Sunday, March 8, 2009

မေတ္တာစစ်နဲ့ ချစ်တဲ့သူ


မူရင်း ... ဂျပန်စာရေးဆရာ Jirō_Akagawa (赤川次郎) February 29, 1948

ညနက်သန်းခေါင်ယံအချိန် မြို့ပြင်က တံတားပေါ်မှာ လူသူကင်းရှင်းနေတယ်။ ရုတ်တရက် အဝေးက အမှောင်ထုထဲမှာ အမျိုးသမီးတစ်ဦးရဲ့ သဏ္ဍာန်တစ်ခု မှုန်ဝါးဝါး ထွက်ပေါ်လာခဲ့တယ်။ အမျိုးသမီးရဲ့ နာမည်က မလင်းကြည်ဖြစ်တယ်။ မလင်းကြည်က အထုပ်တစ်ထုပ်ကို ရင်ခွင်ထဲ ခပ်တင်းတင်းပွေ့ပြီး တံတားဘက်ကို အလျှင်စလို လှမ်းလာနေတယ်။

တံတားပေါ်ရောက်တာနဲ့ ခြေအစုံကိုရပ်ပြီး တံတားအောက်က ရေစီးသန်တဲ့ ချောင်းကို မလင်းကြည် ငုံ့ကြည့်လိုက်တယ်။ အဲဒီနောက် ရင်ခွင်ထဲက အထုပ်ကို ချောင်းထဲ အလျှင်အမြန် ပစ်ချလိုက်တယ်။ အထုပ်ထဲမှာ လူမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေပါတယ်။ ဘာအကြောင်းပဲဖြစ်ဖြစ် ဒီလျှို့ဝှက်ချက်ကို ခင်ပွန်းကိုထွန်းဘို အသိခံလို့ မဖြစ်ဘူးဆိုတာ မလင်းကြည်နားလည်တယ်။

အထုပ်ကိုပစ်ပြီး အိမ်ဘက်ကို မလင်းကြည် ခြေကုန်သုတ်သင် ပြန်လာခဲ့တယ်။ မနက်မှာ ခင်ပွန်းနဲ့ သမီးအတွက် မနက်စာပြင်ပေးဖို့ မလင်းကြည် အစောကြီးထရဦးမယ်။ အိမ်ရောက်တော့ နောက်ဖေးတံခါးကို မလင်းကြည် အသာလေးဖွင့်လိုက်တယ်။ မီးဖိုချောင်ကို ဖြတ်ပြီး အိပ်ခန်းထဲ မလင်းကြည် ခိုးအဝင်မှာ အိပ်ခန်းဝမှာ ရပ်နေတဲ့ ကိုထွန်းဘိုကို တွေ့လိုက်တယ်။


"မင်း ဘယ်သွားတာလဲ? " ခက်ထန်တဲ့ မျက်နှာနဲ့ ကိုထွန်းဘိုက မေးတယ်။

ရုတ်တရက်မို့ မလင်းကြည်ဆီက ဘာသံမှ ထွက်မလာခဲ့ဘူး။

"လူအမြင်ခံလို့ မရတဲ့အရာ သွားပစ်တာ မဟုတ်လား"

ကြည့်ရတာ မလင်းကြည်ရဲ့ အပြုအမှုကို ကိုထွန်းဘို ရိပ်မိဟန်တူတယ်။ မလင်းကြည်ရဲ့ မျက်နှာဖြူရော်သွားခဲ့တယ်။

"ဘာသွားပစ်တာလဲ.. ပြောစမ်း! "

"ကျွန်မကို ဘာသံသယဖြစ်နေတာလဲ? " မလင်းကြည် ခေါင်းခါရင်း ကိုထွန်းဘိုကို ပြန်မေးလိုက်တယ်။

"မင်းအစား ငါဖြေမယ်... မင်းပစ်လိုက်တဲ့ အရာက မင်းကိုကြိုက်နေတဲ့ ဟိုအရာရှိရဲ့ စာတွေ မဟုတ်လား! " တကယ်ဒေါသထွက်နေတဲ့ ပုံနဲ့ ကိုထွန်းဘိုအော်တယ်။

မလင်းကြည် မျက်လုံးပြူးသွားမိတယ်။ တစ်ခုခုပြောဖို့ ပါးစပ်လှုပ်သွားပေမယ့် မလင်းကြည်ခေါင်းငုံ့ပြီး အကြည့်ကို ခြေဖျားဖက် ရွေ့ထားလိုက်တယ်။ မလင်းကြည် နုတ်ဆိတ်နေခဲ့တယ်။

"မင်းတကယ်ပဲ အဲကောင်နဲ့ဖြစ်နေပြီ မဟုတ်လား! "

ကိုထွန်းဘိုရဲ့ အော်သံနဲ့တစ်ဆက်တည်းမှာပဲ "ဖြန်း" ဆိုတဲ့ ပါးရိုက်သံက ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တယ်။ မျက်စိတွေပြာ၊ ခေါင်းပါမူးနောက်ပြီး ကုတင်ပေါ် မလင်းကြည် ပုံကျသွားခဲ့တယ်။ အားခဲပြီး မလင်းကြည် ကိုယ်ကိုထူမတ်လိုက်တယ်။ ခေါင်းမော့်ကြည့်တော့ ကိုထွန်းဘိုရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ဘူး။ ကုတင်ဘေးမှာ ရပ်နေတဲ့ သမီးကို မလင်းကြည် တွေ့လိုက်မိတယ်။ ကြောက်ရွံ့ခြင်း၊ တွေဝေခြင်းတွေက သမီးမျက်နှာပေါ်မှာ ထင်ဟပ်လို့နေတယ်။

"ကျွန်မက ဘယ်သူ့သမီးလဲ? အဖေ့သမီးလား? ဟိုအရာရှိသမီးလား? "

ရုတ်တရက် သမီးက မလင်းကြည်ကို မေးလိုက်တယ်။ မလင်းကြည် တုန်လှုပ်သွားမိတယ်။ ပြီးမှ တအံ့တသြ...

"ဘာဖြစ်လို့ ဒီလိုမေးရတာလဲ သမီး? "

"ကျွန်မ သိချင်တယ်"

မလင်းကြည် အတန်ကြာ နုတ်ဆိတ်သွားမိတယ်။ ညလေးညှင်းက အဖြူရောင်ပြောင်းစ သူ့ဆံနွယ်ကို ဆော့ကစားနေတယ်။ အချိန်ကြာမှ မလင်းကြည်က သမီးကို "ကောင်းပြီသမီး... သမီးကို မေမေပြောပြမယ်။ သမီးတစ်ယောက်တည်းကိုပဲ မေမေ ပြောပြတာနော်....."

"သမီးဖေဖေမှာ မေမေနဲ့လက်မထပ်ခင် ချစ်သူတစ်ယောက်ရှိခဲ့တယ်။ မကြင်မေ.. လို့ခေါ်တယ်"

မလင်းကြည်နဲ့ မကြင်မေက ကျောင်းနေဖက်တွေဖြစ်တယ်။ အလယ်တန်းမှာ သူတို့က ကိုထွန်းဘိုအောက် တစ်တန်းငယ်သူတွေဖြစ်တယ်။ အဲဒီအချိန်တုန်းက သူငယ်ချင်းကောင်းတွေဖြစ်ကြတဲ့ မလင်းကြည်နဲ့ မကြင်မေက ကိုထွန်းဘိုကို တစ်ဖက်သတ် တိတ်တခိုး စွဲလမ်းနေကြတယ်။ ကိုယ်နှစ်သက်သူကို မိန်းကလေးဘက်က စပြီး မဖွင့်ပြောသင့်တဲ့ ခေတ်မှာ ကြီးပြင်းခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ဒီကိစ္စကို ရေငုံ့နေတာကလွဲလို့ "ရည်းစားလုဖက်တွေ" မဖြစ်ခဲ့ကြဘူး။

မလင်းကြည်က အတော်အသင့် ချမ်းသာတဲ့ မိသားစုက မွေးဖွားခဲ့တယ်။ မကြင်မေက ဖတဆိုးဖြစ်ပြီး မုဆိုးမမိခင်နဲ့ ဘဝကို ဆင်းဆင်းရဲရဲ ဖြစ်ကျော်ခဲ့ရတယ်။ မလင်းကြည်ကိုယ်ပေါ်က အဝတ်အစား လှလှလေးတွေကို မကြင်မေ မဝတ်နိုင်ခဲ့ဘူး။ မလင်းကြည်လို မပျော်ပါးနိုင်ခဲ့ဘူး။ ဒါပေမယ့် မကြင်မေလို လှပတဲ့ရုပ်ရည်၊ နူးညံ့သိမ်မွေ့မှုတွေ သူ့မှာမရှိဘူးဆိုတာ မလင်းကြည်သိတယ်။

တစ်ခုသော ပူပြင်းတဲ့ နွေကျောင်းပိတ်ရက်မှာ ပြဿနာတစ်ခု စခဲ့တယ်။ အဲဒီနေ့က မလင်းကြည်တို့အိမ်ကို မကြင်မေ ရုတ်တရက်ရောက်လာခဲ့တယ်။ ကိုထွန်းဘိုလည်း တိုက်တိုက်ဆိုင်ဆိုင် မလင်းကြည်တို့အိမ်မှာ ရှိနေခဲ့တယ်။ မကြင်မေရဲ့ နောက်မှာ မျက်နှာထား ခပ်တင်းတင်းနဲ့ လူကြီးတစ်ယောက် လိုက်ပါလာတယ်။ အဲဒီလူက မကြင်မေအမေ အလုပ်လုပ်တဲ့ သူဌေးအိမ်က လူယုံဖြစ်တယ်။

"အဲဒီကောင်မကို ထွက်လာခိုင်းစမ်း!"

လူယုံက တစ်ဖက်ကအော်ရင်း တစ်ဖက်က အိမ်ကြီးရှင်ရဲ့သမီး မှန်တင်ခုံပေါ် ချွတ်ထားတဲ့ပတ္တမြား ပျောက်ဆုံးသွားကြောင်း၊ အဲဒီအချိန်မှာ အမေကိုလာရှာတဲ့ မကြင်မေလည်း အိမ်ကြီးထဲရောက်နေကြောင်း၊ ဒါကြောင့် ပတ္တမြားကို မကြင်မေခိုးယူခဲ့ကြောင်း စွပ်စွဲတော့တယ်။ အကူအညီမဲ့နေတဲ့ မကြင်မေရဲ့ မျက်ရည်ကိုမြင်တော့ ကိုထွန်းဘို မနေနိုင်တော့ဘူး။ မကြင်မေကို အိမ်ထဲဝင်စေပြီး အိမ်ရှေ့ကို ကိုထွန်းဘိုဒေါသတကြီး ထွက်ခဲ့တယ်။ လူယုံနဲ့ ကိုထွန်းဘို စကားများကြတော့တယ်။

မဟုတ်မခံတဲ့ ကိုထွန်းဘိုရဲ့ အပြုအမှုကြောင့် ထင်ပါတယ်... ကိုထွန်းဘိုနဲ့ စကားဆက်မများဘဲ လူယုံကြီး ထွက်သွားခဲ့တယ်။ မကြင်မေ ပတ္တမြားခိုးတာကို လက်ပူးလက်ကြပ် သက်သေနဲ့မိတာ မဟုတ်တဲ့အတွက် သူတို့လက်လျှော့ခဲ့တယ်။

သွေးဆုတ်နေတဲ့ မျက်နှာနဲ့ ခိုက်ခိုက်တုန်အောင် လန့်နေတဲ့ မကြင်မေရဲ့ လက်ကို ကိုထွန်းဘို ဆုတ်ကိုင်လိုက်မိတယ်....

ပတ္တမြားခိုးတဲ့ ကိစ္စက အဲဒီမှာတင် တစ်စခန်းမရပ်ခဲ့ဘူး။ မကြင်မေ ပတ္တမြားခိုးယူတဲ့ သတင်းက မြို့တစ်ခုလုံး ပြန့်နှံ့သွားခဲ့တယ်။ ကျောင်းပြန်ဖွင့်တော့ မကြင်မေကို ဘယ်ကျောင်းသားကမှ အဖက်မလုပ်ခဲ့ဘူး။ စကားမပြောခဲ့ဘူး။ အမေလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရလို့ မကြင်မေတို့ ပိုကြပ်တည်းခဲ့ရတယ်။ ဒါပေမယ့် ကိုထွန်းဘိုက အဲဒီကိစ္စအပြီးမှာ မကြင်မေကို ချစ်သွားခဲ့မိတယ်။ ကိုထွန်းဘိုရဲ့ အချစ်က ကိုယ်ချင်းစာ၊ သနားတဲ့အချစ် မဟုတ်ဘူး။ ရင်ထဲ၊ အသဲထဲကနေ တကယ် နှစ်နှစ်ကာကာ ချစ်သွားမိတာဖြစ်တယ်။

မကြင်မေနဲ့ ကိုထွန်းဘို ချစ်သူတွေဖြစ်သွားကြတော့ မလင်းကြည်လည်း ကိုထွန်းဘိုအပေါ်ထားတဲ့ သူ့မေတ္တာကို ရင်ထဲမှာပဲ သိမ်းဆည်းထားလိုက်တော့တယ်။ မကြင်မေအပေါ် မလင်းကြည်ရဲ့ ဂရုစိုက်မှုတွေ ပေါ့မသွားခဲ့ဘူး။ အချစ်ကို ရင်ထဲမှာ သိုဝှက်ရင်း မကြင်မေတို့ရဲ့ ချစ်ခြင်းတွေ သာယာဖြောင့်ဖြူးစေဖို့ မလင်းကြည် ဆုတောင်းခဲ့တယ်။

ဒါပေမယ့် ကိုထွန်းဘိုဆိုတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့ မကြင်မေတို့ သားအမိရဲ့ စားဝတ်နေရေးကို မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒီနှစ်ရဲ့ ဆောင်းဦးပေါက် ညနေခင်းတစ်ခုမှာ မကြင်မေတို့သားအမိ ချောင်းထဲခုန်ချပြီး အဆုံးစီရင်ခဲ့ကြတယ်။

"အဲဒီနောက်မှာ မေမေတို့အိမ်ကို သမီးရဲ့ဖေဖေ ရောက်လာခဲ့တယ်။ အဲဒီနောက် သမီးကို မေမေမွေးခဲ့တယ်.. သမီး"

မလင်းကြည် စကားကို ခဏရပ်ပြီး ဆက်ပြန်တယ်။

"ဒါပေမယ့် သမီးဖေဖေရဲ့စိတ်မှာ မကြင်မေကိုပဲ လွမ်းဆွတ်နေခဲ့တယ်။ မေမေက သူ့ဇနီး၊ မကြင်မေသာ သူ့ချစ်သူ.. မကြင်မေကိုပဲ သူချစ်ခဲ့တယ်...."

မလင်းကြည်ပြောတာကို နားထောင်ပြီး သမီး မသိမသာ သက်ပြင်းချမိတယ်။

"ဒီကိစ္စနဲ့ ချောင်းထဲ မေမေပစ်လိုက်တဲ့ အထုပ်နဲ့ ဘာများပတ်သက်နေလို့လဲ? "

"ဒီနေ့ မေမေ အိမ်သန့်ရှင်းရေးလုပ်တော့ မျက်နှာကြက်မှာ ထိုးထည့်ထားတဲ့ ပတ္တမြားတစ်လုံးကို တွေ့မိတယ်။ ကြည့်ရတာ.. အဲဒီတုန်းက သမီးဖေဖေ ဟိုလူယုံနဲ့ ရန်ထွက်အဖြစ်မှာ မကြင်မေ ခုံခုပြီး မျက်နှာကြက်ပေါ် ထိုးထည့်လိုက်ပုံရတယ်။ မေမေတွေ့ခဲ့လို့ ချောင်းထဲ တိတ်တိတ်လေးသွားပစ်လိုက်တာ သမီး"

"ဟာ.... ဟာ..... အဲဒီလိုလား မေမေ.." အသက်ပြန်ရှူသွင်းဖို့ သူမေ့နေခဲ့တယ်။

"ဒါဆို ဘာဖြစ်လို့ ဖေဖေ့ကို ပြောမပြတာလဲ"

သမီးအမေးကို မလင်းကြည် တစ်ချက်ပြုံးလိုက်မိတယ်။

"မကြင်မေရဲ့ အသေဆိုးက သမီးဖေဖေကို တော်တော်စိတ်ထိခိုက်စေခဲ့ပြီးပြီ။ သမီးဖေဖေရဲ့ စိတ်ထဲမှာ မကြင်မေဟာ ခြောက်ပြစ်ကင်းတဲ့ ချစ်သူတစ်ယောက်၊ တကယ်လို့ အဖြစ်မှန်ကို ပြောပြလိုက်ရင် သမီးဖေဖေ ဘာဖြစ်သွားနိုင်မလဲ.. သမီးတွေးကြည့်ပါ"

"မေမေ..."

မလင်းကြည်ကို သမီး ခပ်တင်းတင်း ပွေ့ဖက်လိုက်ပြီး "မေမေကသာ ဖေဖေ့ကို တကယ်ချစ်တဲ့သူဖြစ်တယ်" လို့ ပြောလိုက်တယ်။

သမီးရဲ့ ပွေ့ပိုက်မှုအောက်မှာ မလင်းကြည်ရဲ့မျက်နှာက ပန်းနုရောင်သမ်းလို့လေ.....

ပြီးပါပြီ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

နာမည်တွေကို ဖတ်ရလွယ်အောင် ဂျပန်နာမည်ကနေ အနီးဆုံး အသံတူယူထားပါတယ်။
綾子 = လင်းကြည်
晶美 = ကြင်မေ
渡部 = ထွန်းဘို

Print this post

No comments: