Thursday, July 31, 2008

ကိုးယောက်ထဲက ဘယ်တစ်ယောက်ကို ရွေးမလဲ


မူရင်း.... ဟန်ဂေရီ (Hungary) စာရေးဆရာ Mór Jókai (၁၈၂၅-၁၉၀၄)

အလယ်အလတ်တန်းစား ရှေ့နေ မိသားစုမှ မွေးဖွားခဲ့။ ၁၈၄၈ခုနှစ် မတ်လ ပုန်ကန်မှုတွင် ပါဝင်ခဲ့။ အရေးနိမ့်သော် တော်လှန်ရေးသမား ဘ၀ကို စွန့်လွတ်ပြီး စာပေလောကထဲ ၀င်ခဲ့။ ဘက်စုံ စာရေးဆရာဖြစ်ပြီး ၀တ္ထုပေါင်း ၁၁၀ အုပ် ရေးသားခဲ့။ ရိုမန်တစ်ဆန်သော အချစ်ဝတ္ထုများဖြင့် နာမည်ရခဲ့သော်လည်း အလယ်အလတ်နှင့် အောက်လွှာ လူတန်းစားများ၏ လူနေမှုဘ၀များ၌သာ သူ၏ ကလောင်မင်စက်ကို ပိုသုံးခဲ့။

ကိုးယောက်ထဲက ဘယ်တစ်ယောက်ကို ရွေးမလဲ

ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့မှာ ဂျွန်ဆင်လို့ခေါ်တဲ့ ဆင်းရဲသား ဖိနပ်ချုပ်သမား တစ်ယောက်နေတယ်။ မစ်စတာ ဂျွန်ဆင်က ဘယ်တော့မှ ငွေကြေးမချမ်းသာခဲ့ဘူး။ အကြောင်းက တစ်နှစ်ကို ကလေးတစ်ယောက်နှုန်း တိုးနေလို့ဖြစ်တယ်။ ကလေးတွေက ကျန်းကျန်းမာမာ၊ ၀၀ဖြိုးဖြိုးတွေ မိန်းမဆုံးတော့ မစ်စတာ ဂျွန်ဆင်ဟာ ကလေးကိုးယောက်နဲ့အတူ ဒီလောကမှာ ယောင်လည်လည် ကျန်ရစ်ခဲ့တယ်။ ယောက်ျားသားတစ်ယောက် အတွက် ဒါဟာ လုံးဝမလွယ်ကူတဲ့ ကိစ္စပဲ ....!

“အရှင်... ကျွန်တော်ရဲ့ ဘုရားသခင် ... ကျွန်တော့်အတွက် အရှင် ဘာတွေများ စွန့်ကျဲခဲ့သလဲ”

ကလေးကိုးယောက် ရှင်သန်ကြီးထွားဖို့အတွက် ညသန်းခေါင်ယံထိ ဖိနပ်ဆိုင်က ခွေးခြေပုမှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့ အချိန်တွေ၊ ဒီတစ်ယောက်ကို ချော့သိပ်နေတုန်း ဟိုတစ်ယောက်က လန့်နိုးလို့ ပြန်အိပ်ခိုင်းရတဲ့ ညတွေဆိုရင် ဖိနပ်ချုပ်ရာမှာ လက်ရာသေသပ်တယ်ဆိုတဲ့ ဖိနပ်ချုပ်ဆရာကြီးကတောင် သက်ပြင်းတွေ အခါခါ ချနေမိတတ်တယ်။ ကိုးယောက်..! သူတို့ကိုးယောက်...! ကိုးယောက်တိတိ...! ဒါပေမဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကိုးယောက်စလုံး ကိုယ်အင်္ဂါ မချွတ်မယွင်း၊ ရုပ်ရည် ပြေပြေပြစ်ပြစ်၊ တောင်းတင့်တဲ့ ခန္ဓာကိုယ်နဲ့ စာရိတ္တကောင်းမွန်ပြီး စားနိုင်သောက်နိုင်ကြလို့ ဒါဟာ ညည်းတွားစရာအကြောင်း မဟုတ်ပါဘူး။ ဆေးဝါးတွေနဲ့ အသက်ဆက်နေရတဲ့ လူနဲ့စာရင် ပေါင်မုန့်တစ်လုံးကို ကိုးပိုင်းပိုင်းပြီး ဝေမျှစားရတာက သာပြီးကောင်းပါတယ်။ အိမ်လယ်မှာ အခေါင်းတစ်လုံး တည်ထားရတာထက် အခန်းသေးထဲမှာ ကုတင်ကိုးခုကို တန်းစီပြီး ချထားရတာက ပိုကောင်းပါတယ်။ မိဘတိုင်းရဲ့ ဒီလိုသောကမျိုးကို ဘုရားသခင်က မောင်းထုတ်ပေးနိုင်ပါစေ။ အကယ်၍ မဖြစ်မနေ သေဆုံးပေးရမယ်ဆိုရင် ရှစ်ယောက်ကိုတော့ ချန်ထားရစ်ခဲ့ပါ။

ဒါပေမဲ့ မစ်စတာ ဂျွန်ဆင်ရဲ့ကလေးတွေက ဖျားနာသေဆုံးမဲ့ အရိပ်အယောင်တောင် နည်းနည်းမှ မရှိခဲ့ဘူး။ ဘုရားသခင်က အရာအားလုံးကို စီစဉ်ပြီးသား သူတို့ ကိုးယောက်လုံး လောကကြီးက မစွန့်ခွာရဘဲ ကျန်းကျန်းမာမာနဲ့ ရှင်သန်ကြီးထွားဖို့ စီစဉ်ပြီးသားပါ။ မိုးပဲရွာရွာ၊ နှင်းပဲကျကျ သူတို့ မမှုခဲ့ဘူး။ မာတာတာ ပေါင်မုန့်တုံးတွေ စားနေရပါစေ သူတို့အဖို့ နစ်နာတယ်ဆိုတာ မရှိခဲ့ဘူး။

ခရစ္စမတ်ရဲ့ ညတစ်ညမှာ ကိစ္စတစ်ခုကြောင့် မစ်စတာ ဂျွန်ဆင် အိမ်ပြန်နောက်ကျခဲ့တယ်။ အသင့်စားနိုင်တဲ့ မုန့်ဂျိုးတစ်ချို့နဲ့ ငွေအနည်းငယ်ကို သူယူဆောင်လာတယ်။ အဲဒီငွေက သူ့လုပ်ငန်း ဆက်လည်ပတ်ဖို့နဲ့ သူ့မိသားစုအတွက် လုံလောက်ရုံလေးတင်ပါ။ အိမ်ကို ခပ်သုတ်သုတ်လျှောက်ပြီး ပြန်လာတဲ့ လမ်းတစ်နေရာမှာ ရွှေရောင်၊ ငွေရောင်တွေနဲ့ လုပ်ထားတဲ့ ပုံတော်နဲ့ ချိုချဉ်ရုပ်တွေ ခင်းကျင်းထားတဲ့ ဆိုင်ကို သူတွေ့လိုက်မိတယ်။ လမ်းထောင့်တိုင်းမှာ ဒီလိုခင်းကျင်းထားတဲ့ ဆိုင်လေးတွေရှိပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးတွေကိုမှ သူတို့က ရောင်းပေးလေ့ရှိတယ်။ ပစ္စည်းမရောင်းခင် အရောင်းသမတွေက လိမ္မာတဲ့ ကလေးအတွက်လားလို့ အရင်မေးပြီးမှ ရောင်းပေးတတ်ကြတယ်။ သူတို့ရဲ့ ဘယ်ပစ္စည်းကိုမဆို ကလေးဆိုးတွေအတွက် မဖြစ်စေချင်ကြဘူး။ မစ်စတာ ဂျွန်ဆင်က တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဘာဝယ်ရမှန်း မသိဖြစ်နေတယ်။ ကလေးကိုးယောက်စလုံးကို ၀ယ်ပေးဖို့လဲ မတတ်နိုင်၊ တစ်ယောက်တည်းကို ၀ယ်ပေးပြန်တော့ ကျန်တဲ့ကလေးတွေက စိတ်မကောင်းဖြစ်ကြတော့မယ်။ သူတို့ကို တစ်ခြားလက်ဆောင်ပဲ ပေးတော့မယ်။ ဒီလက်ဆောင်က လှလည်းလှ၊ ပျော်စရာလည်း ကောင်းသလို အလွယ်တကူလည်း မပျက်ဆီးတတ်ဘူး။ ကလေးတိုင်း နှစ်သက်မှာဖြစ်ပြီး အချင်းချင်းလည်း လုယူလို့ မရနိုင်ဘူး။

“ဝေး.. ကလေးတို့ရေ.. တစ်.. နှစ်... သုံး...လေး မင်းတို့ဘယ်မှာလဲဟေ့” အိမ်ရောက်ရောက်ချင်း မစ်စတာဂျွန်ဆင်က အိမ်ထဲကို လှမ်းပြီး အော်မေးလိုက်တယ်။

“ဒီနေ့ဟာ ခရစ္စမတ်နေ့ဆိုတာ သိကြရဲ့လား.. ဒီနေ့ဟာ မြင့်မြတ်တဲ့ နေ့တစ်နေ့၊ အပျော်တွေနဲ့ ပြည့်နေတဲ့ နေ့တစ်နေ့ ... ဒီည ဘာမှမလုပ်ဘဲ ငါတို့တမိသားစုလုံး ပျော်ပျော်ရွှင်ရွှင် ၀ိုင်းဖွဲ့ကြရအောင်” ကလေးတွေ အားလုံး ပျော်ရွှင်နေကြတယ်။ အိမ်တစ်အိမ်လုံးကို ပြောင်းပြန်လှန်ပစ်မတတ် ဒီည သူတို့အားလုံး ပျော်ရွှင်နေကြတယ်။

“နေဦး.. နေဦး.... မင်းတို့အားလုံးကို ဖေဖေတတ်တဲ့ သီချင်းတစ်ပုဒ် သင်ပေးမယ်။ ဒီသီချင်းက နားဝင်ချိုတဲ့ ဓမ္မတေးတစ်ပုဒ်ဖြစ်တယ်။ ဒီသီချင်းကို ဒီနေ့အထိ ဖေဖေ ထိန်းသိမ်းလာခဲ့တယ်။ မင်းတို့အားလုံးအတွက် ဖေဖေ့ရဲ့ ခရစ္စမတ်လက်ဆောင်လို့ မှတ်ယူကြပေါ့”

ကလေးတွေက သူ့ ဒူးပေါ် ကုတ်တက်ပြီး လက်နှစ်ဖက်နဲ့ သူ့လည်ပင်းကို သိုင်းဖက်ထားကြတယ်။ နားထောင်လို့ ကောင်းတဲ့ သီချင်းကိုဆိုဖို့ သူထိုင်နေတဲ့ ကုလားထိုင်ကိုတောင် တွန်းလှဲပစ်မတတ် သူ့ကို ၀ိုင်းဖက်ထားကြတယ်။

“အားလုံး လိမ္မာစမ်းပါ... ငယ်စဉ်ကြီးလိုက် အရင်ဆုံး တန်းစီလိုက်ကြ” ပုလွေတံရဲ့ အပေါက်လိုပဲ သူတို့ကို အရင်တန်းစီပေးလိုက်တယ်။ အငယ်ဆုံး ကလေးနှစ်ယောက် တစ်ယောက်က သူ့ဒူးကို ဖက်လို့၊ တစ်ယောက်က သူပုခုံးကို ဖက်လို့...

“အသံမထွက်ကြနဲ့တော့... ဖေဖေ တစ်ခွန်းဆိုရင် မင်းတို့က နောက်ကနေ တစ်ခွန်းလိုက်ဆိုကြ”
ဒီလိုနဲ့ မစ်စတာ ဂျွန်ဆင်က သူ့ကိုယ်သူ သမားကောင်းတစ်ယောက် ပုံစံနဲ့ အစိမ်းရောင် ဦးထုပ်ကို အရင်ဆုံး ချွတ်လိုက်ပြီး သီချင်းကို စဆိုတော့တယ်။

“နားထောင်ကြစမ်း... အိန်ဂျယ်လ်ရဲ့ သံပြိုင်တေးသွား.... ”

အကြီးကောင်တွေက တစ်ခါဆိုပြတာနဲ့ တတ်သွားပေမဲ့ အငယ်ကောင်တွေကိုတော့ ဦးနှောက်နည်းနည်း ခြောက်ရတယ်။ သံစဉ်တွေ မှားဆိုသလို လက်ခုပ်တီးတာလည်း မညီဘူး။ နောက်ဆုံးတော့ အားလုံး ဆိုတတ်သွားတယ်။ သူတို့ကိုးယောက် သံပြိုင်ဆိုတဲ့ သီချင်းသံက ကြားရသူအဖို့ နားဝင်ပီယံဖြစ်တယ်။ ဒီသီချင်းက အထိမ်းအမှတ်ညတွေမှာ အိန်ဂျယ်လ်တွေဆိုတဲ့ သီချင်းဖြစ်တယ်။ ဒီချစ်စရာကောင်းတဲ့ ကလေးကိုးယောက်ရဲ့ ပျော်ရွှင်စရာ တေးသံတွေကြောင့် ကောင်းကင်က အိန်ဂျယ်လ်တွေ အသိအမှတ်ပြုပြီး ဒီညလည်း ဒီသီချင်းကို သူတို့ဆိုနေကြမှာပဲ..!

တကယ်လည်း မိုးပေါ်က အိန်ဂျယ်လ်တွေက ကလေးတွေရဲ့ သီချင်းသံကို အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ပေါ်ထပ် အိမ်ရှင်က အဲဒီသီချင်းသံတွေကို အသိအမှတ် မပြုခဲ့ဘူး။

အပေါ်ထပ်မှာ ကြေးရတတ် လူပျိုကြီးတစ်ဦး နေတယ်။ အခန်းကိုးခန်းရှိတဲ့ အပေါ်ထပ်မှာ တစ်ယောက်တည်းနေတယ်။ ဒီအခန်းမှာ သူထိုင်တယ်။ ဟိုတစ်ခန်းမှာ သူအိပ်တယ်။ တတိယခန်းမှာ ဆေးလိပ်သောက်တယ်။ စတုတ္ထခန်းမှာ သူထမင်းစားတယ်။ ပဉ္စခန်းမှာ သူဘာလုပ်သလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။

သူ့မှာ မိန်းမ မရှိဘူး။ ကလေးလည်း မရှိဘူး။ ဒါပေမဲ့ မရေမတွက်နိုင်တဲ့ ငွေကြေးတွေရှိတယ်။

အဲဒီညမှာ သူဌေးက ရှစ်ခန်းမြောက်အခန်းမှာ ထိုင်ပြီး စိတ်ညစ်နေတယ်။ သူစားတဲ့ အစာတိုင်း ဘာဖြစ်လို့ အရသာ မရှိရသလဲ..? သတင်းစာက ဘာဖြစ်လို့ စိတ်ဝင်စားစရာ မကောင်းတဲ့ သတင်းတွေပဲ ပါနေရသလဲ...? ကျယ်ပြန့်တဲ့ အခန်းထဲမှာ ဘာဖြစ်လို့ ဒီလောက် မွန်းကြပ်နေရသလဲ...? ပျော့အိနေတဲ့ မွေ့ရာပေါ်မှာ ဘာဖြစ်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရတာလဲ... ? အဲဒီအချိန်မှာ မစ်စတာ ဂျွန်ဆင်နေတဲ့ အောက်ထပ်က ပျော်ရွှင်ဖွယ်ရာ သီချင်းသံတွေ ပြန့်လွှင့်လာတယ်။ အစပိုင်းတော့ တိုးတိုးလေးဖြစ်ပေမဲ့ နောက်တော့ သီချင်းသံက ကျယ်လောင်လာတယ်။

နားမထောင်မိအောင် သူကြိုးစားတယ်။ သီချင်းသံတွေ မြန်မြန်ရပ်သွားမယ်လို့ သူမျှော်လင့်မိတယ်။ ဒါပေမဲ့ သီချင်းသံက တစ်ကျော့ပြီး တစ်ကျော့.. ဆယ်ကြိမ်မြှောက်မှာတော့ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ဆေးပေါ့လိပ်ကို မီးငြိမ်းလိုက်တယ်။ ညအိပ်ဝတ် အ၀တ်အစားနဲ့ပဲ အောက်ထပ်က မစ်စတာ ဂျွန်ဆင်ရဲ့ အခန်းထဲ သူ တဟုန်ထိုး ပြေးဝင်လိုက်တယ်။ တံခါးကို သူတွန်းဖွင့်လိုက်တဲ့ အချိန်က ကလေးတွေ ပထမတစ်ပိုဒ်ကို ဆိုပြီးချိန်ဖြစ်တယ်။ မစ်စတာ ဂျွန်ဆင်က သူထိုင်နေတဲ့ ခွေးခြေပုကနေ ရပ်ပြီး သူဌေးကို အရိုအသေပြု ကြိုဆိုလိုက်တယ်။

“ခင်ဗျားလား.. မစ်စတာ ဂျွန်ဆင်ဆိုတာ” သူဌေးက မေးတယ်။

“ဟုတ်ပါတယ် လူကြီးမင်း။ ဘာများ ခိုင်းစေမလိုလဲ... သားရေဖိနပ်တစ်ရံ ချုပ်ပေးဖို့အတွက်လား ခင်ဗျား”

“ဒီကိစ္စနဲ့ ကျုပ်ရောက်လာတာ မဟုတ်ဘူး။ မင်းမှာ ကလေးတွေ တပြုံကြီးပါလား”

“ဟုတ်ပါတယ် လူကြီးမင်း။ ကြီးကြီး ငယ်ငယ် ကျွန်တော့်မှာ တပြုံကြီးပဲ။ ပါးစပ်ပေါက်တွေ အများကြီး ကျွေးရပါတယ်”

“သီချင်းဆိုတော့လည်း ပါးစပ်ပေါက်တွေ အများကြီးပဲ။ ဒီမှာ မစ်စတာ ဂျွန်ဆင်.. ခင်ဗျားကို ကျွန်တော် ကံကောင်းစေမယ်။ ကျွန်တော်မွေးစားဖို့ သားတစ်ယောက် ပေးလိုက်ပါ။ သူ့ကို ကျောင်းထားပေးမယ်။ နိုင်ငံခြား ခရီးတွေ ထွက်လည်ရမယ်။ သူ့ကို အထက်တန်းစား လူတစ်ယောက်ဖြစ်အောင် ကျွန်တော် ပျိုးထောင်မယ်။ နောက်ဆို သူ့မှာ ငွေကြေးတွေ ရှိလာရင် တစ်ခြားကလေးတွေကို သူစောင့်ရှောက်လို့ရပြီ”

အဲဒီစကားကို မစ်စတာ ဂျွန်ဆင်ကြားတော့ မျက်လုံးတွေက ပန်းကန်လုံးလောက် ပြူးကျယ်သွားတယ်။ ဆင်းရဲသားတစ်ဦးရဲ့ သားက “အထက်တန်းစား”တစ်ဦး ဖြစ်သွားမယ်ဆိုတာ သိပ်ကြီးကျယ်တဲ့ ကိစ္စပဲ။ ဘယ်သူမဆို သေချာ စဉ်းစားကြမှာပဲ။ တကယ်လည်း ကလေးတစ်ယောက်ကို ငွေကြေးချမ်းသာတဲ့လူကို ပေးဖို့ သူသဘောတူပါတယ်။ ဒါဟာ သိပ်ကံကောင်းတယ်လို့ ဆိုရမဲ့ကိစ္စပါ။

“အင်း... ကျွန်တော့်အတွက် သူတို့ထဲက တစ်ယောက်ကို ရွေးပေးပါ”

ဘယ်တစ်ယောက်ကို ရွေးရင် ကောင်းမလဲ... မစ်စတာ ဂျွန်ဆင် စိတ်ထဲက တွက်ချက်ကြည့်လိုက်တယ်။

“အန်ထော်နီ.. အင်း.. သူ့ကို ရွေးလို့မဖြစ်ဘူး။ သူက ကျောင်းသားကောင်း တစ်ယောက်ဖြစ်တယ်။ ကျမ်းဆရာ လုပ်မဲ့ကောင်။ ဒုတိယက သမီး.. ဒီသူဌေးက မိန်းကလေး မယူဘူး။ နောက်တစ်ယောက်က ဖရင့်.. သူက ငါ့အလုပ်မှာ ကူညီနိုင်ပြီ။ သူမရှိရင် ရောင်းဝယ်ရာမှာ အခက်အခဲရှိနိုင်တယ်”

“သူက ဂျွန်ဆင်.. သူ့နာမည်က ငါ့နာမည်နဲ့ တူတယ်။ ငါမပေးရက်ဘူး။ ရော်ပီရဲ့ ပုံစံ၊ အမှုအရာတွေက သူ့အမေနဲ့ တစ်ပုံစံထဲ.. သူ့ကြောင့် သွားလေသူကို အမြဲသတိရစေတယ်။ သူကို ချန်ထားရမယ်။ နောက်တစ်ယောက်က မိန်းကလေး.. သိပ်စဉ်းစားစရာ မလိုဘူး။ နောက်တစ်ယောက်က ဘာလီ.. သူ့အမေ သိပ်ချစ်တဲ့ ကလေး.. အင်း..သူ့ကို သူစိမ်းလက်ထဲ အပ်လိုက်ရင် သနားစရာသူ့အမေက ဂူထဲမှာ စိတ်ချလက်ချ လဲလျောင်းနိုင်မှာ မဟုတ်ဘူး။ ဒီအငယ်ဆုံး နှစ်ယောက်က ငယ်လွန်းတယ်.. သူတို့ကို ထိန်းနိုင်မှာ မဟုတ်ဘူး... လူကြီးမင်း”

ကလေးတွေကို တစ်ယောက်ချင်း စဉ်းစားပေမဲ့ ရွေးခြယ်ဖို့အတွက် မစ်စတာ ဂျွန်ဆင် အကြံအိုက်နေတယ်။ နောက်တစ်ကြိမ် ငယ်စဉ်ကြီးလိုက် အရွယ်အတိုင်း စဉ်းစားပြန်တယ်။ ကလေးတိုင်းကို ချစ်တော့ ဘယ်တစ်ယောက်ကို ပေးလိုက်ရမှန်း မသိအောင် အဖြေက တူညီနေတယ်။

“ဒီလိုလုပ်.. ကလေးတို့ရေ .. မင်းတို့ ကိုယ်တိုင်ပဲ စဉ်းစားကြကွာ။ ဘယ်သူက အိမ်ကို ခွဲပြီး သူဌေးသား သွားလုပ်ချင်ကြလဲ..? မြင်းရထား စီးချင်ကြလဲ...? သွားချင်တဲ့လူ ထရပ်လိုက်ပါ” ဒီလိုပြောပြီး သနားစရာ မစ်စတာ ဂျွန်ဆင်က မျက်ရည်တွေတောင် စီးကျတော့မယ်။ ကလေးတွေအားလုံး သူ့နောက်ကို ပြေးပုန်းကြတယ်။ သူ့လက်ကို ၀ိုင်းဆွဲထားကြတယ်။ သူ့ပေါင်ကို ဖက်ထားကြတယ်။ သူ့ အင်္ကျီကို ဆွဲထားကြတယ်။ သူစိမ်း သူဌေးကြီးကို ရှောင်ပြီး သူ့ကို တင်းတင်းဝိုင်းဖက်ထားကြတယ်။

နောက်ဆုံး မစ်စတာ ဂျွန်ဆင် မအောင့်နိုင်တော့ဘူး။ ကလေးအားလုံးကို တင်းတင်းလေး ပွေ့ဖက်ထားလိုက်တော့တယ်။ သူ့မျက်ရည်တွေက ကလေးတွေရဲ့ ခေါင်းပေါ် တစ်စက်ချင်း ကျလာတယ်။ ကလေးတွေလည်း သူနဲ့အတူ လိုက်ငိုကြတယ်။

“ကျွန်တော် မလုပ်နိုင်ဘူး လူကြီးမင်း... ဘယ်လိုမှ မလုပ်နိုင်ဘူး။ ကျွန်တော့်ဆီက တစ်ခြားအရာကို တောင်းပါ။ ဒီကလေးတွေက ဘုရားသခင်က ကျွန်တော့်ကို ပေးတဲ့ ဆုလဒ်တွေပါ။ ကျွန်တော့်အတွက် တစ်ယောက်လျော့သွားလို့ မဖြစ်ဘူး”

သူဌေးက ခေါင်းညိတ်ထောက်ခံတယ်။ ဒါပေမဲ့ ကလေးတွေ သီချင်းဆက်မဆိုဖို့ မစ်စတာ ဂျွန်ဆင်က သဘောတူရလိမ့်မယ်။ ဒီအတွက် ဆုငွေ တစ်ထောင် ပေးမယ်။ မစ်စတာ ဂျွန်ဆင်ရဲ့ တစ်သက်တစ်ဘ၀မှာ ငွေတစ်ထောင်ဆိုတာ မြင်တောင် မမြင်ဖူးတဲ့ အရာပါ။ အခုတော့ ဒီငွေ တစ်ထောင်က သူ့လက်ထဲ ရောက်လာခဲ့တယ်။

သူဌေးက အပေါ်ထပ် တက်ပြီး မွန်းကြပ်နေတဲ့ သူ့အခန်းထဲ ၀င်သွားတယ်။ မစ်စတာ ဂျွန်ဆင်က တစ်ခါမှ မမြင်ဖူးတဲ့ ငွေတစ်ထောင်ကို ထပ်စစ်လိုက်တယ်။ နောက် စိတ်မချစွာနဲ့ သေတ္တာထဲထည့် သော့ခတ်ပြီး သော့ကို အိတ်ကပ်ထဲ ထည့်လိုက်တယ်။ အဲဒီနောက် နှုတ်ဆိတ် ငြိမ်သက်သွားမိတယ်။ ကလေးတွေကလည်း တိတ်ဆိတ်လို့.. သူတို့မှာ သီချင်းဆိုခွင့် မရှိတော့ဘူး။

အကြီးကောင်တွေက စိတ်ပျက်လက်ပျက်နဲ့ ကုလားထိုင်ပေါ်ထိုင်ပြီး အပေါ်ထပ်က လူကြီး ကြားမှာဆိုးလို့ အငယ်တွေကို အသံလုံးဝ မထွက်ဖို့၊ သီချင်းလုံးဝ မဆိုဖို့ သတိပေးတယ်။

မစ်စတာ ဂျွန်ဆင်ကိုယ်တိုင်လည်း အသံမထွက်ဘဲ အခန်းထဲမှာပဲ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေမိတယ်။ သူ့မိန်းမ အချစ်ဆုံး သားငယ်က သီချင်းစာသားတွေ သူမေ့သွားလို့ နောက်တစ်ခေါက် ထပ်ဆိုပြဖို့ တောင်းဆိုတော့ မစ်စတာ ဂျွန်ဆင်က စိတ်တိုတိုနဲ့ သူ့ကို တွန်းဖယ်ပစ်လိုက်တယ်။

“မဆိုရဘူး....”

အဲဒီနောက် မျက်နှာကျောတင်းတင်းနဲ့ ခွေးခြေပုပေါ်ထိုင်ပြီး ဖိနပ်ချုပ်ဖို့ သားရေကို တူနဲ့ တအားထုတော့တယ်။ ဘာမှ မစဉ်းစားဘဲ စိတ်ကို ဖိနပ်ချုပ်တဲ့ထဲ နစ်ထားလိုက်တယ်။ တအောင့်နေတော့ ပါးစပ်က မသိမသာ သီချင်းလေး ညည်းနေမိတယ်။

“နားထောင်ကြစမ်း... အိန်ဂျယ်လ်ရဲ့ သံပြိုင်တေးသွား.... ”

မစ်စတာ ဂျွန်ဆင်က သတိလက်လွတ် ညည်းမိတဲ့ ကိုယ့်ပါးစပ်ကို ရိုက်လိုက်တယ်။ နောက် ဒေါသတကြီး တူကို ပစ်ချပြီး ထိုင်နေတဲ့ ခွေးခြေပုကို ကန်ထုတ်ပစ်လိုက်တယ်။ အဲဒီနောက် သေတ္တာကိုဖွင့် ငွေတစ်ထောင်ကို ယူုပြီး အိမ်ပေါ်ထပ်ကို တဟုန်ထိုး ပြေးတက်သွားတော့တယ်။

“လူကြီးမင်း ခင်ဗျား.. ခင်ဗျားရဲ့ ငွေကို ပြန်ယူပါ။ ဒီငွေတွေကို ကျွန်တော် အလိုမရှိဘူး။ သီချင်းကို ကျွန်တော် ဆိုချင်တဲ့အချိန် ဆိုရတာဟာ ဒီငွေတစ်ထောင်ထက် ပိုအတန်ဖိုးပါတယ်”

ငွေတစ်ထောင်ကို စားပွဲပေါ်တင်ပြီး မစ်စတာ ဂျွန်ဆင်ဟာ အောက်ထပ်က ကိုယ့်အခန်းထဲ ခုန်ပျံပြီး ဆင်းလာခဲ့တယ်။ ကလေးတွေကို ပွေ့ဖက်နမ်းရှုပ်ပြီး ပုလွေပေါက်လို တန်းစီလိုက်တယ်။ ကလေးတွေရဲ့ အလယ်က သူ့ရဲ့ခွေးခြေပုပေါ် ထိုင်ပြီး သီချင်းကို စိတ်ပါလက်ပါ အော်ဆိုလိုက်တယ်။

“နားထောင်ကြစမ်း... အိန်ဂျယ်လ်ရဲ့ သံပြိုင်တေးသွား.... ”

သူတို့ ပျော်ရွှင်နေကြတယ်။ အိမ်ကြီး တစ်အိမ်လုံးမှာ သူတို့ပဲ ရှိနေသလား ထင်ရလောက်အောင် ပျော်ရွှင်နေကြတယ်။ ဒီအိမ်ကြီးရဲ့ အရှင်သခင် သူဌေးက တစ်ယောက်တည်း အထီးကျန်စွာ အခန်းကိုးခန်းရှိတဲ့ သူ့ရဲ့ အိမ်ပေါ်ထပ်မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတယ်။ သူ ညည်းတွားနေတယ်။

“ပျင်းရိဖို့ ကောင်းတဲ့ ဒီလောကကြီးမှာ လူတစ်ချို့က ဘာလို့ ဒီလောက် ပျော်ရွှင်နေရသလဲ... ?”

ပြီးပါပြီ။

ဤ၀တ္ထုတွင်လည်း ရိုးသားဖြူစင်သော လူတွေသာ ဘ၀၏ ပျော်ရွှင်မှုကို ခံစားတတ်ကြောင်း၊ ပျော်ရွှင်မှုကို ရှာဖွေတတ်ကြောင်း ဖော်ပြထားသည်။ ၀တ္ထုအစမှာပင် ပျော်ရွှင်စရာကောင်းသော ဆင်းရဲသား မိသားစု အကြောင်းကို ရေးဖွဲ့ထားသည်။ ဆင်းရဲသား ဖိနပ်ချုပ်သမားသည် အလုပ်ကို ကြိုးစားလုပ်သော်လည်း ငွေကြေး မချမ်းသာခဲ့ပေ။ “ ဘုရားသခင်က တစ်နှစ်ကို ကလေးတစ်ယောက် တိုးနှုန်းနည်းဖြင့် စွန့်ကျဲခဲ့သည်။ တစ်ခါတရံတွင် ယောက်ျားလေးဖြစ်ပြီး တစ်ခါတရံတွင် မိန်းကလေးဖြစ်သည်။ ကလေးတိုင်းမှာ ကျန်းမာသန်စွမ်း ၀ဖြိုးကြသည်” ဤစာပိုဒ်က စာဖတ်သူများကို ကရုဏာသက်စေသည်။ ဆင်းရဲသော်လည်း ဖခင်၏ မေတ္တာရိပ်အောက်တွင် ကလေးတိုင်းက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းခဲ့ကြသည်။ ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာသော်လည်း နေအိမ်မှာ ပျော်ရွှင်ရယ်မောခြင်းများဖြင့် ပြည့်နေခဲ့သည်။ အပေါ်ထပ် အိမ်ကြီးဆောင်တွင် နေထိုင်သော အိမ်ရှင်သူဌေးမှာ တစ်ယောက်တည်း အထီးကျန်ပြီး စိတ်ညစ်နေသည်။ မရေမတွက်နိုင်သော ငွေကြေးများကို ပိုင်ဆိုင်သော်လည်း “ပျင်းရိဖို့ ကောင်းတဲ့ ဒီလောကကြီးမှာ လူတစ်ချို့က ဘာလို့ ဒီလောက် ပျော်ရွှင်နေပြီး ငါ့မှတော့ တစ်ယောက်တည်း အထီးကျန်ဆန်နေရသလဲ.. ?”

ငွေကြေးဖြင့် အရာတိုင်းကို ၀ယ်ယူ၍ မရနိုင်။ လောကကြီးတွင် ငွေကြေးဖြင့် စိတ်ချမ်းသာ ပျော်ရွှင်မှုကို ၀ယ်ယူ၍ လုံးဝ မရနိုင်ပေ။
နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။




Read More...

Warren Buffett


CNBC ရုပ်မြင်သံကြားက ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး စာရင်းဝင် Warren Buffett ကို အင်တာဗျုး ခဲ့တာလေးပါ။ Warren Buffett ဟာ Charity အဖွဲ့အစည်းကို ဒေါ်လာ ၃၁၀ မီလီယံ လှူဒါန်းခဲ့ပြီး ဖြစ်တယ်။ သူဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်ချို့ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

၁) သူဟာ အသက် ၁၁ နှစ်မှာ အစုရှယ်ယာ လက်မှတ်ကို ပထမဆုံး ၀ယ်ဖြစ်ခဲ့လည်း အခုချိန်အထိ ၀ယ်တာ နောက်ကျသွားတယ်လို့ နောင်တ ရနေသူဖြစ်တယ်။

၂) အသက် ၁၄နှစ်မှာ သတင်းစာပို့ခဲ့တဲ့ ပိုက်ဆံနဲ့ ခြံမြေတစ်ကွက် ၀ယ်လိုက်တယ်။

၃) ငွေကြေးချမ်းသာပေမဲ့ သူမွေးရပ်ငှာနေ Omaha မြို့မှာပဲ အခန်း ၃ခန်းပါတဲ့ အိမ်မှာပဲ နေခဲ့တယ်။ အဲဒီအိမ်ကို သူအိမ်ထောင်ကျပြီး နှစ်၅၀ပြည့်တဲ့ အချိန်မှာ ၀ယ်ခဲ့တာဖြစ်တယ်။ အဲဒီအိမ်ဟာ သူ့အတွက် အရာရာ ပြည့်စုံတယ်လို့ ပြောခဲ့လည်း အိမ်ဟာ ၀င်းမရှိ၊ စည်းရိုးမရှိတဲ့ အိမ်ဖြစ်တယ်။


၎) ကားကို ကိုယ်တိုင်ပဲ မောင်းတယ်။ ဒါရိုက်ဘာ မထားဘူး။ လုံခြုံရေး မထားဘူး။

၅) သူဟာ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက ဂျက်လေယာဉ်တွေ ပိုင်ဆိုင်တဲ့ သူဌေးဖြစ်ပေမဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ဘယ်တော့မှ ခရီးမထွက်သူဖြစ်တယ်။

၆) သူ့ကုမ္ပဏီ Berkshire Hathaway ရဲ့ လက်အောက်မှာ ကုမ္ပဏီခွဲ ၆၃ ခုရှိတယ်။ အဲဒီကုမ္ပဏီက အုပ်ချုပ်သူတွေကို တစ်နှစ်မှာ စာတစ်စောင်ပဲ သူပို့ခဲ့တယ်။ ကုမ္ပဏီအတွက် တားကက်တစ်ခုကို သတ်မှတ်ထားပြီး အစည်းအဝေးတွေ၊ ခေါ်ယူဆွေးနွေးပွဲတွေ သူဘယ်တော့မှ မကျင်းပခဲ့ဘူး။ အုပ်ချုပ်သူတွေ လိုက်နာရမဲ့ စည်းကမ်းက နှစ်ချက်ပဲရှိတယ်။
(၁) အစုရှယ်ယာဝင်ထားသူတွေရဲ့ အစုဝင်ငွေတွေ မလျှော့နည်းစေနဲ့။
(၂) နံပါတ်(၁) စည်းကမ်းကို လိုက်နာဖို့ မမေ့ပါနဲ့... ဆိုတာပဲဖြစ်တယ်။

(၇) သူဟာ လူ့အဖွဲ့အစည်းတွေနဲ့ သိပ်ရောနှော မနေတတ်ဘူး။ အလုပ်ပြန်ရင် ပေါက်ပေါက်ဆုပ် စားတယ်။ ရုပ်ရှင်ကြည့်တယ်။

(၈) လွန်ခဲ့တဲ့ ၅နှစ်က ကမ္ဘာ့ ပထမအချမ်းသာဆုံး စာရင်းဝင် ဘီလ်ကိတ်နဲ့ Warren Buffett တို့ ပထမဦးဆုံး တွေ့ဆုံခဲ့ကြတယ်။ Warren Buffett နဲ့ သူဟာ တူညီတဲ့ အချက်တစ်ချက်မှ မရှိဘူးထင်လို့ ဘီလ်ကိတ်က တွေ့ဆုံပွဲကို နာရီဝက်ပဲ အချိန်ကန့်သတ်လိုက်တယ်။ ဒါပေမဲ့ တကယ်တွေ့ကြတဲ့အခါ ၁၀နာရီကြာ ဆွေးနွေး ခဲ့ကြတယ်။ အဲဒီနောက် ဘီလ်ကိတ်ဟာ Warren Buffett ကို ယုံကြည်ကိုးကွယ်ပြီး Charity အတွက် ငွေကြေးတွေ လှူဒါန်းတော့တယ်။

(၉) Warren Buffett မှာ လက်ကိုင်ဖုန်း မရှိဘူး။ သူ့စားပွဲခုံမှာ ကွန်ပြူတာ မရှိဘူး။

လူငယ်တွေကို သူအကြံပေးတာက “Credit Card ရဲ့ ဆွဲဆောင်မှုက ဝေးအောင်ရှောင်ပါ။ ကိုယ့်ကိုယ်ကို အရင်းအနှီးလုပ်ပါ”

A.Money doesn’t create man but it is the man who created money.
ငွေက လူကို မဖန်ဆင်းဘူး။ ဒါပေမဲ့ လူက ငွေကို ဖန်ဆင်းပါတယ်။

B.Live your life as simple as you are.
ကိုယ်နေချင်တဲ့ ဘ၀အတိုင်း ရိုးရိုှးရှင်းရှင်း နေထိုင်ပါ။

C.Don’t do what others say, just listen them, but do what you feel good.
သူတစ်ပါး ပြောတာကို နားထောင်ရုံပဲ နားထောင်ပါ။ လိုက်မလုပ်ပါနဲ့။ ကိုယ်အကောင်းထင်တဲ့ အရာကိုပဲ လုပ်ပါ။

D. Don’t go on brand name; just wear those things in which u feel comfortable.
နာမည်ကြီး တံဆိပ်နောက် မူးယစ်မသွားပါနဲ့။ ကိုယ်နဲ့ သက်တောင့်သက်သာရှိမဲ့ အ၀တ်အစားကိုပဲ ၀တ်ပါ။

E. Don’t waste your money on unnecessary things; just spend on them who really in need rather.
ပိုက်ဆံကို မလိုအပ်တဲ့ နေရာမှာ မဖြုန်းပါနဲ့။ တကယ့်လိုအပ်တဲ့ နေရာမှာသာ သုံးပါ။

F. After all,it’s your life then why give chance to others to rule our life.
ဒါဟာ သင့်ဘ၀ပါ။ ကိုယ့်ဘ၀ကို ဘာဖြစ်လို့ တစ်ခြားလူကို ဦးဆောင်စေမလဲ ?

့http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။


Read More...

အထီးကျန်တဲ့ သစ်ပင်



မူရင်း.. Bulgaria စာရေးဆရာ Ailin Bilin (၁၈၇၇-၁၉၄၉)

စာရေးဆရာ Ailin Bilinဟာ ချမ်းသာတဲ့ လယ်သမား မိသားစုက ပေါက်ဖွားခဲ့တယ်။ ကျေးလက်တောရွာမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျေးလက် လူနေမှုအကြောင်းတွေ အရေးများတဲ့ သူ့ဝတ္ထုတိုတွေကြောင့် နာမည်ရလာခဲ့တယ်။ ပထမ ကမ္ဘာစစ် မတိုင်မီရေးခဲ့တဲ့ ၀တ္ထုတိုတစ်ပုဒ်နဲ့ ၀တ္ထုလတ်တစ်ပုဒ်ကြောင့် လူသိပိုများလာခဲ့တယ်။ ဒီဝတ္ထုနှစ်ပုဒ်လုံးက ၉၀နှစ်နှောင်းပိုင်း လယ်သမားဘ၀ကို အခြေခံထားတဲ့ ၀တ္ထုဖြစ်တယ်။ ပထမစစ်ဖြစ်တော့ စစ်ထဲဝင်ပြီး စစ်တပ်သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။

အထီးကျန်တဲ့ သစ်ပင်

တောအုပ်ထဲက မျိုးစေ့လေးနှစ်စေ့က ရက်စက်ကြမ်းတမ်းတဲ့ လေနီကြမ်းနောက် လွင့်မျှောလိုက်ပါခဲ့ရတယ်။ လေနီကြမ်းက မျိုးစေ့နှစ်စေ့ကို လယ်တော မြက်ရိုင်းပြင်မှာ တစ်နေရာစီ ချခဲ့လိုက်တယ်။ မိုးရေက မျိုးစေ့ကို စွတ်စိုစေပြီး မြေကြီးထဲ နစ်မြုပ်လိုက်တယ်။ သူတို့ကို နေရောင်ခြည်က နွေးထွေးတဲ့ အလင်းရောင်တွေ ပေးတယ်။ ဒီလိုနဲ့ လယ်တောထဲမှာ သစ်ပင်လေးနှစ်ပင် ပေါက်လာခဲ့တယ်။
စစခြင်းမှာတော့ ပျိုးပင်တွေက သေးသေးလေး။ အချိန်ဆိုတဲ့ အတိုင်းအတာတစ်ခုက မြေပြင်နဲ့ ဝေးအောင် သူတို့ကို မြင့်မြင့်လေး ဆွဲဆန့်လိုက်ကြတယ်။ အဝေးဆုံး နေရာကို သူတို့ လှမ်းမျှော်ကြည့်လို့ရပြီ။ သူတို့ချင်းလည်း လှမ်းကြည့်ခွင့်ရခဲ့ပါပြီ။

လယ်တော မြေရိုင်းက တမျှော်တခေါ် ကျယ်ပြန့်တယ်။ တစ်ပင်နဲ့တစ်ပင် အတန်ငယ် လှမ်းတဲ့ ဒီသစ်ပင် နှစ်ပင်ကလွဲလို့ ဟိုး အဝေး မြက်ခင်းစိမ်းစိမ်း အနားသတ်အထိ အခြားသစ်ပင်တွေကို မတွေ့ရဘူး။ ပုံသဏ္ဍာန်တူ ဒီသစ်နှစ်ပင်သာ ပြန့်ဖြူးတဲ့ ဒီလယ်တောထဲမှာ မတ်မတ်ရပ်လို့နေတယ်။ တမျှော်တခေါ် ကျယ်ပြန့်တဲ့ မြေရိုင်းကို တိုင်းတာတဲ့ အချိုးမကျတဲ့ ပေတံလို သစ်ကိုင်းတွေက တစ်ကိုင်းပေါ် တစ်ကိုင်း ယှက်သန်းလို့နေတယ်။

အဝေးကနေ သူတို့အချင်းချင်း လှမ်းကြည့်ကြတယ်။ ပြီးတော့ သူတို့ လွမ်းဆွေးကြတယ်။ အချင်းချင်း တိမ်းညွှတ်ကြတယ်။ ရှင်သန်ဖို့ အင်အားတစ်ခုက နွေဦးနဲ့အတူ နွေးနွေးထွေးထွေး ရောက်လို့လာတယ်။ သူတို့ရဲ့ ခန္ဓာထဲ လုံလောက်တဲ့ ရေတွေ အဆက်မပြတ် လည်ပတ်နေပြီဆိုရင် သူတို့ရဲ့စိတ်ထဲမှာ ထာဝစဉ် ခိုအောင်းနေတဲ့၊ ထာဝရ ခွဲခွာခဲ့ရတဲ့ မိခင်တောအုပ်ကို သူတို့ ပြန်လည်တမ်းတ သတိရနေမိတတ်တယ်။ အဲဒီအချိန်ကျရင် သူတို့ကိုယ်ပေါ်က သစ်ကိုင်းကို လှုပ်ရမ်းပြီး အချင်းချင်း ဆက်သွယ်မှုတွေ ပြုကြတယ်။ တကယ်လို့ ငှက်ကလေး တစ်ကောင်တစ်လေကများ ဒီတစ်ပင်ကနေ ဟိုတစ်ပင်ကို ကူးပြောင်းနားကြရင် သူတို့ဟာ ၀မ်းသာလွန်းလို့ ပင်စည်ကို အစွမ်းကုန် ထောင်မတ်ထားတတ်ကြတယ်။

လေပြင်းမုန်တိုင်း ကျပြီဆိုရင် သူတို့ဟာ ကြောက်လန့်တကြား ကိုယ်ကို ဘယ်ညာ ယိမ်းခါနေတတ်တယ်။ သစ်ကိုင်းတွေ ကျိုးသွားရင် နာနာကျင်ကျင် ညည်းညူပြီး အချင်းချင်း ပွေ့ဖက် အားပေးနိုင်အောင်၊ တစ်ပင်အနား တစ်ပင်သွားနိုင်အောင် မြေကြီးထဲကနေ သူတို့ အလွတ်ရုန်းချင်ကြတယ်။

ညဆိုရင် အချင်းချင်း မမြင်နိုင်အောင် အမှောင်ထဲမှာ သူတို့ ပျောက်ကွယ်နေကြတယ်။ အချင်းချင်း မမြင်ကြရင် သူတို့ကိုယ်မှာ မကောင်းဆိုးဝါးတွေ ကပ်ညှိနေသလားလို့ ထင်ရအောင် နာကျင်နေကြတယ်။ အချင်းချင်း မြင်နိုင်အောင် နေ့အလင်းရောင်တွေ မြန်မြန်ရောက်လာပါစေလို့ ကောင်းကင်ကို မော့ပြီး သူတို့ တောင်းဆုပြုကြတယ်။

မုဆိုးနဲ့ အလုပ်သမားအချို့ တစ်ခြားသစ်ပင်ရဲ့ အရိပ်မှာ နားခိုကြပြီဆိုရင် ကျန်တစ်ပင်က အထီးကျန်တဲ့ ဘ၀ဟာ ဘယ်လောက် ပင်ပန်းတဲ့အကြောင်း၊ ချစ်သူခင်သူ မိသားစုနဲ့ ဝေးကွာနေရတဲ့ နေ့ရက်တွေဟာ ရှည်လျှားလှတဲ့အကြောင်း၊ အဓိပ္ပါယ်မဲ့ကြောင်း စတာတွေကို ညည်းတွားနေတတ်တယ်။ သူတို့ရဲ့ ဆန္ဒတွေက ဖြေရှင်းခွင့် မရတဲ့ ဘ၀မှာ ပျောက်ဆုံးကုန်ကြရတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေက လက်တွေ့ အကောင်အထည် ဖော်ခွင့်မရတဲ့ ဘ၀မှာ ပျက်ဆီးကုန်ကြရတယ်။ အပြန်အလှန် နှစ်သိမ့်ခွင့် မရတဲ့ဘ၀၊ အချင်းချင်း ထိတွေ့ပြီး အကြင်နာ မေတ္တာတွေ ပေးဆပ်ခွင့် မရတဲ့ဘ၀ဟာ ဘယ်လောက်များ နာကျင်ခံစားရ ခက်သလဲနော်။


နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။

Read More...

စိတ် အလှည့်အပြောင်း


(၁)
ရထားပေါ်မှာ လင်မယားနှစ်ယောက် ထိုင်နေတယ်။ ယောက်ျားဖြစ်သူက တည်တည်ငြိမ်ငြိမ် တရိုတသေရှိပေမဲ့ မိန်းမဖြစ်သူက တစ်လမ်းလုံး ငြူစူအပြစ်ရှာနေတယ်။ ခုံတွေက ညစ်ပတ်လိုက်တာ၊ လေက တိုးလိုက်တာ၊ ၀န်ထမ်းတွေ တာဝန်မဲ့လိုက်တာနဲ့ သူ့အတွက် ဘာတစ်ခုမှ အလိုတကျဖြစ်မနေဘူး။

ရထားပေါ်မှာ တခရီးသွားချင်း တူတူထိုင်မိကြတော့ အချင်းချင်း မိတ်ဖွဲ့ကြတယ်။ ယောက်ျားက တရိုတသေပဲ “ကျွန်တော်က အင်ဂျင်နီယာပါ။ ကျွန်တော့်မိန်းမက ဖန်တီးရှင်ပါ” လို့ မိတ်ဆက်တော့ တချို့လူတွေက တအံ့တသြနဲ့ “ဘာဖန်တီးရှင်လဲ” လို့ မေးကြတယ်။

“မပျော်ရွှင်တာတွေကို ဖန်တီးတဲ့သူပေါ့” လို့ ယောက်ျားက ရီပြီ ပြန်ဖြေပါတယ်။

မနက်မိုးလင်းတာနဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ဒီနေ့ကို ပျော်ရွှင်စရာနဲ့ ကုန်ဆုံးစေမလား၊ မပျော်ရွှင်တာနဲ့ ကုန်ဆုံးစေမလားဆိုတာပဲ။ ရွေးချယ်ဖို့အတွက် ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။

“ပျော်ရွှင်တဲ့ ဘ၀ဆိုတာ ပျော်ရွှင်တဲ့ အတွေးတွေနဲ့ ဖန်တီးထားတာဖြစ်တယ်” ... နယူတန်

(၂)
ကျွန်တော့်မှာ လူချစ်လူခင်ပေါပြီး ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူဟာ သဘောကောင်းသလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တယ်။ သူ စိတ်ဆိုးဒေါသထွက်တာ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။

တစ်ခါက သူ့အိမ်ကို ကျွန်တော်လမ်းကြုံလို့ ရောက်သွားခဲ့တယ်။ ကျွန်တော် ရောက်သွားတဲ့ အချိန်မှာ သူက အိမ်အပေါ်ဆုံးထပ်ကနေ ဖြတ်ပျံသွားတဲ့ လေယာဉ်ဖက်ကို ဦးတည်ပြီး အသံကုန် အော်ဟစ်နေတာကို တွေ့လိုက်တယ်။ ကျွန်တော် အံ့သြပြီး သူ့ကိုမေးကြည့်တော့ “ဒီနေရာက လေယာဉ်ကွင်းနဲ့ နီးတယ်။ လေယာဉ်ဆင်းတိုင်း အင်ဂျင်သံတွေက ဆူညံနေတတ်တယ်။ တစ်ခါတလေ စိတ်ညစ်စရာနဲ့ ကြုံလို့ ကျွန်တော်စိတ်တို ဒေါသထွက်ရင် ဒီအပေါ်ထပ်ကို တက်ပြီး လေယာဉ်အလာကို စောင့်နေတတ်တယ်။ လေယာဉ်လာရင် ကျွန်တော်အသံကုန် အော်ဟစ်ပစ်လိုက်တယ်။ ကျွန်တော့်ဒေါသတွေက လေယာဉ်ရဲ့ အင်ဂျင်သံနဲ့အတူ ရောပါသွားရော...”

သူ ဒီလောက် သဘောကောင်းနေတာ သူ့ရဲ့ စိတ်မပျော်ရွှင်မှုကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သူသိနေလို့ပဲ ဖြစ်မယ်လို့ အိမ်အပြန်လမ်းမှာ ကျွန်တော်စဉ်းစားလာမိတယ်။

ဖိစီးမှုတွေများပြီး ခေတ်နဲ့အပြိုင် လှုပ်ရှားနေရတဲ့ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က ကိုယ့်ရဲ့ စိတ်ဖိအား လျော့ချနိုင်တဲ့နည်းကို ရှာဖွေတတ်ရမယ်။ ဒါမှ ကျန်းမာတဲ့ စိတ်ပျော်ရွှင်မှုကို ရမှာဖြစ်တယ်။

“တစ်ချို့ ဖိအားက ရှိကို ရှိရတယ်။ လှေသဘောင်္လိုပေါ့.. ကုန်ပစ္စည်း တစ်ချို့နဲ့ ဖိ(တင်)ပေးမှ ရွက်လွှင့်လို့ ရနိုင်မှာ”.... Arthur Schopenhauer

(၃)
ဆောင်းရောက်တာနဲ့ ဒီကန်က ရေတွေခန်းကုန်တယ်။ ရေခန်းတော့ ကန်ထဲက ငါးပုဇွန်တွေ တံငါဖမ်းလို့ ကုန်ပြီပေါ့။ ဒါပေမဲ့ ကန်ထဲမှာရှိတဲ့ ငါးတစ်မျိုးမှာ အသက်ဆက်တဲ့ နည်းရှိတယ်။ ဆောင်းရောက်ပြီဆိုတာနဲ့ အဲဒီငါးတွေက ရွံ့ထဲ တစ်ကိုယ်လုံး နစ်ဝင်နေကြတယ်။ လှုပ်ကို မလှုပ်တော့ဘူး။ တံငါတွေက ငါးကို ရွံ့နဲ့မှားကြတော့ တံငါဘေးက သူတို့ လွတ်ခဲ့ရတယ်။ နွေဦးဝင်လို့ ကန်ရေပြည့်လာပြီဆိုရင် ရွံ့ထဲက သူတို့ ရုန်းထွက်လာကြပြန်တယ်။

သတ္တ၀ါလေးတွေက ပတ်ဝန်းကျင်နဲ့လိုက်ပြီး အသက်ရှင်ဖို့ နည်းလမ်းကို ရှာဖွေကြတယ်။ အဲဒီ သတ္တ၀ါတွေထက် ပိုဦးနှောက်ရှိတဲ့ ကျွန်တော်တို့ လူသတ္တ၀ါတွေကရော...! အကွေ့အကောက်များတဲ့ ဘ၀လမ်းမှာ တစ်ခါလဲကျသွားတာနဲ့ အဲဒီနေရာမှာပဲ ထိုင်နေတော့မလား...! လာထူပေးတဲ့ လူကို မျှော်နေမလား...! စည်းဝိုင်းထဲမှာ အချင်းချင်း ထိုးသတ်ကြတဲ့ လူတွေကို ဘယ်သူမှာ သွားမထူပေးကြဘူး။ လဲကျလိုက် ပြန်ထလိုက်၊ လဲကျလိုက် ပြန်ထလိုက်နဲ့ ဆယ်စက္ကန့်အတွင်းမှာ ကိုယ့်ခွန်အားနဲ့ကိုယ် ပြန်ရုန်းထကြရတယ်။ ထရပ်မှ အနိုင်အရှုံး ပြန်တိုက်လို့ရမှာ... လဲကျပြီး ပြန်မထခဲ့ရင် နိုင်ဖို့အခွင့်အလမ်းဆိုတာ မရှိတော့ဘူး။

“လူရယ်လို့ အသက်ရှင်နေသမျှ မကွေးမညွတ်၊ မပြိုမလဲတဲ့ ကြံ့ကြံ့ခံနိုင်သူ ဖြစ်ရမယ်”.... Ernest Hemingway

ဘ၀ဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့ အရာပဲ။ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်။
မနက်ထလာတာနဲ့ မှန်ကြည့်ပြီး ကိုယ့်ကိုအပြုံးတစ်ခု အရင်ပေးလိုက်ပါ။ ^_^ ကျန်တဲ့ စိတ်မချမ်းသာမှုတွေကို မဖြေရှင်းနိုင်စရာ အကြောင်းမရှိဘူး။

http://www.youthwant.com
နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။

Read More...

လုံးဝ ဇွဲမလျော့တဲ့ လင်ကွန်း


နောက်ဆုံးအထိ မလျော့တဲ့ဇွဲနဲ့ ကြံ့ကြံ့ခံနိုင်တဲ့လူကို ပြပါဆိုရင် Abraham Lincoln ကို ပြရပါလိမ့်မယ်။ လင်ကွန်းဟာ ဆင်းရဲသား မိသားစုက ပေါက်ဖွားခဲ့ပြီး အသက်ရှင်နေခဲ့သမျှ ကာလပတ်လုံးမှာလည်း ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ရွေးကောက်ပွဲမှာ (၈)ကြိမ်ပါဝင် ရွေးကောက်ခဲ့လည်း (၈)ကြိမ်စလုံး အရွေး မခံခဲ့ရသလို စီးပွားရေး နှစ်ခါလုပ်တာ နှစ်ခါစလုံး အဆုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ စိတ်ကျဝေဒနာ အကြီးအကျယ် တစ်ကြိမ် ခံစားခဲ့ရတယ်။ လက်လွတ်တဲ့ အခြေအနေထိ ရောက်ခဲ့လည်း သူရဲ့ မလျော့တဲ့ဇွဲနဲ့ လက်မလွတ်၊ အရှုံးမပေးခဲ့လို့ပဲ သူဟာ အမေရိကန်ရဲ့ အအောင်မြင်ဆုံးသော သမတ္တဖြစ်လာခဲ့တယ်။

အောက်ပါ အချက်အလက်တွေက သူ အိမ်ဖြူတော် မရောက်ခင် သူ့ရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းချုံးဖြစ်တယ်။

၁၈၁၆ခုနှစ်.... သူ့မိသားစုတွေ နေအိမ်မှ မောင်းထုတ်ခံရ၊ မိသားစုအတွက် အလုပ်လုပ်ခဲ့ရ

၁၈၁၈ခုနှစ်.... မိခင်ကွယ်လွန်

၁၈၃၁ခုနှစ်.... စီးပွါးရေးဆုံးရှုံး

၁၈၃၂ခုနှစ်....လွှတ်တော်အမတ် ၀င်ရောက် ရွေးချယ်၊ မအောင်မြင်ခဲ့

၁၈၃၂ခုနှစ်....အလုပ်လက်မဲ့ဖြစ်၊ ဥပဒေကျောင်းတက်ဖို့ ကြိုးစားခဲ့သော်လည်း ၀င်ခွင့်မရခဲ့

၁၈၃၃ခုနှစ်....မိတ်ဆွေထံ ငွေချေးပြီး စီးပွါးလုပ်၊ မအောင်မြင်၊ ထိုချေးငွေကို ၁၆နှစ်ကြာအောင် ဆပ်ခဲ့ရ

၁၈၃၄ခုနှစ်... လွှတ်တော်အမတ် ၀င်ရောက်ရွေးချယ်၊ အောင်မြင်

၁၈၃၅ခုနှစ်....လက်ထပ်ခါနီး စေ့စပ်ထားသော သတိုးသမီးလောင်း ကွယ်လွန်၊ ရင်ကွဲနာကျ

၁၈၃၆ခုနှစ်....စိတ်ကျရောဂါခံစား၊ ဆေးရုံတွင် (၆)လကြာ ကုသခဲ့

၁၈၃၈ခုနှစ်....လွှတ်တော်အမတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ၀င်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၄၀ခုနှစ်....ရွေးကောက်ပွဲတွင်ပါဝင် ရွေးချယ်ခဲ့၊ မအောင်မြင်

၁၈၄၃ခုနှစ်....ပါရီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၄၆ခုနှစ်....နောက်ထပ်တစ်ကြိမ် ၀င်ရောက် ရွေးချယ်၊ ရွေးချယ်ခြင်းခံရ

၁၈၄၈ခုနှစ်... လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် ၀င်ရောက် ရွေးချယ်၊ မအောင်မြင်ပြန်

၁၈၄၉ခုနှစ်... ကိုယ့်ရပ် ကိုယ်ငှာနတွင် အမှုးထမ်းရန် အလုပ်လျှောက်ခဲ့သော်လည်း ငြင်းဆိုခံရ

၁၈၅၄ခုနှစ်...အမေရိကန်၏ အထက်လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ရွေးချယ်၊ မအောင်မြင်

၁၈၅၆ခုနှစ်...အမေရိကန်ပြည်သူ့ သမတ္တနိုင်ငံ၏ ဒုတိယ ဥက္ကဌအဖြစ် ပါဝင်ရွေးချယ်၊ သို့သော် မဲအစောင် (၁၀၀)ပင် မပြည့်ခဲ့

၁၈၅၈ခုနှစ်...အထက်လွှတ်တော်အဖြစ် ၀င်ရောက်ရွေးချယ်ပြန်၊ မအောင်မြင်

၁၈၆၀ခုနှစ်... အမေရိကန် သမတ္တအဖြစ် ရွေးချယ်ခံရ

လျှောက်ခဲ့တဲ့ လမ်းက ရွံ့နွံ့တွေ အထပ်ထပ်ပါပဲ။ ခြေတစ်ဖက်က ချော်လဲရင် ကျန်ခြေတစ်ဖက်ကလဲ လိုက်ယိုင်တယ်။ ဒါပေမဲ့ အသက်၀၀ ရှုပြီး ကိုယ့်ကို အသိပေးလိုက်တယ်။ “ဒါဟာ ခြေချော်ရုံ သက်သက်ပဲ။ ပြန်မထနိုင်စရာ အကြောင်း လုံးဝမရှိဘူး”

စင်ကာပူက ၀ယ်လာတဲ့ ပုံပြင် ၃၀၀ စာအုပ်ထဲကပါ
နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။

Read More...

သံပြားတစ်ချပ်ရဲ့ ပုံပြင်


တစ်ခါက သံပြားလေး တစ်ချပ်ဟာ တစ်နေရာမှာ အေးဆေး လဲလျောင်းနေတယ်။ တစ်နေ့မှာ လူတစ်ယောက်က သံပြားကို ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်တယ်။ ဟုန်းဟုန်းတောက်နေတဲ့ မီးအပူရှိန်ကြောင့် သံပြားဟာ မခံနိုင်ဘဲ “အစ်ကိုကြီး မီးရယ်။ ကျွန်တော် ပူလွန်းလို့ သေပါတော့မယ်။ အပူနည်းနည်း လျှော့ပေးလို့ ရမလား” လို့ တောင်းပန်တယ်။ သံပြားရဲ့ မခံမရပ်နိုင်တဲ့ ညည်းသံကြောင့် မီးက အပူရှိန် လျှော့ပေးလိုက်တယ်။
ခဏနေတော့ လူတစ်ယောက်က မီးဖိုထဲက သံပြားကို ထုတ်ပြီး သံတူနဲ့ ထုတော့တယ်။ သံတူနဲ့ ထပ်သလဲလဲ အထုခံရတဲ့ သံပြားလေးခမျာ အသက်ရူလို့တောင် မရတော့ “သံတူကြီး.. သံတူကြီးရယ် ခင်ဗျားရဲ့ ထုနှုန်းကို လျှော့ပေးလို့ မရဘူးလား.. ကျွန်တော် နာလွန်းလို့ သေတော့မယ်” လို့ အသနားခံတော့ သံတူက ထုအား လျှော့ပေးလိုက်ပြန်တယ်။

နောက်တော့ အထုအထောင်း၊ အကြမ်းအတမ်း လေ့ကျင့်မှုတွေ မခံနိုင်ခဲ့တဲ့ သံပြားလေးဟာ အချိန်တို အတွင်းမှာပဲ သံထည်စက်ရုံကို သံချေးအထပ်ထပ်၊ အပျက်အဆီးတွေနဲ့ ပြန်ပို့ခံလိုက်ရတယ်။ စက်ရုံ တစ်နေရာမှာ လောင်မြိုက်နေတဲ့ မီးဖိုကိုတွေ့တော့ သံပြားက “ ဘ၀ရဲ့ အထုအထောင်း တစ်ချို့ကို ငါမရှောင်လွဲသင့်ဘူးဆိုတာ အခုမှ သဘောပေါက် နားလည်တော့တယ်။ ရှောင်လွဲမိတာနဲ့ ဘ၀က ဆုတ်ယုတ် ညံ့ဖျင်းလာတော့တာပဲ” လို့ သံဝေဂ ရလိုက်မိတယ်။

့http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။

Read More...

သူဌေးတွေ ငွေကို ဘယ်လိုဖြုန်းသလဲ ?


အမေရိကန် မိုက်ခရိုဆော့ဖ် ဖခင် ဘီလ်ဂိတ်နှင့် မိတ်ဆွေတစ်ဦးသည် ဟိုတယ်တစ်ခုတွင် အစည်းအဝေး တက်ရောက်ရန် သွားရောက်ခဲ့သည်။ အသွားနောက်ကျသဖြင့် ကားရပ်နားရန် နေရာ ရှာမရဖြစ်နေခဲ့သည်။ ထိုအခါ မိတ်ဆွေက ဟိုတယ်၏ အထူးယာဉ်ရပ်နားရန် နေရာတွင် ရပ်ရန် အကြံပေးသည်။

“တစ်နာရီ ၁၂ ဒေါ်လာပေးရတာ မတန်ဘူး” ဟု ဘီလ်က ပြောပြီး လက်မခံခဲ့ပေ။ မိတ်ဆွေက ထိုငွေအား မိမိပေးမည်ဟု ပြောသော်လည်း ဘီလ်က အဆမတန် ဈေးမြင့်ထားသော ကားရပ်နားခကြောင့် ငြင်းဆန်ခဲ့သည်။ နောက်ဆုံးတွင် ဘီလ်၏ ခေါင်းမာမှုကြောင့် အထူးယာဉ်ရပ်နား နေရာတွင် မရပ်နားခဲ့ရပေ။

ကမ္ဘာ့ထိပ်တန်း ချမ်းသာသူများ စာရင်းတွင် ဘီလ်ဂိတ်လည်း တစ်ဦး အပါအ၀င်ဖြစ်သည်။ ၁၉၉၈ခုနှစ် ဇန်န၀ါရီမှ ဇွန်လအထိ သူ၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁၆၀ ဘီလီယံ တိုးမြင့်ခဲ့သည်။ ထိုငွေများသည် တစ်စက္ကန့်တွင် ဒေါ်လာ ၂၅၀၀ ၀င်ငွေနှင့် ညီမျှသည်။

လူတစ်ချို့က ဘီလ်ဂိတ်နှင့် ပတ်သက်ပြီး ဤသို့ ဟာသထုတ်သည်။ မြေပေါ်တွင် ကျနေသော ဒေါ်လာတစ်သောင်းတန် ချက်လက်မှတ်ကို ဘီလ်ဂိတ်တွေ့သော်လည်း ကောက်ယူဖို့ရန် မသင့်။ အကြောင်းမှာ သူခါးညွှတ်ပြီး ကောက်ယူချိန် ၅စက္ကန့်၏ ၀င်ငွေ ဒေါ်လာ ၁၂၅၀၀သည် ထိုချက်လက်မှတ်ထက် ပိုတန်ဖိုးရှိ သောကြောင့်ဖြစ်သည်။

ထိုသို့ ကျိကျိတက် ချမ်းသာနေသော ဘီလ်ဂိတ်သည် အဘယ်ကြောင့် တစ်နာရီ ၂၅ဒေါ်လာ ပေးရသော နေရာတွင် ယာဉ်မရပ်သနည်း?

“ခင်ဗျား ဒေါ်လာ ၀မ်းဘီလီယံ ပိုင်ဆိုင်လာတဲ့အခါ ငွေကြေးဆိုတာ သင်္ကေတ တစ်ခုပါပဲလားလို့ ခင်ဗျား သဘောပေါက်လာလိုက်မယ်” ဟု တစ်ခါက ဘီလ်ဂိတ် ပြောခဲ့ဖူးသည်။

ဘီလ်ဂိတ်နှင့် သူ့ဇနီးသည် ၅နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလီယံကို လှူခဲ့ပြီးသလို အသက် ၆၀ ရောက်လျှင် သူပိုင်ဆိုင်သမျှ ငွေကြေးများအား လူ့အဖွဲ့အစည်းအတွက် လှူဒါန်းမည်ဟု ကြော်ညာခဲ့ဖူးသည်။

လွန်ခဲ့သော ၁၀နှစ်ခန့်က စတီးဘုရင် Carnegie က “လူတစ်ယောက်ဟာ ချမ်းသာရက်နဲ့ သေသွားတာ ရှက်ဖို့ကောင်းတယ်” ဟု ပြောခဲ့ဖူးသည်။ သူလည်း ပိုင်ဆိုင်သမျှ အရာအားလုံးကို လူ့အဖွဲ့အစည်းအတွက် လှူဒါန်းခဲ့သည်။

“လောကမှာ အပျော်ဆုံးအရာက ပေးဆပ်ခြင်းပဲ။ အဓိပ္ပါယ် ရှိရှိနဲ့ ပေးဆပ်လိုက်ရတာထက် ပျော်တဲ့ အပျော်မရှိဘူး” ဟု အမေရိကန် Time Warner ကုမ္ပဏီပိုင်ရှင်က ၁၉၉၇ အစည်းအဝေး တစ်ခုတွင် ပြောခဲ့သည်။

ပုံပြင် ၃၀၀ စာအုပ်ထဲမှ
နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။

Read More...

ဘူးထဲက အနမ်း


သုံးနှစ်အရွယ် သမီးလေးတစ်ယောက် လူကြီးတွေကို အသိမပေးဘဲ လက်ဆောင်ပစ္စည်းထုပ်တဲ့ ငွေရောင်စက္ကူ တစ်ချို့ကို ယူကစားမိတယ်။ အဖေက သိတော့ စိတ်ဆိုးပြီး ကလေးကို အပြစ်ပေးတယ်။ ငွေရောင်စက္ကူကို ဘာလုပ်ပစ်လဲလို့ လိုက်စစ်မေးတော့ ကလေးငယ်က ဘူးထုပ်ဖို့ ယူသုံးမိကြောင်း ပြောခဲ့တယ်။

နောက်တစ်နေ့မှာ ကလေးငယ်က ဘူးကိုယူပြီး အဖေ့အတွက် လက်ဆောင်ဆိုပြီး သွားပေးလိုက်တယ်။ အကြောင်းမသိဘဲ ကလေးငယ်ကို အပြစ်ပေးမိတဲ့အတွက် အဖေက စိတ်မကောင်းဖြစ်မိတယ်။
ဘူးကိုဖွင့်ကြည့်တော့ အထဲမှာ ဘာပစ္စည်းမှ မတွေ့တာနဲ့ သူ့ကိုနောက်တယ် အထင်နဲ့ ကလေးငယ်ကို ဟောက်လိုက်မိပြန်တယ်။ အငေါက်ခံလိုက်ရတဲ့ ကလေးငယ်က အဖေကို မျက်ရည်ဝဲလေးနဲ့ ပြန်ကြည့်ပြီး “ဖေဖေ.. ဘူးက အလွတ်မဟုတ်ဘူး။ ဘူးထဲမှာ သမီးရဲ့ အနမ်းလေးတွေ မှုတ်သွင်းထားပါတယ်။ အားလုံးဟာ ဖေဖေ့အတွက်ပါ” လို့ ပြန်ပြောလိုက်တော့ အဖေဟာ အရုပ်ကြိုးပြတ်သလို နေရာမှာတင် ခွေလဲကျသွားတော့တယ်။

နောက်တော့ အဲဒီဘူးလေးကို သူ့ကုတင်ခေါင်းရင်းမှာပဲ အမြဲတင်ထားတော့တယ်။ စိတ်ညစ်၊ စိတ်ပျက်စရာနဲ့ ကြုံတိုင်း၊ အားအင်တွေ ကုန်ခမ်းသွားတိုင်း ဘူးကို ဖွင့်ပြီး အားရပါးရ သူ ရှုရှိုက်တတ်တယ်။ သူ့အပေါ်ထားတဲ့ သမီးရဲ့ မေတ္တာကို ဘူးထဲက အနမ်းနဲ့ သတိရမိအောင်ပါ။

လူတိုင်းရဲ့ ရင်ထဲမှာ ဘူးတစ်ဘူး ကိုယ်စီရှိကြတယ်။ အဲဒီဘူးလေးထဲမှာ အဆုံးမရှိတဲ့ မေတ္တာနဲ့ စာနာမှုတွေ ထည့်ထားတယ်။ ဘူးလေးကို လိုအပ်နေတဲ့ လူတွေကို လက်ဆောင် ပေးလိုက်ပါ။ ဒီထက်အဖိုးတန်တဲ့ လက်ဆောင် ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။ ငွေတွေကြေးတွေ ကုန်နေစရာ မလိုပါဘူး။ စစ်မှန်တဲ့ ဂရုစိုက်မှု တစ်ခုလေးနဲ့တင် ပြီးပြည့်စုံပါတယ်။


နိုင်းနိုင်းစနေ ဘာသာပြန်ပါတယ်။

Read More...

အိပ်မက် တစ်ခုကြောင့်


သူဟာ ဟန်ဂေရီ (Hungary)ရဲ့ မြို့တော် Budapest မှာ မွေးဖွားခဲ့တဲ့ သစ်ကုန်သည် တစ်ဦးရဲ့ သားဖြစ်တယ်။ ငယ်ငယ်ကတည်းက တုံးအခဲ့လို့ လူတွေက သူ့ကို “ငတုံး” လို့ ခေါ်ကြတယ်။ ၁၂ နှစ်အရွယ်ရောက်တော့ တစ်ညမှာ သူအိပ်မက် တစ်ခုမက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူရေးထားတဲ့ စာကို နိုဘယ်လ်က ကြိုက်မိလို့ ဘုရင်တစ်ပါးက သူ့ကို ဆုချတဲ့အကြောင်းဖြစ်တယ်။ အိပ်မက်မက်ပြီး တစ်ခြားလူတွေကို သူ့အိပ်မက် အကြောင်း ပြောပြချင်ပေမဲ့ လှောင်ရီကြမှာစိုးလို့ သူ ဖွင့်မပြောပြရဲခဲ့ဘူး။ နောက်မှ မိခင်ကို သူ ပြောပြလိုက်မိတယ်။

မိခင်က “ဒါဟာ သား တစ်ကယ်မက်ခဲ့တဲ့ အိပ်မက်ဖြစ်မယ်ဆိုရင် သားမှာ ထွက်လမ်းရှိပြီ။ မေမေကြားဖူးတာက ဘုရားသခင်ဟာ လူတစ်ယောက်ရဲ့ စိတ်ထဲ စိတ်ကူး အိပ်မက်တစ်ခု ထည့်ပေးလိုက်ပြီဆိုရင် အဲဒီအိပ်မက်ကို အကောင်အထည်ပေါ်အောင် အကူအညီ ပေးတယ်တဲ့” လို့ ပြောတော့ မိခင်စကားကို ယုံကြည်ပြီး သူဟာ စာရေးခြင်းကို နှစ်သက်သွားခဲ့တယ်။

“ဒီအစမ်းအသပ်ကို ငါခံနိုင်ရင် ဘုရားသခင်က ငါ့ကို ကူညီမှာပဲ” ဒီယုံကြည်ချက်နဲ့ သူဟာ စာတွေကို စရေးတော့တယ်။

၃နှစ်လွန်သွားတယ်။ ဘုရားသခင် ရောက်မလာခဲ့ဘူး။ နောက် ၃နှစ် လွန်သွားပြန်တယ်။ ဘုရားသခင် ရောက်မလာခဲ့ပြန်ဘူး။ သူ့ကို ကူညီဖို့ ဘုရားသခင်ရဲ့ အလာကို သူမျှော်နေတုန်းမှာ ဟစ်တလာရဲ့ စစ်တပ်က အရင်ရောက်လာခဲ့တယ်။ ဂျူးလူမျိုးဖြစ်တဲ့ သူ ၁၉၄၄မှာ နာဇီတို့ရဲ့ အဖမ်းကို ခံရပြီး Konzentrationslager Auschwitz-Birkenau ကို အပို့ခံလိုက်ရတယ်။

ဂျူးလူမျိုးတွေ ၆ မီလီယံ အသတ်ခံရတဲ့ အထဲမှာ သူလွတ်မြောက်ခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ သူ့ရဲ့ ပထမဦးဆုံး ၀တ္ထုဖြစ်တဲ့ Sorstalanság (Fateless) ကို သူရေးသားခဲ့တယ်။ အဲဒီနောက်ပိုင်း ၀တ္ထုအမြောက်အမြား သူရေးသားခဲ့တယ်။

ဘုရားသခင်ရဲ့ အကူအညီကို သူမျှော်လင့် မနေတော့တဲ့အချိန်မှာ The Royal Swedish Academy က၂၀၀၂ နိုဘယ်လ် စာပေဆုကို Imre Kertész က ရကြောင်း ကြေညာလိုက်တယ်။ အဲဒီနာမည်ကို ကြားတော့ သူအံ့သြတုန်လှုပ်သွားခဲ့မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည် ဖြစ်နေလို့ပါပဲ။

Imre Kertész (November 9, 1929- )

နာမည် သိပ်မရှိတဲ့ ဒီစာရေးဆရာ နိုဘယ်လ်ဆုရတာကို ဘယ်လို ခံစားရပါသလဲလို့ လူတွေက မေးကြတော့ “ဘယ်လိုမှ မခံစားရပါဘူး။ ကျွန်တော် သိတာက “ကျွန်တော် ဒါကိုပဲ လုပ်ချင်တယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ မမှုဘူး” လို့ လူတွေပြောတဲ့အခါ ဘုရားသခင်က အခြားအရာ တစ်ခုခုအဖြင့် ဖန်ဆင်းပြီး လာကူညီတယ်ဆိုတာကိုပဲ” လို့ သူပြောခဲ့တယ်။

စိတ်ထဲက အိပ်မက် စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ မကြောက်နဲ့။ ကျဆုံးခြင်းတွေ ရှိပေမဲ့လည်း တစ်နေ့မှာတော့ အောင်မြင်ခြင်းက ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့မှာပါ

Read More...

စမှတ်ဆီ ဘယ်တော့ပြန်ရောက်မလဲ?


လွန်ခဲ့တဲ့ ၁၉၈၃ခုနှစ်က ကျွန်တော်ဟာ တစ်ခြားလူတွေလိုပဲ အမေရိကားမှာ ပညာတော်သင် သွားတက်ခဲ့တဲ့ သာမန်ဆရာဝန်တစ်ဦးပါ။

ကျွန်တော်က ဆေးတက္ကသိုလ်မှာ အာရုံကြောအထူးကု တွဲဘက်ပါမောက္ခဖြစ်ပြီး ဆရာဝန်တွေကြားမှာ နာမည်ကျော်ကြားတဲ့ ဦးနှောက်ခွဲစိတ် အထူးကု တစ်ဦးလည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်မှာ လူနာတွေ အရမ်းများခဲ့တယ်။ အမေရိကားမှာ နေတုန်းက လူတစ်ချို့က တကယ်လို့ ဆရာဝန်တွေ၊ နပ်စ်တွေ ဦးနှောက်အာရုံကြော စစ်ဆေးဖို့ လိုအပ်လာရင် ဘယ်ဆရာဝန်တွေဆီမှာ အကုအသ သွားခံသလဲ ဆိုတာကို စုံစမ်း မေးမြန်းတတ်ကြတယ်။ အဲဒီလိုဆရာဝန်ကို သူတို့က “Doctor’s doctor” လို့ ခေါ်ကြတယ်။
ကျွန်တော်က အဲဒီဆရာဝန်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောကု ဆရာဝန်တစ်ဦးဖြစ်တယ်။ ဒါကြောင့် တစ်နှစ် ၃၆၅ ရက်မှာ ကေ့စ်ပေါင်း ၃၆၀ခုကို ကိုင်တွယ်ရသလို ဆေးရုံက လူနာနဲ့ ဆေးခန်းက လူနာတွေ ပေါင်းလိုက်ရင် တစ်နှစ်မှာ ကျွန်တော် လူနာအယောက် ၅၀၀၀လောက် ကြည့်ရတယ်။ ကျွန်တော် အလုပ် ဘယ်လောက်များတယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

တစ်ခါတလေ ညည့်နက် အလုပ်ဆင်းလို့ အိမ်ပြန်ရာ လမ်းတစ်လျှောက်မှာလည်း ကျွန်တော့်သမီးလေး နှစ်ယောက် ဒီနေ့ လိမ္မာရဲ့လား... ကျောင်းမှာ အဆင်ပြေရဲ့လားလို့ တွေးပြီး ရုံးပိတ်ရက်တွေမှာ ကျွန်တော့်အချိန်ကို ခွဲပြီး သူတို့နဲ့အတူ မြင်းမစီးနိုင်တာ၊ ငါးမမျှားနိုင်တာကို စိတ်မကောင်းဖြစ်မိတယ်။

ဒါပေမဲ့ သူတို့ လှုပ်ရှားနိုင်ဖို့အတွက် ခြံဝန်းကျယ်နဲ့ အိမ်ကြီးတစ်အိမ် ၀ယ်ပေးထားပြီပဲ။ ခြံထဲမှာ သူတို့ သူငယ်ချင်းတွေနဲ့ ဆော့ကစားနိုင်တယ်။ ရေကူးနိုင်တယ်။ သစ်ပင်တက်နိုင်တာပဲလို့ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်လိုက်မိတယ်။ ကျွန်တော့် ငယ်ဘ၀နဲ့စာရင် သူတို့ ရှင်သန်ရာ ဘ၀က ပြီးပြည့်စုံနေပါပြီ။ သူတို့ကို နာမည်ကြီး ကျောင်းမှာထားတဲ့အပြင် ငွေလည်း စုထားပေးတယ်။ သူတို့ တက္ကသိုလ်ရောက်ရင် ပညာသင်စရိတ်အဖြင့် ဘဏ်မှာ ကျွန်တော် ငွေစုထားဦးမယ်။ သူတို့ အရွယ်ရောက်ရင် စီးပွားရေးလုပ်နိုင်ဖို့ လူတစ်ဦးဆီအတွက် ငွေတွေစုထားဦးမယ်။ ပင်စင်ယူသွားတဲ့ အဖေ့ကိုလည်း လတိုင်း သားသမီးတွေဆီမှာ လက်ဖြန့်မတောင်းရအောင် ကျွန်တော် ငွေစုဦးမယ်။ နောက်ပြီး ကျွန်တော် ......

တနင်္ဂနွေနေ့ တစ်နေ့မှာ ကျွန်တော်တို့ တစ်မိသားစုလုံး ဘုရားကျောင်းကို ရောက်ခဲ့တယ်။ ဘုရားရှိခိုးပြီးတော့ ကျွန်တော့်ဇနီးက အမျိုးသမီး အစည်းအဝေးအတွက် ဘုရားကျောင်းမှာ ကျန်နေခဲ့တယ်။ ကျွန်တော်က ကလေးတွေကို ခေါ်ပြီး တရုတ်ဆိုင် တစ်ဆိုင်မှာ နေ့လယ်စာ သွားစားခဲ့ကြတယ်။ ကလေးတွေကို အိမ်ပြန်ပို့ပြီး ဆေးရုံကို ကျွန်တော်ထွက်လာခဲ့တယ်။ ကားမောင်းရင်း ကျွန်တော် အသက်ရှူကျပ်ပြီး ရင်ဘတ်အောင့်လာတယ်။ ရင်အောင့်သက်သာအောင် ကားတစ်စီးလုံးကို ရီမုကွန်ထရိုနဲ့ ထိန်းချုပ်ထားတဲ့ ကျွန်တော့် မာစီဒီးကား ပြတင်းပေါက်ကို လေ၀င်လေထွက် ကောင်းအောင်ဖွင့်လိုက်တယ်။ ဒါပေမဲ့ ဆေးရုံရောက်တဲ့အထိ မသက်သာခဲ့ဘူး။ အရေးပေါ်မှာ တာဝန်ကျတဲ့ ဆရာဝန်တစ်ဦးကို စစ်ဆေးခိုင်းတော့လဲ ပုံမှန်ပါပဲ။ အခန့်သင့်တွေ့လိုက်တဲ့ နှလုံးအထူးကု တစ်ဦးကို တိုင်ပင်တော့ သူက ကျွန်တော့်ကို စစ်ဆေးပြီး ဆေးရုံတက်ခိုင်းခဲ့တယ်။

သူရဲ့ အကြောင်းပြချက်က ဆေးရုံတစ်ရုံးလုံးရဲ့ ဆရာဝန်တွေ၊ ၀န်ထမ်းတွေနဲ့ လူနာတွေအတွက် ကျွန်တော့်လိုတော်တဲ့ အာရုံကြောအထူးကု ဆရာဝန်တစ်ဦးကို မဆုံးရှုံးချင်လို့ပဲဖြစ်တယ်။ အသက် ၈၉ရှိပြီဖြစ်တဲ့ ကျွန်တော့်အဘိုးနဲ့ အသက် ၆၇နှစ်ရှိတဲ့ ကျွန်တော့်အဖေက ကျန်းကျန်းမာမာ ရှိနေတုန်းပါပဲ။ ကျွန်တော်တို့ မျိုးရိုးမှာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ မရှိဖူးကြောင်း ကျွန်တော် ငြင်းဆိုခဲ့တယ်။ သူတို့အသက်ရှင် ကျန်းမာနေတာ ကျွန်တော်လို့ စိတ်ဖိအားများတဲ့ အာရုံကြောအထူးကု ဆရာဝန် တစ်ဦး မဟုတ်တဲ့အတွက်ဖြစ်တယ်လို့ သူက ပြန်ချေပပါတယ်။

နောက်ဆုံးမှာ ကျွန်တော်ဆေးရုံ (၃)ရက်တက်ခဲ့ရတယ်။ ကျွန်တော့်ကို စစ်ဆေးကုသဖို့အတွက် ဒေါ်လာ တစ်သိန်းနီးပါး အကုန်အကျခံခဲ့ကြတယ်။ စစ်ဆေးတဲ့ ရလဒ်က တရုတ်ဆိုင်မှာ စားခဲ့တဲ့ ခေါက်ဆွဲမှာ အချိုမှုန့်တွေ အလွန်အကျွံ ထည့်ထားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ခန့်မှန်းသိခဲ့ရတယ်။ နှလုံးသွေးကြောကျဉ်းတာ၊ ပိတ်တာ မဟုတ်ဘူးလို့လဲ သိခဲ့ရပါတယ်။

(၄)ရက်မြောက်နေ့မှာ ကျွန်တော် ဆေးရုံကဆင်းတာနဲ့ ခွဲစိတ်ခန်းထဲ ၀င်ပြီး အလုပ်စဆင်းခဲ့တယ်။ အဲဒီလိုချက်ချင်း အလုပ်စ၀င်တာကလဲ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်၊ တာဝန်သိတတ်စိတ်၊ ငါမရှိရင် မဖြစ်တဲ့စိတ်တွေကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဆေးရုံတက်နေတဲ့ အတောအတွင်း ကျွန်တော် စာအုပ်တွေ အများကြီး ဖတ်ဖြစ်ခဲ့တဲ့ အကျိုးက အဲဒီစိတ်တွေကို ပြောင်းလဲစေခဲ့တယ်။ ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေထဲမှာ ရုရှားစာရေးဆရာ Leo Tolstoyရဲ့ ၀တ္ထုတိုတစ်ပုဒ်က ဒီလိုရေးထားပါတယ်။

တစ်ခါက လယ်သမားတစ်ဦးဟာ မနက်မိုးလင်းက မိုးချုပ်ထိ အလုပ်ကို ပင်ပင်ပန်းပန်းနဲ့ ကြိုးစားပြီး လုပ်ခဲ့တယ်။ နေ့လယ်စာ စားဖို့တောင် မအားမလပ် ဖြစ်နေခဲ့တယ်။ တစ်နေ့တာကုန်လို့ နေ၀င်တော့မယ်ဆိုရင် နေ့တာကလဲ တိုလိုက်တာလို့ ညည်းတတ်သလို “have to save something for raining days” (လိုအပ်တဲ့အချိန်မှာ အသုံးပြုဖို့ အစာတွေကို ငါဆုတောင်းရမယ်) လို့လည်း အမြဲရေရွတ်နေတတ်တယ်။

ဒါကို နတ်သမီးတစ်ပါးက ကြားတော့ လယ်သမားကို သနားသွားတယ်။ သူဟာ လယ်သမားနား ချည်းကပ်ပြီး “အသင်က အလုပ်ကြိုးစားတယ်။ မိဘတွေကိုလည်း ပြုစုစောင့်ရှောက်တယ်။ သားသမီးတွေကိုလည်း ချစ်တယ်။ အိမ်နီးချင်း မိတ်ဆွေတွေနဲ့လည်း သင့်မြတ်တယ်။ ဒါကြောင့် ဘုရားသခင်က အသင့်ကို ပိုပြည့်စုံအောင် လယ်ဧကတွေ ချီးမြှင့်ပေးမယ်။ ဒီနေ့ ဒီနေရာကို စမှတ်ထားပြီး အသင် အစွမ်းရှိသလောက် ပြေးပါ။ တစ်ပတ်လှည့်လာလို့ စမှတ်ကို ပြန်ရောက်ရင် အသင်ပြေးခဲ့တဲ့ မြေဧကတွေကို အသင်ပိုင်ဆိုင်မှာဖြစ်တယ်” လို့ ပြောလိုက်တယ်။

နတ်သမီးရဲ့ စကားကိုကြားတော့ လယ်သမားဟာ ၀မ်းသာပြီး ချက်ချင်း စပြေးပါတယ်။ မောပန်းရင် သောက်ဖို့ ရေဗူးလဲ မေ့နေပြီး ရှေ့ကိုသာ အားသွန်ခွန်စိုက် ပြေးနေတော့တယ်။ သူဟာ နာရီဝက်လောက်ပြေးပြီး နောက်ပြန်ကြည့်လိုက်တယ်။ သူ ၀မ်းသာသွားတယ်။ သူပြေးခဲ့တဲ့ မြေဧကတွေ သူ့တစ်သက် လုံလောက်ပြီလို့တွေးပြီး အပြေးရပ်ဖို့ သူစဉ်းစားလိုက်တယ်။ ဒါပေမဲ့ ဒီလိုအခွင့်အရေးက ရခဲတယ်။ ငါ့သားသမီးတွေအတွက် ငါထပ်ပြေးလိုက်ဦးမယ်ဆိုပြီး နောက်တစ်နာရီ ထပ်ပြေးပြန်တယ်။ လယ်သမားဟာ ချွေးတပြိုက်ပြိုက်နဲ့ ဆာလောင် ပင်ပန်းနေပါပြီ။ သူနောက်ပြန် လှည့်ကြည့်လိုက်ပြန်တယ်။ စမှတ်နဲ့ တော်တော် အလှမ်းဝေးနေပြီဖြစ်လို့ သူနောက်ကြောင်းပြန်လှည့်ဖို့ စဉ်းစားလိုက်တယ်။ ဒါပေမဲ့ သူ့မောင်နှမကို သတိရမိပြီး သူဆက်ပြေးပြန်တယ်။ ပြေးရင် သူ့ရင်ဝ အောင့်လာတယ်။ ခေါင်းလဲ မူးလာတယ်။ ဒါပေမဲ့ သူ ထပ်စဉ်းစားပြန်တယ်။ “အင်း.. ငါအသက်ကြီးပြီ။ အရင်လိုလဲ မသန်မာတော့ဘူး။ အိုစာ မင်းစာအတွက် ငါထပ်ပြေးဦးမယ်” ဆိုပြီး သူဆက်ပြေးပြန်တယ်။ ပြေးနေရင်း အမောမခံနိုင်တော့ နေရာမှာတင် လဲကျ သေဆုံးသွားတော့တယ်။ စမှတ်ဆီကိုတောင် သူပြန်လှည့်ဖို့ အခွင့်အရေး မရခဲ့လို့ မြေတွေလဲ ဆုံးရှုံးခဲ့ရတယ်။

ပုံပြင်ရဲ့ ဆိုလိုချက်က လူတစ်ယောက်ဟာ လောဘ အရမ်းတက်လာရင် နောက်ဆုံးမှာ အရာအားလုံးကို လက်လွတ်ရတတ်တယ် ဆိုတာပဲဖြစ်တယ်။ အဲဒီပုံပြင်က ကျွန်တော့်ရဲ့ အမြင်တွေကို ပြောင်းလဲစေခဲ့တယ်။ လယ်သမားလို့ ကျွန်တော် လောဘမကြီးသင့်ဘူး။

နောက်ပိုင်း တစ်နှစ်မှာ ကျွန်တော်တစ်လ ခွင့်ယူပြီး ကျန်းမာရေး အသိဖြန့်သူအဖြင့် လုပ်အားပေးခဲ့တယ်။ မဖွံဖြိုးတဲ့ နိုင်ငံတွေမှာ သွားရောက်ပြီး ကျန်းမာရေး ဗဟုသုတအတွက် စာတွေ သင်ကြားပေးတယ်။ လုပ်အားပေးတဲ့ ကာလအတွင်း သူငယ်ချင်းမိတ်ဆွေနဲ့ ဘာသာတူအချို့ကို ခင်မင်ရင်းနှီးဖို့ အခွင့်ရခဲ့တယ်။ လူတွေကို ကူညီတဲ့ ပျော်ရွှင်ခြင်း အရသာကိုလည်း လေ့လာခဲ့ရတယ်။

၁၉၈၄ မက်ဆီကိုက ကမ္ဘာ့ခရစ်ယာန် ဆရာဝန်များ အစည်းအဝေးမှာ လက်နဲ့ အနာကြီးရောဂါ အထူးကု ဆရာဝန် Paul Brandကို ခင်မင်ရင်းနှီးခွင့် ရခဲ့တယ်။

၁၉၈၅မှာ Mother Theresa ဆီ ရောက်ခဲ့စဉ်က သူ့ဆီက ချွေတာတဲ့ နည်းလမ်းကို သင်ယူနိုင်ခဲ့တယ်။ “Live Simple, so thousands of others can simply live” ကျွန်တော်တို့ ချွေတာမှ ကျန်ရှိနေတဲ့ ပစ္စည်းဥစ္စာတွေကို လိုအပ်နေတဲ့ ဆင်းရဲသားတွေ အသက်ဆက်ရှင်ဖို့ လှူဒါန်းရမယ်လို့ ကျွန်တော့်ကို သူပြောပြခဲ့တယ်။

၁၉၉၆မှာ ထိုင်ဝမ်ကျွန်း တောမြို့လေးတစ်မြို့က Mennonite Christian Hospital မှာ ကျွန်တော် လုပ်အားပေးအဖြင့်နဲ့ တစ်လရောက်ခဲ့တုန်းက အရင်ဆေးရုံအုပ်ကြီး Dr.Brownနဲ့ ပထမဆုံးအကြိမ် သိခွင့်ရခဲ့တယ်။ Dr.Brown အိမ်ကို ကျွန်တော်တို့ ဇနီးမောင်နှံ ထမင်းစားဖိတ်ခံရမှာ Mrs. Brown ဟာ စိုစွတ်တဲ့ မြို့မှာ နေထိုင်ရတဲ့အတွက် လေဖြတ်ခံထားရကြောင်း သိရတဲ့အပြင် Dr. Brown လည်း လက်နာလို့ အမြဲသောက်တဲ့ Aspirin ဆေးကြောင့် နားလေးဝေဒနာကို ခံစားနေရတယ်လို့ သိရတယ်။

ဒါတောင် သူတို့ဟာ နိုင်ငံရပ်ခြားက လာပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့၊ ကျန်းမာရေး အသိဥာဏ် မဖွံ့ဖြိုးတဲ့ ထိုင်ဝမ်ကျွန်းက ဒီလိုတောမြို့လေးမှာ လာပြီး အနှစ်၄၀လုံး ဘ၀ကို ပေးဆပ်ခဲ့တယ်။ ထိုင်ဝမ်လူမျိုးဖြစ်တဲ့ ကျွန်တော် သူ့ကို ကျေးဇူးတင်မိသလို ကိုယ့်ကိုယ့်ကိုလည်း ရှက်မိပါတယ်။

၁၉၉၀မှာ Dr. Brown ပင်စင်ယူပြီး အမေရိကားကို ပြန်တော့ နေဖို့ အိမ်တောင် မရှိခဲ့ရှာဘူး။ ကိုယ့်ကျိုးကို စွန့်ပြီး လူတွေအတွက် ပေးဆပ်ခဲ့တဲ့ သူ့ကို ကျွန်တော် ပိုလေးစားမိခဲ့တယ်။

၁၉၉၁မှာ ထိုင်ဝမ်က သူ့ကိုဂုဏ်ပြုဆုပေးတဲ့ အခမ်းအနားမှာ Dr. Brownက “ကျွန်တော်တစ်သက်ကို ထိုင်ဝမ်အတွက် ပေးဆပ်ခဲ့တယ်။ ထိုင်ဝမ်လူမျိုးတွေ အထူးသဖြင့် ထိုင်ဝမ်က ဆရာဝန်တွေလည်း ကျွန်တော်လို့ပဲ ကိုယ့်လူမျိုးအတွက် ပေးဆပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ခိုကိုးရာမဲ့သူတွေ၊ တောမြို့က ပြုစုစောင့်ရှောက်ဖို့လိုတဲ့ လူတွေအတွက်ပါ။ ဒါပေမဲ့ နှမြောစရာကောင်းတာက ထိုင်ဝမ်က ဆရာဝန်တွေဟာ အဲဒီတောမြို့တွေကို ဝေးတယ်ထင်ပြီး မသွားကြဘဲ အမေရိကားကိုတော့ ခရီးနီးတယ် ထင်ပြီး အားလုံးက အမေရိကားမှာပဲ လာစုနေကြတယ်” လို့ ပြောခဲ့တယ်။

သူရဲ့ စကားတွေက ကျွန်တော့်ကို တည့်တည့်ပြောနေသလို ခံစားမိတယ်။ သူ့စကားကပဲ ကျွန်တော်ရဲ့ စမှတ်ဖြစ်တဲ့ ထိုင်ဝမ်ကို ကျွန်တော် ပြန်ရောက်အောင် ဆွဲခေါ်ခဲ့တယ်။ ၁၉၉၃ နှစ်ကုန်မှာ Dr. Brownရဲ့ တာဝန်ကို ကျွန်တော် ဆက်ထမ်းဆောင်ခဲ့တယ်။ ဝေးလံတဲ့ နေရပ်က တိုင်းရင်းသားတွေရဲ့ ကျန်းမာရေးအတွက် တာဝန်ယူခဲ့တယ်။

ထိုင်ဝမ်မှာ ဦးခေါင်း အထိခိုက်ဆုံးနေရာ၊ အသေအပျောက် အများဆုံးနေရာဖြစ်တဲ့ တောမြို့တစ်မြို့မှာ ကျွန်တော်ရဲ့ ဦးနှောက်အာရုံကြော အထူးကုဆိုတဲ့ အတတ်ပညာနဲ့ တာဝန် လာထမ်းဆောင်ရတဲ့အတွက်လည်း ၀မ်းသာကျေနပ်မိခဲ့တယ်။

နတ်သမီးက ကျွန်တော်ကို မြေဧကတွေ မပေးခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကို တောင်းဆုတွေ ပေးခဲ့တယ်။ ပြည့်ဝတဲ့ လူ့ဘ၀ကို ခံစားစေခဲ့တယ်။ ကျန်းမာပျော်ရွှင်မှုတွေ ပေးခဲ့တယ်။

ကျွန်တော်တို့ဟာ ရာစုနှစ်တွေကို ကျော်ဖြတ်နေတဲ့ ခေတ်သစ်လူတွေပါ။ ကျွန်တော်တို့ ရှေ့ကိုပဲ အားသွန်ခွန်စိုက် ပြေးနေကြတယ်။ ဘယ်အချိန်ကျမှ စမှတ်ဆီ ကျွန်တော်တို့ ပြန်လှည့်ကြမယ်လို့ ခင်ဗျားတို့ စဉ်းစားခဲ့ဖူးပါသလား...?

ထိုင်ဝမ် Hualien Mennonite Christian Hospital ဆေးရုံအုပ် Dr. Huang Sheng-hsiung ၏ “ မတော်တဆ လူ့ဘ၀” အား ဘာသာပြန် ခံစားသည်။


Read More...

အမှတ်တမဲ့ ဆူး


တစ်နေ့က ကားကို သစ်ပင်တစ်ပင်အောက်မှာ ရပ်ထားမိတယ်။ သစ်ပင်မှာ တွယ်နေတဲ့ ဆူးနွယ်ခြောက်တွေက ကျိုးကျပြီး ကားပေါ် လာတင်နေတယ်။ ဆူးတွေကို လက်နဲ့ ယူမပစ်ချင်တော့ ကားထွက်ရင် သူ့အလိုလို လျှောကျသွားမယ်လို့ ထင်ပြီး ဆူးတွေကို မဖယ်မိခဲ့ဘူး။

ဒီနေ့မှာ ခင်ပွန်းက ကားဘီး ဆူးစူးလို့ ပေါက်သွားတဲ့အကြောင်း လာပြောတော့ ကျွန်မ အံ့သြသွားတယ်။ ခင်ပွန်းက ဆူးကိုပါ နှုတ်ပြီး ကျွန်မကို လာပြတယ်။ ဆူးက တကယ့်သေးသေးလေး... ကားဘီးရဲ့ အပါးဆုံးနေရာကို ကွက်တိပဲ စူးဝင်နေတယ်။
ဝပ်ရှော့သွားပြတော့ ကားပြင်ဆရာက အပါးဆုံးနေရာကို စူးမိလို့ ပြန်ဖာမရနိုင်တဲ့အကြောင်း၊ ပြန်ဖာရင်လဲ ဖိအားဒဏ်ကို မခံနိုင်ဘဲ ဘီးပေါက်နိုင်ကြောင်း၊ ဘီးတစ်ခုလုံး လဲလိုက်ဖို့ သင့်ကြောင်း အကြံပေးပါတယ်။

စင်တီမီတာ တစ်ဝက်တောင် မရှိတဲ့ ဆူးတစ်ခုက ထူထည်းတယ်လို့ ထင်ရတဲ့ ကားဘီးတစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်။ ခင်ပွန်းက ဆူးကိုတွေ့တော့ အမှတ်တမဲ့ ဆွဲနှုတ်လိုက်တာနဲ့ ကားဘီးထဲက လေထွက်သံကို ကြားလိုက်ရသတဲ့။ လေယိုတာ နှေးပေမဲ့ လေတွေ အကုန်ထွက်သွားရင် ကျွန်မတို့ ဒုက္ခရောက်တော့မယ်။ ဒါကြောင့် လေမလျှော့ခင် ၀ပ်ရှော့ဆီ အမြန်မောင်းခဲ့ရတယ်။

အဲဒီ ဆူးလေးတစ်ချောင်းကို ကျွန်မ စိတ်ထဲ မှတ်ထားလိုက်ပြီး ဘယ်လောက်ပဲ ခိုင်မြဲတဲ့ ခင်မင်မှု၊ ချစ်ခင်မှုပဲ ဖြစ်ပါစေ သူငယ်ချင်း၊ လင်မယားတွေကြားမှာ ဆူးစူးနိုင်တဲ့ ပျော့ညံ့တဲ့ နေရာတစ်နေရာတော့ ရှိနိုင်တယ်လို့ ကိုယ့်ကို သတိပေးလိုက်မိတယ်။ ကိုယ်ပြောလိုက်တဲ့ စကားက ဘာမှ မဖြစ်ပါဘူးလို့ ထင်ပြီး ဆူးတစ်ချောင်းလို ပေါ့ပေါ့မထားသင့်ဘူး။ ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ထားတဲ့ ဆူးတစ်ချောင်းက ကားဘီးလို ထူထည်းတဲ့ ချစ်ခင်မှုကိုတောင် ပျက်ဆီးသွားစေနိုင်တယ်လေ။

လူလူချင်း ဆက်ဆံရာမှာ ကိုယ်က ပျော်တတ်၊ ခင်တတ်လို့ အမှတ်တမဲ့ပဲဖြစ်ဖြစ်၊ တမင်သက်သက်ပဲဖြစ်ဖြစ် နောက်ပြောင်လိုက်တဲ့ စကားတစ်ခွန်းက သူတစ်ပါးရဲ့ ပျော့ညံ့တဲ့နေရာ၊ အလေးထားတဲ့ အရာကို တိုက်ရိုက်သွားထိခိုက်တာနဲ့ တူနေတတ်တယ်။ အဲဒီအချိန်မှာ ချစ်ခင်မှုလေတွေ တဖြေးဖြေး လျှော့သွားပြီး နောက်ဆုံး လုံးဝ မရင်းနှီးတော့တဲ့ သူစိမ်းအသွင် ပြောင်းသွားနိုင်တယ်။ ကားဘီးကို အသစ်တစ်ခုလဲလို့ ရသလို သူငယ်ချင်းကိုလဲ အသစ်လဲယူနိုင်ပါတယ်။ ဒါပေမဲ့ အဟောင်းနဲ့အသစ်က ဘယ်လိုမှ တူနိုင်တော့မှာ မဟုတ်ပါဘူး။

အနှစ်နှစ် အလလ တည်ဆောက်ခဲ့တဲ့ ချစ်ခင်မှု၊ ကြင်နာမှု တံတိုင်းကြီးကို သေးငယ်တဲ့ ဆူးကြောင့်ဖြစ်ဖြစ်၊ ကြီးမားတဲ့ ဆူးကြောင့်ဖြစ်ဖြစ် မစူးမိစေတာ အကောင်းဆုံးပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။

original from http://www.youthwant.com.tw

Read More...

မှားတပ်မိတဲ့ ကြယ်သီးများ


ခွေးဟောင်ခံရသူတိုင်းဟာ သူခိုး မဟုတ်သလို ဆံပင်ရှည်ထားသူတိုင်းလဲ အနုပညာသမား မဟုတ်နိုင်ဘူး။ ဒါပေမဲ့ တစ်ချို့လူတွေမှာ “နှိမ်ကြည့်တတ်တဲ့” မျက်လုံးတွေရှိတယ်။ ကိုယ်မြင်သမျှ “လူ”ကို အဲဒီမျက်လုံးတွေက “အထင်အမြင်” မှားစေတတ်တယ်။

ရုံးပိတ်ရက်တွေမှာ နာမကျန်းတဲ့ မိခင်ကို ကြည့်ဖို့ပြန်တဲ့ မိန်းမကို သူက သောကြာနေ့ ညတိုင်း ဘူတာရုံ လိုက်ပို့တတ်တယ်။ သူ့ မိန်းမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်အကြာမှာ မိန်းမ မရှိတုန်း အိမ်မှာ လာကူပေးမဲ့ သူ့ညီမစီးတဲ့ ရထားဆိုက်တယ်။ တနင်္ဂနွေနေ့မှာတော့ မိန်းမနဲ့ ညီမရဲ့ ခရီးစဉ်က ပြောင်းပြန်ပါ။ ညီမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်မှ မိန်းမစီးတဲ့ ရထားဆိုက်တယ်။

တစ်ညမှာ ညီမရဲ့ ရထားထွက်သွားပြီး မိန်းမ ပြန်အလာကို သူဆက်စောင့်နေခဲ့တယ်။ ဘူတာဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး “ဆရာ.. ခင်ဗျာ သိပ်ပိုင်တာပဲ။ တစ်နေ့နေ့ မိသွားမှာ မစိုးရိမ်ဘူးလား” လို့ ရယ်ကျဲကျဲနဲ့ မေးတော့တယ်။

တစ်ချို့ လူတွေက တစ်ခြားသူတွေနဲ့ ဆက်ဆံရမှာ “ကြိုတင် ရှုတ်ချမဲ့” မျက်မှန်ကို တပ်ထားတတ်တယ်။ လူတွေကို လေးထောင့် “ဘောင်”ထဲ ထည့်ပြီး သူရဲ့အကျင့်စရိုက်၊ သူ့ရဲ့ သဘောထားကို ဘောင်ခတ်ပြီး “သူက လူဆိုး”“သူက လူကောင်း” “နောက်မီးလင်းနေတာ” “သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ” လို့ ထင်မြင်ချက်တွေ ပေးတော့တယ်။ နောက်တော့ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲနေတာတွေ ဖြစ်တတ်တယ်။

နောက်အဖြစ်အပျက် တစ်ခုက ဆိုင်တစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ အမျိုးသမီးနှစ်ဦး ထိုင်ပြီး အစားစားနေကြတယ်။ တစ်ယောက်က သူ့ထီးကို စားပွဲဘေးမှာ ထောင်ထားတယ်။ ကျန်တဲ့တစ်ယောက် အရင်စားပြီးတော့ အယောင်ယောင် အမှားမှားနဲ့ ထီးကို ယူပြီး ထထွက်ဖို့ လုပ်တယ်။ ဒါကို ထီးပိုင်ရှင် အမျိုးသမီးက မြင်တော့ “ဒါ ကျွန်မရဲ့ ထီး” ဆိုပြီး လှမ်းအော်တယ်။ အယူမှားသွားတဲ့ အမျိုးသမီးက အားတုန့်အားနာနဲ့ ကိုယ့်ထီးလို့ထင်ပြီး ယူမိကြောင်း တောင်းပန်ပါတယ်။

ထီးမှားယူမိတဲ့ အမျိုးသမီးက ဆိုင်အပြင် ရောက်တော့ ထီးဝယ်ဖို့ သတိရလိုက်တယ်။ အပြန်လမ်းမှာ သူနဲ့သားအတွက် ထီးနှစ်ချောင်း ၀ယ်လိုက်တယ်။ ဖြစ်ချင်တော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်ကို ဘတ်စ်ကားပေါ်မှာ ပြန်တွေ့လိုက်တယ်။ ထီးပိုင်ရှင်က သူ့လက်ထဲက ထီးနှစ်ချောင်းကို ကြည့်ပြီး အထင်အမြင်သေးတဲ့ ပုံစံနဲ့ “ မဆိုးဘူးဘဲ.. ဒီနေ့ တွက်ခြေကိုက်တာပဲ” လို့ ပြောလိုက်တယ်။

တစ်ချို့လူတွေက တစ်ခြားသူကို ဝေဖန်တဲ့အခါမှာ အဲဒီလူကို “အကောင်း” သို့မဟုတ် “အဆိုး” လို့ မြင်ပြီး ကိုယ်ထင်မြင်ချက်တွေကို ပေးတတ်ကြတယ်။ ကိုယ့်အတွက် “အကောင်း” လို့ ထင်တဲ့လူကို သူ့ရဲ့စကား၊ သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ဝေဖန်တယ်။ ကိုယ့်အတွက် “အဆိုး” လို့မြင်သူကိုတော့ ကိုယ်မြင်သမျှ မကောင်းကွက်တွေကို သူ့အပေါ် ပုံအောပစ်လိုက်တတ်ကြတယ်။ ဒါကို “Halo Effect” (ရောင်ခြည်အ၀န်း အကျိုးသက်ရောက်မှု) လို့ခေါ်တယ်။ ဥပမာ - လူတွေက လကို ကြည့်လိုက်တာနဲ့ လရဲ့ဘေးမှာ ဖြာထွက်နေတဲ့ ရောင်ခြည်ကိုလဲ သတိထားမိတတ်ကြသလိုပေါ့။

တစ်ချို့ လူတွေက ကိုယ့်ရဲ့ ပထမဆုံးမြင်တဲ့ ထင်မြင်ချက်နဲ့ တစ်ခြားလူတစ်ယောက်ရဲ့ အပြုအမှု၊ အပြောအဆိုကို ဝေဖန်တတ်ကြတယ်။ စကားပုံတစ်ခုမှာ “နှိမ်ကြည့်တတ်တဲ့ အကြည့်ဟာ အသိဥာဏ်မရှိတဲ့ ကလေးနဲ့ တူတယ်” လို့ ဆိုထားပါတယ်။ လူအများစုက ကိုယ့်ကို နားမလည်သလို ကိုယ်ကလဲ လူတိုင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ကျတဲ့အကြည့်၊ အထင်အမြင်မှားတဲ့ အတွေးမျိုးနဲ့ တစ်ဖက်သားကို မဝေဖန်သင့်ဘူး။ ဝေဖန်ခံခဲ့ရရင်လဲ စိတ်ထဲမှာ တေးမှတ်မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ကြယ်သီးတစ်လုံးကို လူတိုင်း မှားတပ်မိခဲ့ဖူးကြမယ် မဟုတ်ပါလား....

original from http://www.youthwant.com.tw

Read More...

ပန်းစကား



ပန်းတစ်ပွင့်က ပြောပါတယ်....
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

Read More...

စိတ်၏ အကွာအဝေး


တစ်နေ့တွင် ဆရာက ကျောင်းသားများကို “လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့ အချိန်မှာ အော်ပြီး ပြောကြတာလဲ” ဟု မေးလေသည်။ ကျောင်းသားများက အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က “စိတ်တည်ငြိမ်မှုတွေ ပျောက်ကုန်လို့ အော်တာပါ ဆရာ” ဟု ဖြေသည်။

ဆရာက “ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ” ဟု ပြန်မေးသည်။ ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

“လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ” ဆရာက ဆက်ပြီး....

“လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား... အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။ စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။ အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ”

“လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။ စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့” ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။

Read More...

ပုခက်လွှဲတဲ့ လက်


ကလေးဘ၀ သင်ယူခြင်းအစက မိသားစုက စပါတယ်လို့ ဆိုရမှာပါ။ အရင်းနှီးဆုံးက မိခင်ရဲ့ ဆိုဆုံးမမှုပါပဲ။

အမေရိကန်က နာမည်ကြီး စိတ်ပညာရှင် တစ်ဦးဟာ မိခင်ရဲ့ အဆုံးအမဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လောက် ပြောင်းလဲစေနိုင်သလဲ ဆိုတာကို စာရင်းကောက် စာတမ်းပြုစုကြည့်ခဲ့တယ်။ အဖက်ဘက်မှာ အောင်မြင်နေတဲ့ လူအယောက် (၅၀)နဲ့ အပြစ်ပေး ထောင်ချခံထားရသူ အယောက်(၅၀)ကို ရွေးချယ်ခဲ့တယ်။

အဲဒီလူအယောက်(၁၀၀)ကို စာပို့ပြီး ငယ်ငယ်က မိခင်ရဲ့ ဆိုဆုံးမမှုတွေကို မေးမြန်းခဲ့တယ်။

ရရှိခဲ့တဲ့ ပြန်စာတွေထဲမှာ အိမ်ဖြူတော်မှာ အမူထမ်းဆောင်နေတဲ့ လူတစ်ယောက်ရဲ့စာနဲ့ ထောင်ကျနေသူ တစ်ယောက်ရဲ့ စာက ပညာရှင်ကို တော်တော်လေး အမှတ်ရစရာ ဖြစ်စေခဲ့တယ်။ တူညီတဲ့ မေးခွန်းဖြစ်ပေမဲ့ မတူညီတဲ့ အဖြေတွေကို ရခဲ့တယ်။ ထောင်ကျနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။

ကျွန်တော် ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး ပန်းသီးကို ကျွန်တော်လိုချင်ခဲ့တယ်။ အမေက ပန်းသီးတွေကို စားပွဲပေါ်တင်ရင်း ဘယ်တစ်လုံးကို ယူကြမလဲလို့ ကျွန်တော်နဲ့ ညီလေးကို မေးပါတယ်။

ညီလေးက အကြီးဆုံးတစ်လုံးကို ယူမယ်လို့ ကျွန်တော့်ထက် ဦးအောင် ပြောလိုက်တယ်။ မေမေက ညီလေးကို မျက်စောင်းနဲ့ ကြည့်ပြီး “အကောင်းဆုံးကို တစ်ခြားသူကို ပေးရမယ်လို့ စိတ်ထဲမှတ်ထားရမယ်။ ကိုယ့်ကျိုးအတွက်ဘဲ မကြည့်နဲ့” လို့ ပြောလိုက်တယ်။ ကျွန်တော် ဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး “မေမေ ကျွန်တော့်ကို အသေးဆုံးတစ်လုံးပေးပါ။ ညီလေးကို အကြီးဆုံးတစ်လုံး ပေးလိုက်ပါ” လို့ ပြောလိုက်တယ်။ ကျွန်တော့်စကားကြားတော့ မေမေဟာ ၀မ်းသာပြီး ကျွန်တော့်ကို တစ်ချက်နမ်းလိုက်တယ်။ နောက် ကျွန်တော့်ကို အကြီးဆုံးပန်းသီး ကမ်းပေးပါတယ်။ နောက်ပိုင်း ကျွန်တော်လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် လိမ်ညာတတ်လာခဲ့တယ်။ ရန်ဖြစ်တတ်လာခဲ့တယ်၊ ခိုးလုတိုက်တတ်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော် အခုလို ထောင်ထဲရောက်လာခဲ့တာပါပဲ။

အိမ်ဖြူတော်မှာ အမူထမ်းနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။
ကျွန်တော် ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး ပန်းသီးကို ကျွန်တော်နဲ့ ညီလေး လိုချင်ခဲ့တယ်။ မေမေက အကြီးဆုံးတစ်လုံးကို ကိုင်ပြီး “ဒီအကြီးဆုံးတစ်လုံးကို လူတိုင်းလိုချင်နေကြတယ်။ ကောင်းပြီ... မေမေပြိုင်ပွဲလေးတစ်ခု လုပ်မယ်။ အိမ်ရှေ့က မြက်ခင်းကို တစ်ယောက်တစ်ပိုင်း နှစ်ပိုင်းခွဲလိုက်မယ်။ ကိုယ့်အပိုင်းက မြက်ကို အရင်ခုတ်ပြီးတဲ့လူမှ ဒီပန်းသီးကို ရမယ်” လို့ ပြောပါတယ်။

ကျွန်တော်တို့ မြက်ရိတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်။ နောက်ဆုံး ကျွန်တော်ဟာ အဲဒီပန်းသီးကို နိုင်ခဲ့တဲ့သူဖြစ်တယ်။ ကမေမေကို ကျွန်တော်အမြဲ ကျေးဇူးတင်နေမိတယ်။ လွယ်ပြီး အရေးကြီး လေးနက်တဲ့ စည်းမျဉ်းတွေကို ကျွန်တော် နားလည်အောင် သင်ပေးခဲ့တယ်။ လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် အမြဲတမ်း ပထမရအောင် ကြိုးစားခဲ့တယ်။ အိမ်မှာလည်း မေမေက ဒီလိုပဲ အမြဲသင်ပေးခဲ့တယ်။ တစ်ခုခုလိုချင်ရင် ပြိုင်ပွဲလုပ်ပြီး ပြိုင်စေခဲ့တယ်။

လိုချင်ရင် ကြိုးစားရမယ်။ ဒါဟာ တရားကျတဲ့ နည်းလမ်းပါ။ ကိုယ်ဘယ်လောက်ရယူချင်သလဲ ကိုယ်ရယူချင်တဲ့ အတိုင်းအတာအထိတော့ ပေးဆပ်ရမှာပါပဲ။

ပုခက်လွှဲတဲ့ လက်ဟာလည်း ကမ္ဘာကို ကိုင်လှုပ်နိုင်ပါတယ်။ မိခင်ဟာ ကလေးတွေအတွက် ပထမဦးဆုံးသော လက်ဦးဆရာပါ။ စကားပြောသင်စအရွယ် ကလေးကို လိမ်နည်းတွေ သင်ပေးလို့ရသလို အမြဲ ကြိုးစားချင်စိတ်ရှိတဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်အောင်လည်း သင်ပေးလို့ရတယ်။

သင်ဟာ လူငယ်တစ်ယောက်ဆိုရင် မေမေ့ကို ဒီပုံပြင်လေး ပြောပြပါ။
သင်ဟာ မိခင်တစ်ဦးဆိုရင်..........

original from http://www.youthwant.com.tw

Read More...

ကျွှန်တော်ဖတ်ဖို့...


၁) မှတ်သင့်တာကို မှတ်ပါ။ မေ့သင့်တာကို မေ့ပါ။ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲပါ။ ပြုပြင်ပြောင်းလဲလို့ မရတာကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) လူ့ဘ၀ဆိုတာ တိုတိုလေး။ ခဏတာအချိန်လေးမှာ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာ ဘာတစ်ခုမှ ချန်မထားခဲ့နဲ့။ ရီချင်ရင် ရီပစ်လိုက်၊ ငိုချင်ရင် ငိုပစ်လိုက်၊ ချစ်ချင်ရင် ချစ်ပစ်လိုက် ဘယ်ဖိအားနဲ့မှ ကိုယ့်ကို ထိန်းချုပ်မထားလေနဲ့။


၃) စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျတဲ့အခါ နာကျင်အောင် ခံစားရတယ်။ အဲဒီနာကျင်မှုကို သင်အလဲထိုးမလား...? နာကျင်မှုက သင့်ကို အလဲထိုးတာကို ခံမလား...?

၎) အရှေ့နေထွက် အနောက်နေ၀င်။ စိတ်ညစ်ရင်လဲ တစ်ရက်ပဲ၊ ပျော်ရွှင်ရင်လဲ တစ်ရက်ပဲ။ ဘာလို့ အဲဒီတစ်ရက်ကို ပျော်ရွှင်ခြင်းနဲ့ မပြီးဆုံးစေချင်တာလဲ...?

၅) အကယ်၍ ရန်သူကြောင့် သင်ဒေါသထွက်တယ်ဆိုရင် အဲဒီရန်သူကို နိုင်တဲ့အရည်အချင်း သင့်မှာ မရှိသေးလို့။

၆) အကယ်၍ သူငယ်ချင်းကြောင့် သင်ဒေါသထွက်တယ်ဆိုရင် အဲဒီသူငယ်ချင်းရဲ့ ခင်မင်မှုကို သင်အသိအမှတ်ပြုလို့။

၇) ကိစ္စတစ်ချို့ကို ကိုယ်က မထိန်းချုပ်နိုင်ရင် အကောင်းဆုံးက ကိုယ့်ကိုယ်ကို အရင်ထိန်းချုပ်ပါ။

၈) ကိုယ်အခုလုပ်နေတာတွေ ဘယ်ဟာက အမှန်လဲ... ဘယ်ဟာက အမှားလဲ မသိဘူး။ ကိုယ်အိုမင်းလို့ သေဆုံးခါနီးမှ အမှား၊ အမှန်ကို သိနိုင်တော့မယ်။ ဒါကြောင့် အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အိုမင်းသေဆုံးသွားမဲ့ အချိန်ကိုစောင့်ပါ။

၉) လူတစ်ချို့က မိုက်ရိုင်းမယ်။ လူတစ်ချို့က ကောက်ကျစ်မယ်။ သူတို့နေရာမှာ ၀င်ရောက်ခံစားကြည့်မှ သူတို့ဟာ ကိုယ့်ထက် သနားစရာကောင်းမှန်းသိတယ်။ ဒါကြောင့် လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိုယ်ကြုံဖူး ဆုံဖူးသူကို နားလည်ခွင့်လွတ်ပါ။

၁၀) နောင်တဆိုတာ စိတ်ဓာတ်ကို ပျက်ပြားစေတဲ့ ခံစားမှုတစ်မျိုးပဲ။ နောင်တဆိုတာ ကျရှုံးမှုထက် ပိုကြီးမားတဲ့ ကျရှုံးမှု၊ အမှားထက် ပိုကြီးမားတဲ့ အမှားဖြစ်တယ်။


Read More...

အရည်အချင်းနှင့် လက်တွေ့


လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် “ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ” ဟု စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံက

ို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း “ငါကသူတို့ထက် ပညာတတ်တယ်” ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ “သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ” လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် “သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ” ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

“ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်” လူငယ်နှစ်ဦးမှာ ရယ်ရင်း “ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ” ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

“သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........” စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

original from http://www.youthwant.com.tw

Read More...

Wednesday, July 30, 2008

ဆရာမပြောတဲ့ စင်ဒရဲလားပုံပြင်



“စင်ဒရဲလား” ပုံပြင်ကို လူတိုင်းဖတ်ဖူး၊ ကြားဖူး၊ ကြည့်ဖူးကြမှာပါ။ “စင်ဒရဲလား” ပုံပြင်ကို အနောက်နိုင်ငံ အမေရိကားမှာရှိတဲ့ ကျောင်းတစ်ကျောင်းက ဆရာမ တစ်ဦးက သူ့အတန်းသားတွေကို ဒီလို ပြောပြခဲ့ပါသတဲ့....

ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာမက ကလေးတစ်ယောက်ကို အတန်းရှေ့ ထွက်ပြီး “စင်ဒရဲလား” ပုံပြင်ကို အပြောခိုင်းခဲ့တယ်။ ကလေးလေးက အလွတ်နီးပါးရနေတဲ့ ပုံပြင်ကို အတန်းသားအားလုံး ကြားအောင် ပြောလိုက်တယ်။ ပုံပြင်ပြီးတော့ ဆရာမက မေးခွန်းစထုတ်တော့တယ်။

ဆရာမ...... ကလေးတို့ ပုံပြင်ထဲက ဘယ်သူ့ကို ကြိုက်လဲ? ဘယ်သူ့ကို မကြိုက်ဘူးလဲ..?ဘာကြောင့်လဲ ဆိုတာ ဆရာမကို ပြောပြပါ။

ကလေးများ ...... စင်ဒရဲလားကို ကြိုက်တယ်။ ပြီးတော့ မင်းသားကိုကြိုက်တယ်။ မိထွေးနဲ့ သူ့သမီးကို မကြိုက်ဘူး။ စင်ဒရဲလားက စိတ်သဘောထားကောင်းတယ်။ လှတယ်။ မိထွေးနဲ့သမီးက သူ့အပေါ် မကောင်းကြဘူး။

ဆရာမ ..... တကယ်လို့ ည(၁၂)နာရီမှာ စင်ဒရဲလားက မြင်းရထားပေါ် အချိန်မီ မရောက်ခဲ့ရင် သူဘာဖြစ်သွားနိုင်သလဲ..? ကလေးတို့ တွေးကြည့်မိကြလား..?

ကလေးများ ..... စင်ဒရဲလားက အ၀တ်အစား အစုတ်အပြတ်နဲ့ နဂိုညစ်ပတ်တဲ့ ရုပ်ပြောင်းသွားနိုင်တယ်။ ဟာ.. အဲဒီလိုဆိုရင် မတွေးဝံ့စရာပဲ။

ဆရာမ .... ဒါကြောင့် ကလေးတို့လည်း အချိန်ကို လေးစားတဲ့လူဖြစ်ရမယ်နော်။ နို့မဟုတ်ရင် ကိုယ့်အတွက် အနှောင့်အယှက်တွေ ဖြစ်ကုန်လိမ့်မယ်။ နောက်တစ်ခု မိန်းကလေးတွေ သတိထားရမှာက အရွယ်ရောက်လာရင် ကိုယ့်အပြင်အဆင်ကို သတိထားရမယ်။ ကြည့်ရရုပ်ဆိုးတဲ့ အပြင်အဆင်ဆိုရင် ကောင်လေးတွေ လန့်ပြီး မူးလဲသွားနိုင်တယ်။

ဆရာမ .... ကောင်းပြီ။ နောက်မေးခွန်းတစ်ခုက တကယ်လို့ ကိုယ်ဟာ စင်ဒရဲလားရဲ့ မိထွေးဖြစ်ခဲ့ရင် ညစာစားပွဲမှာ မင်းသားနဲ့ကဖို့ စင်ဒရဲလားကို ခွင့်ပြုမလား..? ခွင့်မပြုဘူးလား..? ကလေးတို့ရဲ့ အဖြေတွေ ရိုးသားရမယ်နော်...

(ခဏလောက် တိတ်ဆိတ်သွားပြီး ကလေးတစ်ယောက်က လက်ထောက်ပြတယ်)
ကလေး ..... တကယ်လို့ ကျွန်မသာ စင်ဒရဲလားရဲ့ မိထွေးဖြစ်ခဲ့ရင် စင်ဒရဲလားကို ညစာစားပွဲသွားဖို့ ခွင့်မပြုဘူး။

ဆရာမ ... ဘာဖြစ်လို့လဲ?

ကလေး ..... ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်သမီးကို ပိုချစ်လို့.. ကိုယ့်သမီးကိုပဲ မင်းသားနဲ့ ရစေချင်လို့...

ဆရာမ... ဟုတ်တယ်။ လူတွေက မိထွေးလို့ဆိုလိုက်ရင် မကောင်းတဲ့လူလို့ပဲ မြင်ကြတယ်။ မိထွေးဆိုတာ တစ်ခြားလူအပေါ်မှာသာ မကောင်းတာ ကိုယ့်သားသမီးအပေါ်မှာတော့ ကောင်းကြတာပဲ။ ကလေးတို့ သဘောပေါက်ကြလား.. မိထွေးဆိုတာ လူဆိုးမဟုတ်ဘူး။ သူတို့က တစ်ခြားကလေးတွေကို ကိုယ့်သားသမီးလောက် မချစ်နိုင်သေးတာ တစ်ခုပဲ။

နောက်မေးခွန်းတစ်ခုက စင်ဒရဲလားကို သူ့မိထွေးက တံခါးပိတ် သော့ခတ်ထားပါရက်နဲ့ ဘာဖြစ်လို့ ညစာစားပွဲ သွားနိုင်ပြီး အဲဒီညမှာ သူအလှဆုံးဖြစ်နေရတာလဲ...?

ကလေးများ .... နတ်သမီးတစ်ပါးက ကူညီလို့ပါ။ နတ်သမီးက သူ့ကို လှပတဲ့ အ၀တ်အစားတွေ ဆင်ပေးတယ်။ ဖရုံသီးကို မြင်းရထားလုပ်ပေးတယ်။ ကြွက်တွေကို မြင်းဖြစ်အောင် လုပ်ပေးခဲ့လို့ပါ။

ဆရာမ .. သိပ်မှန်တဲ့ အဖြေတွေပေါ့။ တကယ်လို့ နတ်သမီးရဲ့ အကူသာ မရခဲ့ရင် အဲဒီညစာစားပွဲကို သူသွားခွင့်ရမှာတောင် မဟုတ်ဘူး။ ဟုတ်တယ် မဟုတ်လား...?

ကလေးများ ... ဟုတ်ပါတယ် ဆရာမ။

ဆရာမ .... တကယ်လို့ ကြွက်တွေက သူ့ကိုမကူခဲ့ရင် အချိန်မီ အိမ်ကို သူပြန်ပြေးနိုင်ခဲ့မလား...?

ကလေးများ .... ပြန်ပြေးနိုင်ခဲ့မှာ မဟုတ်ဘူး။ ဟာ.. မင်းသားတော့ လန့်သွားမှာပဲ။

ဆရာမ .... စင်ဒရဲလားကို နတ်သမီးက ကူခဲ့တာမှန်တယ်။ ဒါပေမဲ့ နတ်သမီးရဲ့ အကူနဲ့ပဲ မလုံလောက်ခဲ့ဘူး။ ဒါကြောင့် ကလေးတို့လည်း ဘယ်ရောက်ရောက် သူငယ်ချင်းဆိုတာ လိုလာလိမ့်မယ်။ သူငယ်ချင်းဆိုတာ နတ်သမီးမှ မဟုတ်ဘူး။ ဆင်းရဲ ချမ်းသာမှ မဟုတ်ဘူး။ ကလေးတို့ သူငယ်ချင်းများများ ရဖို့ ဆရာမ မျှော်လင့်ပါတယ်။

ကလေးတို့ စဉ်းစားကြည့်စမ်း.. တကယ်လို့ စင်ဒရဲလားက သူ့မိထွေး သွားခွင့်မပြုတိုင်း မသွားဘဲ အဲဒီအခွင့်အရေးကို သူလက်လွတ်ခဲ့မယ်ဆိုရင် သူဟာ မင်းသားရဲ့ ကြင်ယာတော် ဖြစ်လာပါ့မလား...?

ကလေးများ .... ဖြစ်မလာနိုင်ပါဘူး။ သူသာ လက်လွတ်ခဲ့ရင် ညစာစားပွဲမှာ မင်းသားနဲ့ ဆုံနိုင်မှာ မဟုတ်သလို ကြင်ယာတော်လဲ ဖြစ်လာမှာ မဟုတ်ဘူး။

ဆရာမ .... မှန်လိုက်လေ။ တကယ်လို့် စင်ဒရဲလား ကိုယ်တိုင်ကလည်း မသွားချင်ဘူး။ သူ့မိထွေးကလဲ မတားခဲ့ဘဲ သူ့ကို သွားခွင့်ပြုလဲ အလကားပဲ။ ဒီပွဲကို သွားဖို့ ဘယ်သူက ဆုံးဖြတ်ခဲ့တာလဲ...?

ကလေးများ .... သူကိုယ်တိုင် ဆုံးဖြတ်ခဲ့ပါတယ် ဆရာမ။

ဆရာမ ... အေး ဒါကြောင့် မိဘလည်း မရှိ၊ မိထွေးလည်း မချစ်ခဲ့ပေမဲ့ သူ့ကိုယ်သူ ချစ်ဖို့တော့ စင်ဒရဲလားက မမေ့ခဲ့ဘူး။ သူ့ကိုယ်သူချစ်လို့ သူနဲ့ထိုက်တန်တယ်လို့ မျှော်လင့်ခဲ့တဲ့ အရာတွေကို သူလိုက်ရှာခဲ့တယ်။ ကလေးတို့ထဲက လူတွေငါ့ကို မချစ်ကြဘူး။ ငါဟာ စင်ဒရဲလားနဲ့ ဘ၀တူပါလားလို့ ထင်ခဲ့ရင် ဘာလုပ်ရမလဲ သိလား...?

ကလေးများ.. ကိုယ့်ကိုယ်ကို ချစ်ရမယ် ဆရာမ။

ဆရာမ ... သိပ်ဟုတ်တာပေါ့။ ကိုယ့်ကိုယ်ကို မချစ်ဖို့ ဘယ်သူကမှ လာတားဆီးလို့ မရဘူး။ လူတွေပေးတဲ့ အချစ်နဲ့ မလုံလောက်ဘူးထင်ရင် ကိုယ့်ကိုယ်ဆတိုးပြီး ပိုချစ်လိုက်၊ လူတွေက ကိုယ့်အတွက် အခွင့်အရေး မပေးဘူးဆိုရင် အခွင့်အရေးကို ဆတိုးပြီး လိုက်ရှာလိုက်။ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်အတွက် လိုအပ်တဲ့အရာကို ကိုယ်တိုင်ရှာဖွေကြမှာပဲ။ စင်ဒရဲလား ညစာစားပွဲကို တက်ရောက်ဖို့ ဘယ်သူမှ မတားနိုင်ခဲ့သလို ကြင်ယာတော် ဖြစ်လာဖို့လဲ ဘယ်သူမှ မတားနိုင်ခဲ့ဘူး။ ကိုယ်တိုင်က လွဲလို့ပေါ့။ ဟုတ်တယ် မဟုတ်လား...?

ကလေးများ... ဟုတ်ပါတယ် ဆရာမ။

ဆရာမ .... နောက်ဆုံး မေးခွန်းက ဒီပုံပြင်မှာ ဘယ်အရာက မဖြစ်နိုင်သလဲ..

ကလေးများ .... ည (၁၂)နာရီ နောက်ပိုင်း အရာအားလုံးဟာ နဂိုအတိုင်းဖြစ်သွားတယ် ဆိုပေမဲ့ စင်ဒရဲလားရဲ့ ဖိနပ်က နဂိုအတိုင်း ဖြစ်မသွားဘူး။

ဆရာမ.... ကလေးတို့ အရမ်းတော်တာပဲ။ ဒါကြောင့် ကြည့်စမ်း အရမ်းတော်ပါတယ်ဆိုတဲ့ စာရေးဆရာတွေတောင် မှားတတ်ကြသေးတာပဲ။ ဒါကြောင့် အမှားလုပ်မိတယ်ဆိုတာ ကြောက်စရာကောင်းတဲ့ အရာမဟုတ်ဘူး။ ကလေးတို့ထဲက နောက်တစ်ချိန် စာရေးဆရာဖြစ်လာမဲ့သူတွေ ဒီပုံပြင်ရေးတဲ့ စာရေးဆရာထက် ပိုတော်မယ်လို့ ဆရာမ ယုံကြည်တယ်။

ကလေးတွေရဲ့ လက်ခုပ်သံက ဟိန်းပြီး ထွက်လာတယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

(အင်တာနက်ပေါ်မှာ ဖတ်မိတာလေးပါ။ ပုံပြင်ကြိုက်သူများကို မျှဝေပါတယ်)

Read More...

အရှက်တရားကို အောင်နိုင်ခဲ့တဲ့ မေတ္တာ


အီတလီမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်လို့ ဖတ်ရပါတယ်။ အီတလီရှိ မြို့နာမည်နဲ့ လူနာမည်ကို တရုတ်ကနေ မြန်မာ(အင်္ဂလိပ်) ပြန်ဆိုတဲ့အတွက် အသံထွက်နဲ့ စာလုံးပေါင်းတွေ မှားကောင်းမှားနိုင်ပါတယ်။ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ မှုရင်းတရုတ်လို ရေးထားတဲ့စာကိုက တော်တော်ရှည်ပါတယ်။ မြန်မာစာကို ကျစ်လစ်အောင် မသုံးတတ်တဲ့ ကျွန်မရဲ့ ၀ါကျတွေကြောင့် မြန်မာပြန်က ပိုရှည်နေပါတယ်။ ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့ရင် ဘယ်လောက်ပဲရှည်ရှည် ဘာသာပြန်ရကျိုးနပ်ကြောင်း.. အားလုံး ကျေးဇူးး)


“အရှက်တရားကို အောင်နိုင်ခဲ့တဲ့ မေတ္တာ”

၂၀၀၂ နှစ်ကုန်ပိုင်းလောက်က အီတလီရှိ သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ သတင်းက “၁၉၉၂ ခုနှစ် ၅လပိုင်း ၁၇ရက်နေ့က Voillery City Road commercial section 5 က ကားပတ်တစ်ခုမှာ လူဖြူအမျိုးသမီးတစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့်ခဲ့တယ်။ အဲဒီနောက် အမျိုးသမီးဟာ လူမည်းသမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူခဲ့တယ်။ ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။ အခုအချိန်မှာ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရတယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့ အရေးတကြီးလိုအပ်လာတယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က သူ့ဖခင်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို ဖတ်မိတဲ့ ကာယာကံရှင်ကိုယ်တိုင် အယ်လီဇဘက်ဆေးရုံ ဒေါက်တာ Andrea နဲ့ ဆက်သွယ်ပါ” လို့ဖြစ်တယ်။

ဒီလူပျောက်ကြော်ငြာက လူထုတွေကြားမှာ လှိုင်းဂယက်တစ်ခု ထသွားစေခဲ့တယ်။ လူတော်တော်များများ ဝေဖန်ကြတဲ့အကြောင်းက မုဒိန်းကျင့်ခဲ့တဲ့ လူမည်း ထွက်လာပြီး ၀န်ခံပါ့မလား? တကယ်လို့ ထွက်လာပြီးဝန်ခံရင် သူ့နာမည်ပျက်မယ်။ သူ့မိသားစု ပြိုကွဲမယ်။ တကယ်လို့ မထွက်လာဘဲ အသံတိတ်နေမယ်ဆိုရင် သူဟာ လုံးဝခွင့်မလွတ်နိုင်တဲ့ အပြစ်ကြီးတစ်ခုကို ထပ်ကျူးလွန်သူ ဖြစ်သွားလိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံးက ဘယ်လိုအဆုံးသတ်မှာလဲ ဆိုတာကို လူတွေက စိတ်ဝင်စားနေကြတယ်။

အီတလီ Voilleryမြို့ရဲ့ ရပ်ကွက်တစ်ခုက လူမည်းကလေးတစ်ဦးဟာ အရှက်တစ်ခုရဲ့ လျှို့ဝှက်ချက်ကို အစဆွဲထုတ်ခဲ့တယ်။ အသက် ၃၅နှစ်ရှိတဲ့ ဓားစာခံ Mamita က လူတကာ ဝေဖန်တဲ့ ပစ်မှတ်ဖြစ်ခဲ့တယ်။ သူနဲ့ သူ့ခင်ပွန်း ပီတာက လူဖြူတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့ကလေးတွေက အဖြူတစ်ယောက်၊ အမည်းတစ်ယောက် ဖြစ်နေတယ်။ အဲဒီထူးခြားတဲ့ မြင်ကွင်းက ပတ်ဝန်းကျင်ရှိ လူတွေကို ပိုပြီး သံသယ၀င်စေခဲ့တယ်။ ဒါကို Mamitaက သူ့အဘွားက လူမည်းဖြစ်ပြီး အဘိုးက လူဖြူဖြစ်တဲ့အကြောင့် ဒါကြောင့် သမီးလေး မော်နီကာကျမှ သွေးက လာဆန့်ကျင်တဲ့အကြောင်း လူတွေကို အပြုံးနဲ့ ပြန်ဖြေခဲ့တယ်။ ၂၀၀၂ ခုနှစ် ဆောင်းဦးပေါက်မှာ လူမည်းလေး မော်နီကာ နာမကျန်းဖြစ်ပြီး ကိုယ်အပူချိန်တွေ တက်ခဲ့တယ်။ နောက်ဆုံး ဒေါက်တာ Andreaက မော်နီကာမှာ သွေးကင်ဆာ ရှိနေတဲ့အကြောင်း ရိုးတွင်းချဉ်ဆီ ရွှေ့ပြောင်းကုသနည်းကမှ သူ့အတွက် တစ်ခုတည်းသော အကောင်းဆုံး ကုသနည်းဖြစ်ကြောင်း ပြောခဲ့တယ်။

ဆရာဝန်က ဆက်ပြီး “ မော်နီကာနဲ့ သွေးသားတော်စပ်တဲ့ လူတွေမှာ လိုအပ်တဲ့ ရိုးတွင်းချဉ်ဆီကို အလွယ်တကူ ရှာနိုင်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ဆွေမျိုးတွေအားလုံး ဆေးရုံလာပြီး စစ်ဆေးပါ” လို့ ပြောခဲ့တယ်။ Mamita က မျက်စိမျက်နှာ ပျက်လို့ပေါ့။ ဒါပေမဲ့ ဆွေမျိုးတွေအားလုံးကို ခေါ်ပြီး စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံးရတဲ့ အဖြေက မသင့်တော်ပါတဲ့။

မော်နီကာရဲ့ ရောဂါအခြေအနေက သူနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီရဖို့နှုန်း အင်မတန် သေးငယ်တဲ့အကြောင်း ဆရာဝန်က ပြောပြန်တယ်။ ဖြစ်နိုင်ဖို့ အခြေအနေတစ်ခုက Mamitaနဲ့ သူ့ခင်ပွန်း နောက်ထပ် ကလေးတစ်ယောက် မွေးပြီး အဲဒီကလေးရဲ့သွေးတွေ မော်နီကာထဲ သွင်းပေးဖို့ ဆရာဝန်က အကြံပေးပြန်တယ်။ ဒီအကြံကို ကြားတော့ Mamita တစ်ယောက် တုန်လှုပ်ခဲ့မိတယ်။ “ဘုရားရေ... ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ” လို့ သူ့နှုတ်က လွတ်ခနဲ့ အော်လိုက်မိတယ်။ ခင်ပွန်းဖြစ်သူကို မျှော်လင့်ချက်မဲ့တဲ့ အကြည့်၊ ချောက်ချားတဲ့ အကြည့်နဲ့ သူကြည့်လိုက်မိတယ်။

ခင်ပွန်းသည် ပီတာလည်း အဲဒီအကြံကြောင့် မျက်မှောင်ကြုတ်လို့။ ဒေါက်တာAndreaက လူအတော်များများလည်း ဒီလိုသွေးသွင်းနည်းနဲ့ သွေးကင်ဆာကို ကုသကြကြောင်း၊ ဒီလိုကုသလို့လည်း မွေးဖွားလာတဲ့ ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်တဲ့အကြောင်း ထပ်တလဲလဲ ရှင်းပြနေခဲ့တယ်။ ဇနီးမောင်နှံ့နှစ်ဦးက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေခဲ့တယ်။ နောက်မှ “ကျွန်တော်တို့ စဉ်းစားပါရစေဦး” ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောနိုင်ခဲ့တယ်။

နောက်တစ်နေ့ညနေ ဒေါက်တာAndrea ဆေးရုံမှာ တာဝန်ကျနေတုန်း Mamitaတို့ ဇနီးမောင်နှံ့နှစ်ဦး ရောက်လာခဲ့တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားတဲ့ Mamitaရဲ့ လက်ကို ခင်ပွန်းသည်က တွဲထားတယ်။ မျက်နှာ မသာမယာနဲ့ ဆရာဝန်ကို “ ဒေါက်တာကို ကျွန်တော်တို့ အဖြစ်အပျက်တစ်ခု ပြောပြချင်ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို ဒေါက်တာလျှို့ဝှက်ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ နှစ်ပေါင်းအတော်ကြာ လျှို့ဝှက်လာတဲ့ ကိစ္စမို့ပါ” ဆရာဝန်က တလေးတစား ခေါင်းညိတ်ပြလိုက်တယ်။

“လွန်ခဲ့တဲ့ ၁၀နှစ် ၁၉၉၂ခုနှစ် မေလမှာ ကျွန်တော့်သမီးလေး Yilianna နှစ်နှစ်ပြည့်တယ်။ ကျွန်တော့်ဇနီး Mamita က စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တယ်။ သူက ညတိုင်း(၁၀) နာရီမှ အလုပ်ဆင်းတယ်။ အဲဒီည သူအလုပ်ဆင်းတော့ မိုးအကြီးအကျယ် ရွာနေခဲ့တယ်။ လမ်းပေါ်မှာလည်း လူခြေတိတ်နေတယ်။ စွန့်ပစ်ထားတဲ့ ကားရပ်နားနေရာ တစ်ခုရောက်တော့ နောက်ဖက်မှာ ခြေသံတစ်ခုကို သူကြားလိုက်မိတယ်။ နောက်လှည့်ကြည့်လိုက်တော့ လူမည်း လူရွယ်တစ်ဦး သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်တယ်။ လူမည်းက လက်ထဲကတုတ်နဲ့ သူ့ကိုရိုက်လိုက်တယ်။ မူးမေ့သွားတော့ သူ့ကို မဖွယ်မရာ လုပ်တော့တာပဲ။ သတိရလာတော့ အိမ်ကို အမြန်ဆုံး သူပြန်ပြေးခဲ့တယ်။ အိမ်ရောက်တော့ မနက်(၁)နာရီ ထိုးနေပြီ။ အရူးတစ်ယောက်လို ကျွန်တော်အိမ်ထဲကနေ ကမူးကရူးပြေးထွက်ပြီး အဲဒီလူမည်းကို လိုက်ရှာခဲ့သေးတယ်။ ဒါပေမဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ဘူး။ အဲဒီည ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုခဲ့ကြတယ်။ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျခဲ့သလိုပါပဲ” ပီတာက စကားကို ခဏရပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတယ်။

ပီတာက ဆက်ပြီး “ အဲဒီကိစ္စပြီးတော့ မကြာပါဘူး Mamita မှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်က လူမည်းရဲ့ ကိုယ်ဝန်ပဲဖြစ်မယ်ဆိုပြီး ကျွန်တော်တို့ ကြောက်ရွံ့စိုးရိမ်ခဲ့တယ်။ Mamita က ကိုယ်ဝန်ဖျက်ချမလို့ဘဲ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကလေးဖြစ်နေမှာလဲ စိုးခဲ့တယ်။ စိုးရိမ်ကြောင့်ကြမှုနဲ့ ကျွန်တော်တို့ လအတော်ကြာ စောင့်နေခဲ့တယ်။ ၁၉၉၃ခုနှစ် မတ်လမှာ ကလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ အဲဒီကလေးက လူမည်းဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ကလေးကို မိဘမဲ့ဂေဟာပို့ဖို့ ကျွန်တော်တို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ကလေးရဲ့ငိုသံကြားတော့ မလုပ်ရက်ခဲ့ဘူး။ သူ့ကလည်း ၀မ်းနဲ့ လွယ်ခဲ့ရတဲ့ သက်ရှိတစ်ခုပါပဲလေ။ ကျွန်တော်နဲ့ Mamitaက သစ္စာတရားရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေပါ။ နောက်ဆုံး သူ့ကို ကျွန်တော်တို့မွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့နာမည်ကို မော်နီကာလို့ ပေးလိုက်တယ်။

ဒေါက်တာAndreaရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တွေ တွဲခိုနေတယ်။ ဒီဇနီးမောင်နှံ့နှစ်ဦး ဘာဖြစ်လို့ နောက်ကလေးတစ်ယောက် ထပ်မွေးဖို့ ဒီလောက်တောင် ကြောက်ရွံ့နေရသလဲဆိုတာကို သူအခုမှ သဘောပေါက်တော့တယ်။ ဆရာဝန်က အလေးအနက်စဉ်းစားတဲ့ ပုံစံနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြီး “အင်း... ဒီအဖြစ်အပျက်အတိုင်းဆိုရင် ခင်ဗျားတို့ နောက်ထပ် ကလေး(၁၀)ယောက်မွေးလဲ မော်နီကာနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီကို ရမှာမဟုတ်ဘူး” Mamitaကို သူတစ်ချက်ကြည့်ပြီး “ ဒီပုံအတိုင်းဆိုရင် ခင်ဗျားတို့ မော်နီကာရဲ့ ဖခင်အရင်းကို ရှာရလိမ့်မယ်။ သူ့ရဲ့ ရိုးတွင်းချဉ်ဆီ ဒါမှမဟုတ် သူ့ကလေးရဲ့ ချဉ်ဆီကမှ မော်နီကာအတွက် သင့်တော်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ဘ၀ထဲ သူနောက်ထပ်တစ်ကြိမ် ပေါ်လာမှာကို ခင်ဗျားလို့ လိုလားသလား”

“ကလေးအတွက်ဆိုရင် သူ့ကို ကျွန်မခွင့်လွတ်နိုင်ပါတယ်။ တကယ်လို့ ကလေးကို ကယ်တင်ဖို့ သူထွက်လာမယ်ဆိုရင် သူ့ကို ကျွန်မတို့ တရားမစွဲပါဘူး” မိခင်တစ်ဦးရဲ့ ကြီးမားလေးနက်တဲ့ မေတ္တာစကားက ဒေါက်တာAndreaကို ကိုင်လှုပ်ခဲ့တယ်။ ရိုးတွင်းချဉ်ဆီ လှူဒါန်းဖို့အတွက် ထူးခြားတဲ့ လူပျောက်ကြော်ငြာနဲ့ လှုပ်ဆော်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တာလဲ နှစ်နဲ့ချီကြာခဲ့ပြီ။ လူ့ပင်လယ်မှာ တရားခံကို ဘယ်လိုရှာကြမလဲ? Mamitaနဲ့ ခင်ပွန်းက သေချာစဉ်းစားပြီး နာမည်အမှန်ကို မထုတ်ဖော်ဘဲ သတင်းစာမှာ လူပျောက်ကြော်ငြာထည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

၂၀၀၂ခုနှစ် ၁၁လပိုင်း Voilleryမြို့ရဲ့ သတင်းစာတိုင်းမှာ အထက်က ဖော်ပြခဲ့တဲ့အတိုင်း ထူးခြားတဲ့ လူပျောက်ကြော်ငြာပါလာခဲ့တယ်။ မုဒိန်းကျင့်ခဲ့တဲ့ တရားခံကို မားမားမတ်မတ် ထွက်လာပြီး ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးရဲ့အသက်ကို ကယ်ဖို့ဖြစ်တယ်။ အဲဒီသတင်းက လူထုတွေကြားမှာ တောမီးလို ဟုန်းဟုန်းတောက်ခဲ့တယ်။ ဒေါက်တာ Andreaရဲ့ စာတိုက်ပုံးနဲ့ ဖုန်းက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဓားစာခံအမျိုးသမီးက ဘယ်သူလဲ? သူ့ကို လူချင်းတွေ့ပြီး အကူအညီ အားပေးစကားတွေ ပေးချင်ကြောင်း လူတွေပြောကြ မေးခဲ့ကြတယ်။

ဒါပေမဲ့ Mamitaက လူတွေရဲ့ အကူအညီကို ငြင်းဆန်ခဲ့သလို သူ့နာမည်အမှန်ကိုလည်း ထုတ်ဖော်မပြောပြခဲ့ဘူး။ မော်နီကာက အဲဒီ မုဒိန်းကောင်ရဲ့ သမီးပါလို့ လူတွေကို ပိုမသိစေချင်ခဲ့ဘူး။ သတင်းထောက်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးကြပြန်တယ်။ ရောမသတင်းစာက “အဲဒီလူမည်း ထွက်လာပြီး ၀န်ခံရဲပါ့မလား? တကယ်လို့ သူက သတ္တိရှိရှိနဲ့ ထွက်လာရဲတယ်ဆိုရင် လူတွေက သူ့ကို ဘယ်လို ဆက်ဆံကြမလဲ? တရားဥပဒေကရော သူ့ကိုဘယ်လို စီမံချက်ချမလဲ? ဖြစ်ခဲ့တဲ့ ပြစ်မှုအတွက် အပြစ်ပေးတာကို သူခံရမလား? ဒါမှမဟုတ် မားမားမတ်မတ် သတ္တိရှိရှိနဲ့ ထွက်ပြီးဝန်ခံတာကို အချီးကျူးခံမလား?” လို့ ဝေဖန်ပြန်တယ်။ တစ်ဖန် Voilleryမြို့ခံ သတင်းစာက “ တကယ်လို့ ခင်ဗျားဟာ အဲဒီလူမည်းဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ?” လို့ သတင်းဖတ်သူ အများနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာတဲ့ ပြဿနာကို ဆွေးနွေးပြန်တယ်။

မြို့ခံ ထောင်တွေကလဲ Mamitaကို ကူညီကြတယ်။ ၁၉၉၂ ခုနှစ်က တရားခံတွေရဲ့ စာရင်းကို ဆေးရုံကို တင်ပြတယ်။ အဲဒီမြို့မှာ လူမည်းတွေက နည်းတော့ ၁၀နှစ်အတွင်း ပြစ်မှုကျူးလွန်တဲ့ လူမည်းတရားခံတွေကလည်း နည်းခဲ့တယ်။ သူတို့က Mamitaကို “အဲဒီနှစ်တုန်းက မုဒိန်းမှုမဟုတ်တဲ့ ပြစ်မှုနဲ့ ထောင်ကျတဲ့ လူတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ဖူးဘူးလို့လဲ မပြောနိုင်ဘူးလေ” လို့ အားပေးခဲ့တယ်။ တစ်ချို့က ထောင်ကလွတ်သွားခဲ့ပြီး တစ်ချို့က ထောင်ကျနေတုန်းပဲ။ Mamitaနဲ့ ခင်ပွန်းက သူတို့ရဲ့ အကူအညီနဲ့ သဲလွန်စကို လိုက်ရှာခဲ့တယ်။ ထောင်သားတွေက ရိုးသား ဂရုစိုက်တဲ့ပုံစံနဲ့ သဲလွန်စရဖို့ ကူညီပေးကြပါတယ်။ ဒါပေမဲ့ သူတို့တွေက Mamitaကို အနိုင်ကျင့်ခဲ့တဲ့ လူမည်း မဟုတ်ခဲ့ပါဘူး။ Mamitaရဲ့ အဖြစ်အပျက်က ထောင်ထဲမှာ ပြန့်လို့နေတယ်။ မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာက ထောင်သားအများကို ထိခိုက်ခံစားစေခဲ့တယ်။ လူဖြူပဲဖြစ်ဖြစ်၊ လူမည်းပဲဖြစ်ဖြစ် မော်နီကာအတွက် ချဉ်ဆီလှူဒါန်းဖို့ သူတို့သဘောတူ အစစ်ဆေးခံခဲ့ကြတယ်။ ဒါပေမဲ့ သင့်လျှော်တဲ့လူ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ ဒီအဖြစ်အပျက်က လူအတော်များများကို စိတ်ထိခိုက်စေခဲ့တယ်။ သင့်တော်တဲ့ ချဉ်ဆီရဖို့ ပါဝင်စစ်ဆေးကြတဲ့ စေတနာရှင်တွေကလည်း မနည်းခဲ့ဘူး။ စေတနာရှင်တွေ တစ်နေ့တစ်ခြား ပိုပိုများလာခဲ့တယ်။ မြို့မှာ ချဉ်ဆီလှူဒါန်းတဲ့ ဂယက်လှိုင်းတစ်ခု ထသွားခဲ့တယ်။ သွေးကင်ဆာ ခံစားနေရတဲ့ ဝေဒနာရှင် တော်တော်များများက ဒီစေတနာရှင်တွေကြောင့် ကယ်တင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ မော်နီကာလေးက အဲဒီကံကောင်းခြင်းထဲမှာ မပါခဲ့ပါဘူး။

Mamitaတို့ ဇနီးမောင်နှံ့နှစ်ဦးက အဲဒီလူမည်း ထွက်ပေါ်အလာကို စိုးတထိတ်ထိတ်နဲ့ စောင့်စားခဲ့ကြတယ်။ (၂)လကြာတဲ့အထိ လူမည်းရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ဘူး။ ဒီလူမည်း လူ့ပြည်မှာ ရှိပါသေးသလားလို့ သူတို့စိတ်တွေ မတင်မကျဖြစ်ခဲ့ရတယ်။ ဒါမှမဟုတ် ဒီမြို့နယ်က ခွာသွားပြီလား? အီတလီမှာကော ရှိသေးရဲ့လား? ဒါမှမဟုတ် သူ့မိသားစု ပြိုကွဲမှာစိုးလို့ ထွက်မလာရဲတာလား? ဘယ်လိုပဲဖြစ်ဖြစ် မော်နီကာ တစ်ရက် အသက်ရှင်နေသေးရင် လူမည်းကိုရှာဖို့ မျှော်လင့်ချက်တစ်ရက် ရှိတယ်ဆိုတဲ့စိတ်နဲ့ သူတို့ လက်မလျှော့ခဲ့ကြဘူး။

အသက်ဝိညာဉ်တစ်ခုက နာကျင်တဲ့ ဝေဒနာကြားမှာ အလူးအလှိမ့် ခံစားလို့နေတယ်။ မမျှော်လင့်တဲ့ အဖြစ်တစ်ခုက မျှော်လင့်ချက်မဲ့နေချိန်မှာ ရောက်လာခဲ့တယ်။ ထူးခြားတဲ့ လူပျောက်ကြော်ငြာက အသက်(၃၀)ရှိ လူမည်း ဟိုတယ်ပိုင်ရှင် “အာချီလီ” ကို တုန်လှုပ်ချောက်ချားစေခဲ့တယ်။ ၁၉၉၂ ခုနှစ် မေလ ၁၇ ရက်နေ့ မိုးညတစ်ညမှာ အဲဒီလို အိပ်မက်ဆိုးတစ်ခု သူမက်ခဲ့ဖူးတယ်။ သူဟာ ဒီဇာတ်လမ်းရဲ့ ကာယာကံရှင်ပါပဲ။ လူကြီးလူကောင်း သူဌေးအာချီလီကို တစ်ချိန်တစ်ခါက ပန်းကန်ဆေးသမားလို့ ဘယ်သူထင်ရက်ခဲ့မလဲ? သူငယ်ငယ်ကတည်းက မိဘတွေ ကွယ်လွန်သွားခဲ့ပြီး စာလည်း သေချာမသင်ခဲ့ရဘဲ အလုပ်ထွက်လုပ်ခဲ့ရတယ်။ အလုပ်ကြိုးစားပြီး ထက်မြက်တဲ့ အာချီလီဟာ ကိုယ်ပိုင်လုပ်အားငွေနဲ့ လူတွေရဲ့ လေးစားမှုကို ခံယူချင်ခဲ့တယ်။ ဒါပေမဲ့ သူ့အလုပ်ရှင်က လူတန်းစားခွဲခြားတဲ့ လူဖြစ်ပြီး သူဘယ်လောက်ပဲ အလုပ်ကို ကြိုးစားလုပ်လဲ အဆူအဆဲပဲ ခံခဲ့ရတယ်။

၁၉၉၂ ခုနှစ် မေလ ၁၇ရက်နေ့က အာချီလီ အသက် ၂၀ပြည့်တဲ့နေ့ဖြစ်တယ်။ အလုပ်စောစောဆင်းပြီး ကိုယ့်မွေးနေ့ပွဲကို ကျင်းပမလို့ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အလျှင်လိုမှုကြောင့် ပန်းကန်တစ်ချပ် ကျကွဲသွားခဲ့တယ်။ သူဌေးက သူ့ခေါင်းကို အတင်းဖိနှိပ်ပြီး ပန်းကန်ကွဲတွေကို မြိုချခိုင်းတယ်။ အာချီလီက သူဌေးကို မုန်းမုန်းတီးတီးနဲ့ ဆွဲထိုးပြီး ဆိုင်ထဲကနေ ထွက်ပြေးလာခဲ့တယ်။ ဒေါသစိတ်ကြောင့် လူဖြူတွေကို ကလဲ့စားချေဖို့ သူဆုံးဖြတ်လိုက်တယ်။ မိုးညက လမ်းပေါ်မှာ တိတ်ဆိတ်နေခဲ့တယ်။ ကားပတ်တစ်ခုမှာ Mamitaကို တွေ့တော့ လူဖြူတွေကို မုန်းတီးတဲ့စိတ်နဲ့ အပြစ်မဲ့သူ အမျိုးသမီးတစ်ဦးကို သူအနိုင်ကျင့်ခဲ့မိတယ်။

အနိုင်ကျင့်ပြီး အာချီလီ ကြောက်ရွံ့တုန်လှုပ်မိခဲ့တယ်။ အဲဒီညမှာပဲ မွေးနေ့အတွက် စုထားတဲ့ငွေနဲ့ Naples မြို့ကိုသွားမဲ့ ရထားလက်မှတ်ကို ၀ယ်ပြီး ဒီမြို့နဲ့ ဝေးရာကို သူထွက်ပြေးခဲ့တယ်။ Naplesမြို့မှာ သူကံကောင်းတယ်လို့ ဆိုရမယ်။ အမေရိကားလူမျိုးတစ်ဦး ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ သူအလုပ်ရခဲ့တယ်။ ကြိုးစားပြီး အပင်ပန်းခံနိုင်တဲ့ အာချီလီကို ဆိုင်ပိုင်ရှင် သူဌေးလင်မယားက သဘောကျခဲ့တယ်။ သမီးဖြစ်သူ “လီနာ”ကိုပါ သူနဲ့လက်ဆက်ပေးတဲ့အပြင် ဆိုင်တစ်ခုလုံးကိုလဲ အာချီလီလက်ထဲ အပ်ခဲ့တယ်။ လာဘ်မြင်တဲ့ အာချီလီက စားသောက်ဆိုင်လေးကို ဟိုတယ်ကြီးတစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့သလို ချစ်စရာကောင်းတဲ့ သားသမီး ၃ဦးဖွားမြင်ခဲ့တယ်။

အလုပ်သမားနဲ့ မိသားစုရဲ့ အမြင်မှာ အာချီလီဟာ သူဌေးကောင်း၊ ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ခဲ့တယ်။ ပြစ်မှုတစ်ခု ကျူးလွန်ခဲ့ဖူးတယ်ဆိုတာကိုလည်း သူဘယ်တော့မှ မမေ့ခဲ့ဘူး။ သူကျူးလွန်ခဲ့မိတဲ့ အမျိုးသမီးကို ဘုရားသခင် စောင့်ရှောက်ဖို့၊ ဘေးမသီ ရန်မခဖို့ သူအမြဲဆုတောင်းခဲ့ပေမဲ့ ဘယ်သူ့ကိုမှ အဲဒီလျှို့ဝှက်ချက်ကို သူမပြောပြရဲခဲ့ဘူး။ အဲဒီနေ့မနက်က သတင်းစာထဲက သတင်းကို ဘယ်နှစ်ကြိမ်မြောက် သူကြည့်မိခဲ့လဲ မသိဘူး။ သူဟာ သူတို့အလိုရှိနေတဲ့ တရားခံပဲဖြစ်ရမယ်လို့ သူ့သိစိတ်ထဲကနေ သိလိုက်မိတယ်။ သနားစရာကောင်းတဲ့ အဲဒီအမျိုးသမီး ကိုယ်ဝန်ရှိသွားမယ်လို့ သူလုံးဝ တွေးမထားမိခဲ့ဘူး။ ကလေးကို မွေးခဲ့မယ်လို့လဲ မထင်ခဲ့မိဘူး။

ဒီရက်ပိုင်းအတွင်း ဒေါက်တာAndreaဆီ အာချီလီဖုန်းဆက်ချင်ခဲ့တယ်။ ဒါပေမဲ့ ဖုန်းနံပါတ်လှည့်ပြီးတိုင်း ဖုန်းကို သူချလိုက်မိတယ်။ သူစိတ်တွေ မတင်မကျနဲ့ တကယ်လို့ ဒီကိစ္စကို သူဝန်ခံခဲ့ရင် သူ့ရဲ့ အတိတ်ဆိုးကို လူတွေသိကုန်တော့မယ်။ သားသမီးတွေက သူ့ကို မချစ်မနှစ်သက်တော့ဘဲ အေးချမ်းတဲ့ သူ့အိမ်ထောင်ရေး ပြိုကွဲတော့မယ်။ လှပတဲ့ ဇနီးမယားတစ်ဦးနဲ့ ပတ်ဝန်းကျင်ရဲ့ လေးစားမှုတွေ ဆုံးရှုံးရတော့မယ်။ ဒီလိုချမ်းအေးတဲ့ အခြေအနေတစ်ခုရောက်အောင် သူမနည်း ကြိုးစားခဲ့ရတယ် မဟုတ်လား..?

တစ်ည ညစာစားနေတဲ့အချိန်မှာ မိသားစုအားလုံးက ယခင်ပုံမှန်အတိုင်းပဲ အဲဒီသတင်းကို ဆွေးနွေးနေကြတယ်။ မယားဖြစ်သူ လီနာက “Mamitaကို ကျွန်မအရမ်းချီးကျူးမိတယ်။ တကယ်လို့ ကျွန်မသာ သူဖြစ်ခဲ့ရင် သတ္တိရှိရှိနဲ့ ကလေးကို မွေးခဲ့မှာ မဟုတ်ဘူး။ Mamitaရဲ့ ခင်ပွန်းကို ကျွန်မ ပိုချီးကျူးမိတယ်။ သူဟာ ဒီလိုကလေးတစ်ယောက်ကို လက်ခံပေးနိုင်တဲ့ လေးစားထိုက်တဲ့ လင်ယောက်ျားတစ်ဦးပါပဲ” အာချီလီက နှုတ်ဆိတ်ပြီး မယားရဲ့ စကားကို နားထောင်နေခဲ့တယ်။

ရုတ်တရက် သူက “အဲဒီ တရားခံကို ဘယ်လိုမြင်သလဲ?” လို့ မေးလိုက်တော့ လီနာက “သူဟာ အမှားတစ်ခု လုပ်ခဲ့ပြီးပြီ။ အခုလို အချိန်မှာ သူထပ်ပုန်းရှောင်နေသေးရင် အဲဒီလူကို ကျွန်မ လုံးဝခွင့်လွတ်မှာ မဟုတ်ဘူး။ သူဟာ စက်ဆုပ်ဖို့ကောင်းတဲ့လူ၊ တစ်ကိုယ်ကောင်းဆန်တဲ့လူ၊ သူရဲဘောကြောင်တဲ့လူ၊ သတ္တိနည်းတဲ့လူပဲ” လို့ပြောတော့ စိတ်ဆိုးမာန်ဆိုးပြောနေတဲ့ ဇနီးသည်ရဲ့စကားကို နားထောင်ပြီး အဖြစ်မှန်ကို ပြောပြဖို့ အာချီလီ တွန့်ဆုတ်နေခဲ့တယ်။

အဲဒီညက အာချီလီရဲ့ (၅)နှစ်အရွယ်သားတစ်ယောက် အိပ်ချိန်မှာ မအိပ်လို့ အာချီလီ စိတ်မထိန်းနိုင်ဘဲ ရိုက်လိုက်မိတယ်။ ကလေးက ငိုပြီး “ ဖေဖေက လူဆိုးကြီး၊ ဖေဖေ့ကို မခေါ်တော့ဘူး။ သားရဲ့ ဖေဖေမလုပ်နဲ့တော့” လို့ ပြောလိုက်တဲ့ စကားက အာချီလီရဲ့ ရင်ဝကို တိုက်ရိုက်ထိမှန်ခဲ့တယ်။ သားကို ပွေ့ဖက်ပြီး “ဖေဖေမှားပါတယ်။ နောက်ကို မရိုက်တော့ပါဘူး” လို့ တောင်းပန်ရင်း သူမျက်ရည်ကျနေမိခဲ့တယ်။

အဖေ မျက်ရည်ကျတာကို မြင်တော့ သားဖြစ်သူက အံ့သြသွားတယ်။ “ဖေဖေ့ကို သားခွင့်လွတ်ပါတယ်။ ဆရာမက ပြောတယ်။ အမှားကို ပြင်နိုင်တဲ့သူဟာ လူကောင်းတဲ့” လို့ အဖေကို ပြန်ချော့မေ့နေခဲ့တယ်။ အဲဒီညတစ်ညလုံး သူ့ကိုယ်သူ ငရဲရောက်နေသလားလို့ အာချီလီ ထင်မှတ်ခဲ့တယ်။ အတိတ်ဆိုးဆိုး မိုးသည်းညနဲ့ အမျိုးသမီးရဲ့ ပုံရိပ်တစ်ခုကို သူမြင်ယောင်နေမိတယ်။ အမျိုးသမီးရဲ့ အကူအညီမဲ့သံနဲ့ ငိုကြွေးသံကို သူကြားယောင် နေမိတယ်။ “ငါဟာ လူကောင်းလား.. လူဆိုးလား ” လို့ သူ့ကိုယ်သူ မေးမိတိုင်း ဘေးမှာ အိပ်စက်နေတဲ့ ဇနီးရဲ့ စည်းချက်မှန်မှန် အသက်ရှုသံကို နားထောင်ပြီး ထရပ်ဝန်ခံဖို့ အင်အားတွေ ပျောက်ဆုံးခဲ့ရတယ်။

မနက်မိုးလင်းတော့ ခါတိုင်းနဲ့မတူဘဲ မျက်နှာမသာမယာဖြစ်နေတဲ့ သူ့ကို ဇနီးက သတိထားမိလိုက်တယ်။ “ဘာဖြစ်တာလဲ” ဆိုတဲ့အမေးကို “နေမကောင်းလို့ပါ” ဆိုတဲ့အဖြေနဲ့ သူကွေ့ရှောင်ခဲ့မိတယ်။ အလုပ်သမားတွေရဲ့ နွေးထွေးတဲ့ နှုတ်ဆက်မှုအောက်မှာ သူလိပ်ပြာမလုံဖြစ်ခဲ့တယ်။ စိတ်ထဲမှာ ပြည့်ကျပ်နေတဲ့ ရှက်ရွံ့ထိတ်လန့်ခြင်းတွေက သူ့ကို ၀ါးမြိုမတတ်ပါပဲ။

အရှက်တရားနဲ့ ဖုံးဖိထားတဲ့ သူ့ဘ၀ကို လွတ်မြောက်ဖို့ အာချီလီ နှုတ်ဆိတ်မနေနိုင်တော့ဘူး။ အများသုံးဖုန်းနဲ့ ဒေါက်တာAndreaဆီ သူဖုန်းဆက်ခဲ့တယ်။ အတတ်နိုင်ဆုံး အသံကို တည်ငြိမ်အောင်ထားပြီး “ကံခေတဲ့ ကလေးရဲ့ ကျန်းမာရေးကို သိချင်လို့ပါ” လို့ မေးတော့ “ကလေးရဲ့ အခြေအနေက တော်တော်ဆိုး နေတယ်။ သူ့ဖခင်ကို သူတွေ့ခွင့်ရမှ ရနိုင်ပါ့မလား မသိတော့ဘူး” လို့ ပြန်ဖြေလိုက်တဲ့ ဆရာဝန်ရဲ့ စကားက ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာကို လှုပ်နိုးခဲ့တယ်။ သူဟာ ငါ့ရဲ့ သွေးသားပါလား..? တစ်ခါမှားခဲ့ဖူးတဲ့ အမှားကို သူထပ်မကျူးလွန်မိဖို့၊ မော်နီကာအတွက် ထရပ်ဖို့ သူဆုံးဖြတ်ချက်ချလိုက်တယ်။

ညရောက်တော့ အရဲစွန့်ပြီး ဇနီးသည်ကို အကြောင်းစုံ သူပြောပြလိုက်တယ်။ “ငါဟာ မော်နီကာရဲ့အဖေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ငါသူ့ကို ကယ်မှဖြစ်မယ်” သူ့စကားကို ကြားတော့ လီနာတုန်လှုပ်သွားခဲ့တယ်။ ၀မ်းနည်းခြင်းတွေနဲ့အတူ စိတ်ဆိုးဒေါသထွက်ပြီး “ရှင်ဟာ လူလိမ်ပဲ” အော်ပြီး ကလေးတွေနဲ့ မိဘအိမ်ကို ပြန်သွားခဲ့တယ်။ အာချီလီရဲ့ အကြောင်းစုံကို မိဘတွေကို ပြောပြလိုက်တယ်။ စစခြင်းမှာ ယောက္ခမတွေက စိတ်ဆိုးဒေါသထွက်ကြပေမဲ့ ခဏအတွင်းမှာပဲ စိတ်တွေတည်ငြိမ်သွားပြီး.... “မှန်တယ်။ သူပြုခဲ့တဲ့ အပြုအမှုတွေအတွက် ငါတို့သူ့ကို ဒေါသထွက်သင့်တယ်။ ဒါပေမဲ့ အဖြစ်မှန်ကိုပြောပြဖို့ သူ့အတွက် သတ္တိတွေ ဘယ်လောက်လိုခဲ့သလဲ ဆိုတာကို ငါတို့ ပြန်တွေးကြည့်သင့်တယ်။ ဒါဟာ သူ့စိတ်ရင်းအမှန် မမှေးမှိန်သေးဘူးဆိုတာ သက်သေပြနေတာပဲ။ အမှားလုပ်ခဲ့ပြီး အမှန်ကို ပြုပြင်တဲ့ ခင်ပွန်းတစ်ယောက်ကို သမီးအလိုရှိသလား..? ဒါမှမဟုတ် တစ်သက်လုံး အမှားကို ဖုံးကွယ်ထားတဲ့ ခင်ပွန်းတစ်ယောက်ကို အလိုရှိသလား?” မိဘစကားကို နားထောင်ပြီး လီနာ ခဏ နှုတ်ဆိတ်သွားခဲ့မိတယ်။

နောက်တစ်နေ့ မနက်အစောကြီး အိမ်ကို လီနာပြန်ခဲ့တော့ ရီဝေကြေကွဲနေတဲ့ မျက်လုံးနဲ့ အာချီလီကို တွေ့လိုက်တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အာချီလီကို “ဒေါက်တာ Andreaကို ရှင်သွားရှာပါ။ ကျွန်မ အဖော်လိုက်ခဲ့မယ်” ဆိုပြီး ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဒေါက်တာAndreaနဲ့ သူတို့ အဆက်အသွယ်ရခဲ့တယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့ အယ်လီဇဘက်ဆေးရုံမှာ အာချီလီကို DNA စစ်ဆေးခဲ့တယ်။ ရလဒ်က မော်နီကာဟာ အာချီလီရဲ့ သွေးသားပဲဖြစ်တယ်။ မုဒိန်းတရားခံ လူမည်းကြီး သတ္တိရှိရှိနဲ့ လာရောက်ဝန်ခံတယ်ဆိုတဲ့ သတင်းကိုကြားတော့ Mamita မျက်ရည်ကျမိတယ်။ လူမည်းအပေါ်ထားတဲ့ သူ့ရဲ့ အမုန်းရန်ငြိုးဟာ ၁၀နှစ်ရှိပြီဆိုပေမဲ့ အခုလို သတ္တိရှိရှိ ထွက်ပြီး ၀န်ခံလာတာကိုတော့ သူစိတ်လှုပ်ရှားမိတယ်။ ကာယကံရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေ မပေါက်ကြားစေဖို့ အရာအားလုံးကို လျှို့ဝှက်တင်းကျပ်စွာ စစ်ဆေးခဲ့တယ်။ ဆေးရုံက တာဝန်ရှိသူများကလည်း ကာယကံရှင်တွေရဲ့ နာမည်အမှန်ကို သတင်းထောက်တွေဆီ မပေါက်ကြားစေဘဲ မော်နီကာရဲ့ ဖခင်ကို ရှာတွေ့ပြီဖြစ်ကြောင်းပဲ သတင်းပေးခဲ့တယ်။

ဒီသတင်းကို ဂရုစိုက် အလေးထားကြားတဲ့ လူထုတွေက ဒေါက်တာ Andreaကို ဖုန်းတွေ၊ စာတွေနဲ့ ဆက်သွယ်ပြီး တရားခံလူမည်းကို သူတို့ ခွင့်လွတ်လေးစားကြောင်း သတင်းပါးစေတယ်။ “တစ်ချိန်တစ်ခါမှာ သူဟာ ပြစ်မှုကျူးလွန်သူ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ သူဟာ သူရဲကောင်းတစ်ဦးဖြစ်တယ်” လို့လည်း အားပေးစကားပြောကြတယ်။ ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ အာချီလီကို တွေ့ဆုံခွင့်ပေးဖို့ Mamitaတို့ လင်မယား တောင်းဆိုခဲ့တယ်။ စစခြင်းမှာတော့ သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ အာချီလီ သတ္တိမရှိခဲ့ဘူး။ ဒါပေမဲ့ Mamitaရဲ့ ထပ်သလဲလဲ တောင်းဆိုမှုကို သူသဘောတူလိုက်တယ်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ တာဝန်ရှိသူတွေရဲ့ လျှို့ဝှက်စီစဉ်ပေးမှုနဲ့ ဆေးရုံမှာ သူတို့တွေ့ခွင့်ရခဲ့ကြတယ်။ ဆံပင်ညှပ်ပြီးစ အာချီလီဟာ Mamitaကိုတွေ့တော့ လှမ်းနေတဲ့ ခြေလှမ်းတွေ ရွေ့မရအောင် လေးလံနေသလို မျက်နှာတစ်ခုလုံး ဖြူရော်လို့နေတယ်။ Mamitaတို့ ဇနီးမောင်နှံ့က ရှေ့တိုးပြီး အာချီလီရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ သုံးယောက်သားရဲ့ ပါးပြင်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့နေတယ်။ အာချီလီက ဆို့နင့်တဲ့ အသံနဲ့ “ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွတ်ပါဆိုတဲ့ စကားက ကျွန်တော့်ရင်ထဲမှာ ကိန်းအောင်းနေတာ ၁၀နှစ်ရှိခဲ့ပါပြီ။ ဒီနေ့မှပဲ ကျွန်တော့်နှုတ်နဲ့ တောင်းပန်ဖို့ အခွင့်ရတော့တယ်“ “ ရှင်အခုလို ထွက်ပြီး ၀န်ခံလာတာကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ရှင်ရဲ့ချဉ်ဆီနဲ့ ကျွန်မသမီးလေးကို ကယ်တင်ဖို့ ဘုရားသခင်က ရှင့်ကို ကောင်းချီးပေးပါစေ”

ဖေဖော်ဝါရီ ၁၉ရက်မှာ အာချီလီရဲ့ ချဉ်ဆီကို ဆရာဝန်တွေက ခွဲစိတ်စစ်ဆေးခဲ့ကြတယ်။ ကံကောင်းစွာပဲ သူ့ရဲ့ချဉ်ဆီတွေ မော်နီကာအတွက် လုံးဝသင့်တော်နေခဲ့တယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့ လူတွေ မျှော်လင့်စောင့်စားနေတဲ့အချိန် ရောက်ရှိလို့ လာပါပြီ။ အာချီလီရဲ့ ရိုးတွင်းချဉ်ဆီတွေ မော်နီကာကိုယ်ထဲ ရွေ့ပြောင်းပေးလိုက်ကြတယ်။ အသက်အန္တရာယ်ကနေ မော်နီကာ သီသီလေးလွတ်ခဲ့ပြီး (၁) ပတ်အတွင်းမှာ နေကောင်းကျန်းမာလာခဲ့တယ်။ Mamitaတို့ လင်မယား အာချီလီကို လုံးဝခွင့်လွတ်ပေးပြီး ဒေါက်တာAndreaနဲ့ အတူ ထမင်းဖိတ်စားခဲ့တယ်။

ဒါပေမဲ့ ထမင်းစားဖိတ်တဲ့နေ့မှာ အာချီလီကိုယ်စား ဒေါက်တာAndreaက စာတစ်စောင်ယူလာခဲ့တယ်။ စာထဲမှာ အားနာခယစွာနဲ့ “ခင်ဗျားတို့ရဲ့ တည်ငြိမ်အေးဆေးနေပြီဖြစ်တဲ့ ဘ၀ကို ကျွန်တော် မနှောင့်ယှက်ပါရစေနဲ့တော့။ မော်နီကာလည်း ပျော်ရွှင်စွာ ခင်ဗျားတို့နဲ့ အတူရှိနေနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်လို့ အကူအညီလိုခဲ့ရင် ကျွန်တော့်ကို ပြောပါ။ အတတ်နိုင်ဆုံး ကျွန်တော်ကူညီပါ့မယ်။ တစ်ဆက်ထဲမှာပဲ မော်နီကာကိုလည်း ကျွန်တော်အရမ်း ကျေးဇူးတင်မိပါတယ်။ သူ့ကြောင့် အပြစ်တစ်ခုကို ၀န်ချဖို့ ကျွန်တော်အခွင့်ရခဲ့တယ်။ သူ့ကြောင့် ကျွန်တော်ရဲ့ လက်ကျန်ဘ၀လေး ပျော်ရွှင်ခွင့်ရခဲ့တယ်။ ဒါဟာ သူပေးတဲ့ ကျွန်တော့်အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်တယ်”

ပြီးပါပြီ

လူတစ်ယောက်ဟာ ကိုယ်ပြုခဲ့တဲ့ အပြုမှုကို တာဝန်ယူဖို့အတွက် သတ္တိတွေ ဘယ်လောက်လိုသလဲ? လူတိုင်းရဲ့ ရင်ထဲမှာ စံပေတံတစ်ခု ရှိပါလိမ့်မယ်။ ဒီစာကို ဖတ်ပြီး Mamitaတို့ လင်မယားကို အရမ်းလေးစားမိတယ်။ အဖြူတစ်ယောက်၊ အမည်းတစ်ယောက် မွေးထားတဲ့ ကလေးတွေကြောင့် လူတွေရဲ့ အထင်အမြင်လွဲမှားတဲ့ အကြည့်နဲ့ ကြည့်ခံခဲ့ရပေမဲ့ ကလေးလေးကို လူလားမြောက်အောင် သူတို့ ပြုစုခဲ့တယ်။ အာချီလီရဲ့ လုပ်ရဲခံရဲတဲ့ သတ္တိကိုလဲ ချီးကျူးမိတယ်။ ကျူးလွန်ခဲ့မိတဲ့ အပြစ်ကြောင့် တရားဥပဒေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိလျှက်နဲ့ အသက်တစ်ချောင်းကို ကယ်တင်ဖို့ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။

လူတိုင်း အမှားနဲ့ မကင်းကြပါဘူး။ အမှား အကြီးအသေးနဲ့ ဘယ်လိုပြုပြင်မလဲဆိုတာပဲ လိုတာပါ။ အမှားလုပ်မိရက်နဲ့ မပြုပြင်၊ ၀န်မခံတဲ့အပြင် ပုန်းလျှိုးနေမယ်ဆိုရင် အဲဒီလူဟာ ခွင့်မလွတ်ထိုက်ပါဘူး။ အခုခေတ်မှာ အမြင်မှားတွေ များပြားနေပါတယ်။ ပြစ်မှုတစ်ခုခုကို ကျူးလွန်မိသူကို လူဆိုးလို့ စိတ်ထဲစွဲပြီး ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးလည်း မပေးခဲ့ဘူးဆိုရင် သူဟာ အပြစ်တွေကို ထပ်သလဲလဲ ကျူးလွန်နေမိမှာပဲ။ တစ်ချို့က မွေးရာပါ ဗီဇအတိုင်း ဆိုးမိုက်နေပေမဲ့ မတော်တဆ စိတ်ထွက်ပေါက်ကြောင့် အပြစ်တွေကို ကျူးလွန်မိသူလဲ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီလူတွေကို ပြုပြင်ဖို့၊ ၀န်ချဖို့၊ လူတွေလက်ခံလာဖို့ အခွင့်အရေးတစ်ခု ပေးလိုက်ပြီး တွဲခေါ်လိုက်တာက တစ်ခြားအကူအညီထက် ပိုတန်ဖိုးရှိပါတယ်။

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ဆိုသလို အမှားအကြီးကြီးကို ကျူးလွန်မိသူပဲဖြစ်ဖြစ်၊ အသေးကို ကျူးလွန်မိသူပဲဖြစ်ဖြစ် ပြုပြင်ဖို့ အခွင့်အရေးတစ်ခု ပေးလိုက်တာဟာ ကိုယ့်ကိုယ့်ကို ပြောင်းလဲဖို့ အခွင့်အရေးပေးလိုက်တာနဲ့ အတူတူပဲ။ တစ်ခြားလူကို ကိုယ်လက်ညှိုးထိုးနေချိန်မှာ ကျန်လက်ချောင်း လေးချောင်းက ကိုယ့်ကိုယ် ပြန်ထိုးနေတယ်ဆိုတာကို ဘယ်တော့မှ မမေ့လေနဲ့။

ဒါက ဂူဂယ်မှာ ရှာထားတဲ့ တရုတ်လိုရေးထားတာတွေပါ။ တရုတ်တွေရဲ့ ဘလော့ဂ်နဲ့ ၀က်ဆိုက်တိုင်းလိုလိုမှာ ဒီစာကို တင်ထားတာ တွေ့ရတယ်။


Read More...

ရှင်ဘုရင်ရဲ့ လျှို့ဝှက်ချက်


တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။

နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”

“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”

“ဘာကျေးဇူးများလဲ”

“မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”

“အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”

“ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်”

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က “တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား” လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က “စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား”

“ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား”

“အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား”

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။

“ဘေးဖယ် ရှင်မရေ..”

“ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား”

“ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့”

“အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ”

“ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ”

“မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား”

အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ “တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ” ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက “ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး” ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ “ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်” ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

“ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ”
“လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ”
“ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”
“ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း”

“ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေမယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ”

“ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့”

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး “ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက်တောင် မရှိပါလား” လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က“နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်”

“ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ”

“စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်”

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။

“လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ”
“ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး”
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။

***********************************

“နှစ်သက်တယ်”ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
“ချစ်တယ်”ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
“တန်ဖိုးထား မြတ်နိုးပါ”

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး” တဲ့.....


Read More...

အရောင်များနှင့် ရှင်သန်သူ

(က)ငယ်စဉ်ကလေးဘ၀ကတည်းက သွက်ချာပါဒရောဂါကြောင့် ကျွန်မရဲ့ ခြေတွေ၊ လက်တွေ သွက်သွက်လက်လက် မလှုပ်ရှားနိုင်ခဲ့တဲ့အပြင် စကားပြောရာမှာလဲ ခက်ခဲခဲ့တယ်။ တစ်ခါက တစ်ခြားလူတွေလို ကျွန်မ အက ကသင်တာ ချော်လဲသွားတယ်။ မေမေပြန်လာတော့ ကျွန်မကို ပွေ့ချီပြီး ဆေးခန်းသွားပြခဲ့တယ်။ ကျွန်မရဲ့ သွေးတွေ မေမေ့ရင်ဝမှာ စွန်းကုန်တယ်။

ကျွန်မ မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက အိမ်နီးနားချင်း ကလေးတွေ ကျွန်မကို ကျောက်ခဲ၊ ထင်းစတွေနဲ့ ပစ်ပေါက်အနိုင်ကျင့်ကြတယ်။ တစ်နေ့နေ့ကျရင် သူတို့ကိုလဲ ကျွန်မ ပြန်ပစ်နိုင်အောင် ကျွန်မရဲ့ လွယ်အိတ်ထဲမှာ ကျောက်ခဲလေးတွေ အမြဲထည့်ထားတတ်တယ်။ ဒါပေမဲ့ ကျွန်မ တစ်ခါမှ မပစ်နိုင်ခဲ့ဘူး။ အခုဆိုရင် ကျောက်ခဲလေးတွေကို ကျွန်မ စုဆောင်းတတ်လာတယ်။

ဆရာမ Ma Zhijiangကြောင့် ပန်းချီဆွဲတာကို ကျွန်မ နှစ်သက်ခဲ့တယ်။ ပန်းချီဆွဲနေရရင် ကျွန်မပျော်တယ်။ ရေဆေးပန်းချီရဲ့ အရောင်လေးတွေက ကျွန်မကို ရှုးသွပ်စေတယ်။ အရောင်တွေကို ဆေးစပ်ပျဉ်ပြားပေါ်တင်ပြီး ရောစပ်ရတာက ဘ၀ရဲ့ အကောင်းနဲ့အဆိုးကို ထင်ဟပ်ရောစပ်နေရသလိုပဲ။ အရောင်တွေမှာလဲ အသက်ဝိညာဉ်ရှိတယ်လို့ ကျွန်မ ထင်တယ်။

ပုံတွေဆွဲပြီး အရောင်လေးတွေကတစ်ဆင့် ကျွန်မရဲ့ ခံစားမှုကို အားလုံးနဲ့ မျှဝေနိုင်ခဲ့တယ်။ ပုံထဲကနေ ကျွန်မရဲ့အတွေးတွေကို လူတွေ သိရှိနိုင်တယ်။ ကျွန်မရဲ့ ဘ၀နဲ့ ခံစားမှု အတွေးအခေါ်တွေဟာ ပန်းချီကြောင့် ပြောင်းလဲခဲ့ရတယ်။ ပန်းချီဆွဲခြင်းကြောင့် ဒုက္ခိတဆိုတဲ့ လှောင်အိမ်ထဲမှာ ကျွန်မပိတ်လှောင်မခံခဲ့ရတာပါ။

(ခ)
ဖာသာတစ်ဦးရဲ့ ကလေးဟာ မွေးကတည်းက သွက်ချာပါဒရောဂါရှိခဲ့တယ်။ လှုပ်ရှားမှု မသွက်လက်သလို စကားလဲ မပြောနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဇွဲလုံ့လနဲ့ ယုံကြည်မှုကြောင့် သူဟာ အမေရိကားမှာ အနုပညာဆိုင်ရာ ဒေါက်တာဘွဲ့ကို ရခဲ့ပြီး နယ်တကာလှည့် လူတွေကို အားပေးကူညီခဲ့တယ်။ ဟောပြောခဲ့တယ်။

တစ်ခါက ဟောပြောပွဲတစ်ခုကို သူတက်ရောက်ခဲ့တယ်။ (ဟောပြောပွဲလို့သာ ပြောတယ်။ တကယ်ဆို စကားမပြောနိုင်တဲ့ သူက ရေးပြီး ပြောတာပါ) ဟောပြောပွဲမှာ ကျောင်းသားတွေက သူ့ကို မေးခွန်းထုတ်ခဲ့ကြတယ်။ ကျောင်းသားတစ်ဦးက “ဆရာမ ငယ်ငယ်လေးကတည်းက ဒီပုံစံဖြစ်ခဲ့တယ်။ ဆရာမကိုယ် ဆရာမ ဘယ်လိုမြင်ပါသလဲ..? ဒီလိုရောဂါကို ခံစားနေရလို့ ကိုယ့်ကိုယ့်မမုန်းမိဘူးလား? ” လို့ မေးခဲ့တယ်။

ကျောင်းသားရဲ့ အမေးကို တစ်ခြားကျောင်းသားတွေက အားတုန့်အားနာဖြစ်ခဲ့တယ်။ ဒီအမေးဟာ သူ့အရှိုက်ကို ထိုးနှက်လိုက်တဲ့ မေးခွန်းဖြစ်နေမှာလဲ စိုးခဲ့တယ်။ ဒါပေမဲ့ သူက မြေဖြူကို ကောက်ကိုင်ပြီး “ကျွန်မကိုကျွန်မ ဘယ်လိုမြင်သလဲ ” လို့ စာလုံးခပ်ကြီးကြီးကို ချရေးလိုက်တယ်။ ပြီးတော့

၁) ကျွန်မ အရမ်းချစ်စရာကောင်းတယ်။
၂) ကျွန်မရဲ့ ပေါင်တံတွေ ရှည်လဲရှည်တယ်၊ လှလဲလှတယ်။
၃) အဖေအမေတို့က ကျွန်မကို အရမ်းချစ်တယ်။
၎) ဘုရားသခင်က ကျွန်မကို ချစ်တယ်။
၅) ကျွန်မ ပန်းချီတွေ ဆွဲတတ်တယ်။ စာလဲ ရေးတတ်တယ်။
၆) ကျွန်မမှာ ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်ရှိတယ်။
၇) နောက်ပြီး ...
၈) ........

ဟောပြောခန်းတစ်ခုလုံး အပ်ကျသံမျှ မကြားအောင် တိတ်ဆိတ်နေတယ်။ ပရိသတ်တွေကို သူနောက်ပြန်လှည့်ကြည့်လိုက်တယ်။ ပြီးတော့ နောက်ဆုံးစာကြောင်း “ကျွန်မမှာ ရှိတာကိုပဲ ကျွန်မကြည့်တယ်။ မရှိတာကို ကျွန်မ မကြည့်ဘူး” ကို ချရေးလိုက်တယ်။ တစ်ခန်းလုံး ခဏလောက် တိတ်ဆိတ်သွားပြီး လက်ခုပ်သံတွေက မိုးခြိမ်းသံအလား ဟိန်းထွက်လာခဲ့တယ်။

အကောင်းဘက်ကိုပဲ တွေးမြင်တတ်တဲ့ သွက်ချာပါဒ ဝေဒနာရှင်က ထိုင်ဝမ်ကျွန်း ထိုင်နန်မြို့မှာ မွေးဖွားခဲ့သူ၊ တောင်ကယ်ရီးဖိုးနီးယား တက္ကသိုလ်မှာ အနုပညာဒေါက်တာဘွဲ့ရခဲ့သူ၊ ပန်းချီပြပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့ဖူးသူ မစ္စစ် ဟွမ် (Huang Mei-lian) ပဲဖြစ်ပါတယ်။

သူ့ရဲ့ လက်ရာတစ်ချို့ကို ကူးယူဖော်ပြလိုက်ပါတယ်။ စိတ်ဝင်စားသူများ တစ်ခြားပုံတွေလဲ ကြည့်နိုင်အောင် သူ့ဝက်ဆိုက်ဒ် ကို ညွှန်းလိုက်ပါတယ်။





Read More...