယ်။ ဒီနေ့ဟာ တပည့်တို့ကို ပြင်သစ်ဘာသာလို သင်တဲ့ နောက်ဆုံး သင်္ခန်းစာဖြစ်တဲ့အတွက် စိတ်ဝင်တစား သင်ယူကြမယ်လို့ ဆရာမျှော်လင့်ပါတယ်”
ဆရာ့စကားကို ကြားသော် ကျွန်တော် လွန်စွာ စိတ်မကောင်းဖြစ်မိသည်။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်သလဲ ! ဒါကြောင့် မြို့တော်ခန်းမရှေ့မှာ လူတွေ ၀ိုင်းအုံ့ ကြည့်နေကြတာကိုး.... !
ကျွန်တော့်အတွက် ပြင်သစ်လို သင်ရမဲ့ နောက်ဆုံး စာသင်ချိန်လေး...
စာစီစာကုံးကို ကျွန်တော် မရေးတတ်ခင်မှာ ပြင်သစ်ဘာသာကို ကျွန်တော် မသင်ရတော့ဘူးတဲ့ ! ဒီလိုနဲ့ပဲ ပြီးဆုံး သွားရတော့မလား... ? အရင်တုန်းက ကျွန်တော် စာမကြိုးစားခဲ့ဘူး။ အတန်းတွေ လစ်ပြီး ငှက်နိုက်ခဲ့တယ်။ Saar မြစ်ဘေးသွားပြီး စကိတ်စီးဖို့ပဲ သိခဲ့တယ်။ ဒါတွေကို ပြန်စဉ်းစားမိပြီး ကျွန်တော် နောင်တရမိတယ်။ ကျွန်တော့်ရဲ့ သဒ္ဒါစာအုပ်တွေ၊ သမိုင်းစာအုပ်တွေ၊ ကျွန်တော် ကြည့်မရဖြစ်ခဲ့တဲ့ စာအုပ်တွေ၊ သယ်ရလေးလံတဲ့ စာအုပ်တွေက အခုတော့ ကျွန်တော်ရဲ့ မိတ်ဆွေဟောင်းလို ဖြစ်နေတယ်။ ဒီစာအုပ်တွေကို ကျွန်တော် ထားမပစ်ခဲ့ချင်သလို ဆရာ M. Hamel ကိုလည်း မခွဲချင်ဘူး။ ဆရာလည်း သွားရတော့မယ်။ နောက်ဆို သူ့ကို ကျွန်တော် လုံးဝ မတွေ့ရတော့ဘူး။ ဒါတွေကို တွေးမိပြန်တော့ ဟိုအရင်တုန်းက သူ အပြစ်ပေးခဲ့တာတွေ၊ ရိုက်နှက်ခဲ့တာတွေ အားလုံးကို ကျွန်တော်မေ့လိုက်မိတယ်။
သနားဖို့ ကောင်းလိုက်တာ !
ဆရာက သူ၏ လှပသော ၀တ်စုံကို ၀င်ဆင်ခဲ့ခြင်းမှာ ဤနောက်ဆုံး သင်္ခန်းစာအတွက် အမှတ်တရ ဖြစ်စေရန် ဖြစ်သည်။ ရွာသားများ စာသင်ခန်းထဲတွင် ထိုင်နေခြင်းကို ယခုမှ ကျွန်တော် သဘောပေါက်လိုက်သည်။ သူတို့လည်း စာသင်ခန်းသို့ အမြဲ ရောက်မလာခဲ့ခြင်းအတွက် နောင်တ ရနေလိမ့်မည်။ အနှစ် ၄၀ လုံးလုံး သစ္စာရှိရှိ သင်ကြားပေးခဲ့သော ဆရာအား ကျေးဇူးဆပ်ရာရောက်အောင် ဤသို့ လာရောက်ထိုင်နေခြင်းလည်း ဖြစ်မည်။ ဆုံးရှုံးသွားရတော့မည့် နိုင်ငံအား သူတို့၏ လေးစားကြည်ညိုမှုကို ပြသရန်လည်း ဖြစ်မည်။
ကျွန်တော်တွေးတောနေချိန် ကျွန်တော့်နာမည် ခေါ်သံကို ကြားလိုက်မိသည်။ ကျွန်တော့်အလှည့် စာအလွတ် ရွတ်ပြရန်ဖြစ်သည်။ ကျွန်တော်သာ ထိုခက်ခဲသော ကြိယာ အသုံးအနှုန်းများကို အစမှအဆုံး အသံနေ အသံထား ပီသစွာနှင့် အမှားအယွင်းမရှိ ရွတ်ဆိုနိုင်ခဲ့လျှင် ခွန်အား မည်မျှ စိုက်ထုတ်ရပါစေ ကျွန်တော်ကျေနပ်သည်။ သို့သော် စစခြင်း စာကြောင်းနှင့်ပင် ကျွန်တော် ထစ်အနေသည်။ နေရာမှာပင် ရပ်ပြီး စားပွဲခုံကို ကိုင်က ကိုယ်ကို ယိုင်ခါနေမိသည်။ ခေါင်းပင် မမော့ရဲလောက်အောင် ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ ဆရာက “မင်းကို ငါ အပြစ်မတင်ပါဘူး Franz လေး... မင်းလည်း တော်တော် စိတ်ထိခိုက်နေမှာပဲ။ လူတိုင်းက “ထားလိုက်ပါ။ အချိန်ရှိသေးတာပဲ။ မနက်ဖြန်မှ ထပ်သင်လည်း နောက်မကျသေးပါဘူး” လို့ ထင်နေကြတာပဲ။ အခုတော့ ငါတို့အဖြစ်ကို ကြည့်စမ်း... ဟင်း.... ဒါဟာ စာသင်တာကို ရက်ရွှေ့ချင်ကြတဲ့ Alsace လူမျိုးတွေရဲ့ ကံမကောင်းခြင်းတွေပဲ။ “ဘာလဲ .. မင်းတို့က ကိုယ့်ကိုယ်ကို ပြင်သစ်လူမျိုးလို့လည်း ပြောသေးတယ်။ ကိုယ့်ဘာသာစကားတောင် မပြောတတ်.. မရေးတတ်ပါလား” လို့ အခုတော့ ဟိုကောင်တွေ ကဲ့ရဲ့ဖို့ အကျိုးအကြောင်း ရပြီပေါ့။ သနားစရာ Franz လေးရေ.. ဒါဟာ မင်းတစ်ယောက်တည်းရဲ့ အမှားမဟုတ်ပါဘူး။ ငါတို့ အားလုံးမှာလည်း ကိုယ့်ကိုယ်ကို အပြစ်တင်နိုင်တဲ့ အမှားတွေ အများကြီးပါပဲ”
“မင်းတို့ရဲ့ မိဘတွေက မင်းတို့ရဲ့ သင်ကြားမှုကို ဂရုမစိုက်ကြဘူး။ ၀င်ငွေပိုရအောင်ဆိုပြီး မင်းတို့ရဲ့ ကျောင်းစာအုပ်ကို ပစ်ပြီး လယ်ထဲ၊ စက်ရုံထဲ အလုပ် ဆင်းစေချင်ကြတယ်။ ငါကရော့.. ငါလည်း ငါ့ကိုငါ အပြစ်ပြော စရာ မရှိဘူးလား...? ငါလည်း အမြဲတမ်း မင်းတို့ကို သင်္ခန်းစာ မလုပ်ခိုင်းဘဲ ပန်းရေလောင်း စေခဲ့တာပဲ မဟုတ်လား..? ငါ ငါးသွားမျှားချင်တဲ့ နေ့ဆိုရင် မင်းတို့ကို ပိတ်ရက်ပေးလိုက်တာပဲ မဟုတ်လား... ?”
ဆရာ M. Hamel က ဆက်ပြီး ဤအကြောင်းအရာမှ ထိုအကြောင်းအရာသို့ ဆက်ပြောသည်။ ထို့နောက် ပြင်သစ်ဘာသာ စကားသို့ ရောက်သွားပြန်သည်။ ကမ္ဘာပေါ်တွင် ပြင်သစ်စကားသည် အလှပဆုံး စကား ဖြစ်သလို အရှင်းလင်းဆုံးနှင့် အတိကျဆုံး စကားလည်း ဖြစ်သည်ဟု ပြောပြန်သည်။ ထိုဘာသာစကားကို ကျွန်တော် စိတ်ထဲတွင် မြဲမြံစွာ မှတ်သားထားသင့်ကြောင်း၊ လုံးဝ မမေ့သင့်ကြောင်း၊ နိုင်ငံဆုံးရှုံးပြီး ကျွန်အဖြင့် ရောက်ခဲ့သော်လည်း ကိုယ်ဘာသာစကားကို မြဲမြံစွာ မှတ်သားထားခြင်းသည် ထောင်တံခါးကို ဖွင့်သော သော့ကို ကိုင်ထားသည်နှင့် တူကြောင်းလည်း ပြောသည်။ ထို့နောက် စာအုပ်ကို လှန်ပြီး သဒ္ဒါအကြောင်း ဆက်သင်သည်။ အံ့သြဖို့ ကောင်းသည်မှာ ယနေ့သင်သော သင်္ခန်းစာ အားလုံးကို ကျွန်တော် နားလည်နေသည်။ ဆရာရှင်းပြသော သင်္ခန်းစာမှာ အလွန်လွယ်ကူနေသည်။ ဤသို့ စိတ်ပါဝင်စားစွာ ကျွန်တော် တစ်ခါမှ နားမထောင်ခဲ့ဖူးသလို ဆရာလည်း တစ်ခါမှ ဤသို့ စိတ်ရှည်လက်ရှည် ရှင်းမပြဖူးခဲ့ဟု ကျွန်တော်ထင်သည်။ သနားစရာကောင်းသော ဆရာမှာ သူသိသမျှ တတ်သမျှကို ဤကျောင်းမှ မခွဲခွာခင် ကျွန်တော်တို့ကို သင်ပေးခဲ့ချင်ပုံ ရသည်။ အရာအားလုံးကို ကျွန်တော်တို့၏ ဦးနှောက်ထဲ သွပ်သွင်းခဲ့ချင်ပုံရသည်။
သဒ္ဒါသင်ပြီးနောက် အရေးအသားပိုင်းကို သင်ပြန်သည်။ ထိုနေ့က မိတ္တူ အသစ်ကူးထားသော စာရွက်ကို ဆရာက ဝေပေးသည်။ စာရွက်ပေါ်တွင် လှပ၀ိုင်းစက်သော လက်ရေးဖြင့် “France” “Alsace” ဟု ရေးထားသည်။ ထိုစာရွက်များကို ကျွန်တော်တို့၏ စားပွဲခုံရှိ တိုင်များတွင် ချိတ်ဆွဲထားလိုက်သည်။ အလံငယ်များ ကျွန်တော်တို့ စာသင်ခန်းထဲတွင် တလူလူ လွှင့်နေသည်နှင့်တူသည်။ လူတိုင်းက စိတ်ဝင်တစား သင်ယူနေသည်။ စာရွက်ပေါ်တွင် ရေးခြစ်နေသော ဖောင်တိန်သံ မှလွဲ၍ စာသင်ခန်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။ တစ်ခါတရံ ပိုးကောင်ငယ်တစ်ချို့ စာသင်ခန်းထဲ ပျံဝင်လာတတ်သည်။ သို့သော် မည်သူ တစ်ဦးတစ်ယောက်မျှ ထိုအကောင်များကို စိတ်မ၀င်စားကြပေ။ အတန်းထဲတွင် အငယ်ဆုံး ကလေးပင် အာရုံ မထွေပြားခဲ့ပေ။ လူတိုင်းက “ငါးမျှားချိတ်” ပုံကို စိတ်ပါဝင်စားစွာ ဆွဲနေကြသည်။ ထိုအရာသည်လည်း ပြင်သစ်စာဖြစ်မည်။ ခေါင်မိုးပေါ်မှ ခိုကလေးများ ညည်းနေကြသည်။ ကျွန်တော် စိတ်ထဲတွင် “ဟိုကောင်တွေ ဒီခိုတွေကိုလည်း အတင်းပဲ ဂျာမန်လို ညည်းခိုင်းဦးမလား မသိဘူး” ဟု တွေးနေမိသည်။
ကျွန်တော် စာရေးရမှ ခေါင်းမော့ကြည့် လိုက်တိုင်း ဆရာ M. Hamel ကို ခုံပေါ်တွင် မလှုပ်မယှက် ထိုင်နေသည်ကို တွေ့သည်။ သူ့ မျက်လုံးများက ပတ်ဝန်းကျင်ရှိ အရာများကို မမှိတ်မသုန် ကြည့်နေသည်။ ဤစာသင်ခန်းထဲ ရှိသမျှ အရာအားလုံးကို သူ့မျက်စိထဲ ထည့်ပြီး ယူဆောင်သွားချင်ပုံရသည်။ အနှစ် ၄၀ လုံးလုံး နေထိုင်ခဲ့သော နေရာ၊ ပြတင်းပေါက် အပြင်ဖက်က သူ့ဥယျာဉ်၊ မျက်စိရှေ့က သူ့တပည့်များ၊ နှစ်လကြာရှည် အသုံးပြုခဲ့သောကြောင့် ပွတ်တိုက်ဖန်များပြီး ပြောင်လက်နေသော ထိုင်ခုံ၊ စားပွဲခုံများ၊ ဥယျာဉ်ထဲရှိ သစ်ကျားသီးပင် ပင် အတော် ကြီးထွားနေပြီ။ သူကိုယ်တိုင် စိုက်ပျိုးခဲ့သော ပန်းနွယ်များပင် ပြတင်းပေါက်ကို ပတ်ပြီး ခေါင်းမိုးအထိ ရစ်နှောင်နေပြီ။
ယခုအခါ ဤနေရာ ဤဒေသကို စွန့်ခွာသွားဖို့အတွက် သူ မည်မျှ စိတ်ထိခိုက်မည်နည်း။ သနားစရာပါလား..! အိမ်ပေါ်ထပ်မှာ ဆရာ့ညီမ၏ ခြေသံ၊ ပစ္စည်းသိမ်းသံကို ကြားရပြန်သည်။ မနက်ဖြန် ဤနေရာကို သူတို့ ထာဝရ စွန့်ခွာ သွားရတော့မည်။
သို့သော် ဆရာက အင်အား အပြည့်အ၀ဖြင့် ယနေ့သင်္ခန်းစာကို ဆုံးခမ်းတိုင်အောင် သင်နေသည်။ စာအရေးအသား ကျင့်ပြီးနောက် သမိုင်းဘာသာကို ဆက်သင်ပြန်သည်။ ထို့နောက် အခြေခံ အတန်းကို ba, be, bi, bo bu စသည့် အက္ခရာကို သင်ပေးနေပြန်သည်။ စာသင်ခန်း၏ နောက်ဆုံးခုံတွင် ထိုင်နေသော Hauser အဘိုးအိုက သူ့မျက်မှန်ကို တပ်ထားပြီဖြစ်သည်။ လက်ထဲတွင်လည်း အခြေခံ ဖတ်စာအုပ်ကို ကိုင်ထားပြီး ထိုအက္ခရာများကို သင်ယူနေသည်။ ခံစားမှု ပြင်းထန်သောကြောင့် သူ့အသံများပင် တုန်ယင်နေသည်။ ထူးဆန်းသော သူ့အသံထွက်ကြောင့် ကျွန်တော်တို့မှာ ရီချင်နေသလို စိတ်မကောင်းလည်း ဖြစ်မိသည်။ အာ...! ဤနောက်ဆုံး စာသင်ချိန်အား ကျွန်တော် တစ်သက်မေ့နိုင်တော့မည် မဟုတ်။
ရုတ်တစ်ရက် စာသင်ခန်းထဲရှိ နာရီမှာ ၁၂ ချက် ခေါက်သံ ထွက်ပေါ်လာသည်။ ၀တ်ပြု အချက်ပေး ခေါင်းလောင်းလည်း မြည်လာသည်။ ပြတင်းပေါက် အပြင်ဖက်မှ Prussians စစ်သည်များ၏ ညာသံကို ကြားရပြန်သည်။ သူတို့ စစ်ရေးလေ့ကျင့်ခြင်းမှ ရပ်နားပြီ။ ဆရာ M. Hamel ထိုင်နေရမှ ထရပ်လိုက်သည်။ သူ့ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဤသို့ မြင့်မားသော သူ့အရပ်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“မိတ်ဆွေရောင်းရင်းတို့....” ဆက်၍ “ ဆရာ .... ဆရာ...” သူ့အသံမှာ ရှေ့ဆက် မပြောနိုင်လောက်အောင် ဆို့နင့်နေသည်။ ထို့နောက် ကိုယ်ကို ကျောက်သင်ပုန်းဖက် လှည့်လိုက်ပြီး မြေဖြူခဲကို ကောက်ကိုင်ကာ ရှိသမျှ ခွန်အားဖြင့် ကျောက်သင်ပုန်းပေါ်တွင် စာလုံးကို ကြီးနိုင်သမျှ ကြီးအောင် ချရေးလိုက်သည်။
“ပြင်သစ် သက်တော် ရာကျော် ရှည်ပါစေ”
ထို့နောက် ခေါင်းကို နံရံပေါ် မှီပြီး စကားပင် မပြောနိုင်ဘဲ ထိုနေရာတွင် ရပ်လိုသာနေသည်။ ကျွန်တော်တို့အား “ ကျောင်းဆင်းပြီ... မင်းတို့ သွားနိုင်ပြီ” ဟု လက်ဟန် အမှုအရာသာ ပြနိုင်ခဲ့သည်။
ပြီးပါပြီ။
အင်္ဂလိပ် မှုရင်းကို ဤနေရာတွင် ဖတ်ရှူနိုင်သည်။ တစ်စုံတရာ မှားယွင်းခဲ့သော် ဘာသာပြန်သော ကျွန်မတွင်သာ အပြစ်ရှိကြောင်း.... ကျေးဇူး တင်ပါသည်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment