Sunday, August 3, 2008

ခဲတံတစ်ချောင်း၏ အသုံးဝင်ပုံ


၁၉၈၃ခုနှစ် Czech Republic နေ George ဆိုသူသည် သူ၏ ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုရာတွင် နှစ်၅၀အတွင်း နယူးယောက် Richmond ဒေသရှိ ဆင်းရဲသားကျောင်းမှ ထွက်လာသော ကျောင်းသားများ၏ ပြစ်မှုကျူးလွန်မှုသည် အလွန်နည်းကြောင်း သတိပြုမိသည်။

ထိုအကြောင်းအရာကို သိချင်သောကြောင့် သူသည် စာတမ်းပြုစုချိန်ကို သက်တမ်းတိုးပြီး နယူးယောက်တွင် ရှေ့နေအလုပ်ကို ရှာဖွေခဲ့သည်။ နယူးယောက် မြို့တော်ဝန်ထံမှ မြို့တော်ဝန် ရန်ပုံငွေရရန် လျှောက်တင်ခဲ့ပြီး သူသိချင်သော အကြောင်းကို အတွင်းကျကျ စုံစမ်းခဲ့သည်။

San Berna ကျောင်းတွင် ကျောင်းတက်ခဲ့ဖူးသော၊ တာဝန်ထမ်းဆောင်ဖူးသော လူများ၏ လိပ်စာကို သူသိပါက ထိုသူများထံ “San Berna ကျောင်းက သင့်အား ဘာတွေတတ်အောင် သင်ပေးခဲ့သလဲ” ဟု စာတိုတစ်စောင်ပို့ပြီး သူစုံစမ်းခဲ့သည်။

၆နှစ်အတွင်း စာ ၃၇၅၆ စောင်ကို သူလက်ခံရရှိခဲ့သည်။ ထိုစာထဲက ၇၄%၏ အဖြေမှာ ထိုကျောင်းမှ ခဲတံတစ်ချောင်း၏ အသုံးဝင်ပုံ အမျိုးမျိုးကို သင်ယူတတ်မြောက်ခဲ့ကြောင်း ဖြေထားသည်။

အကြောင်းမှာ... သူသည် နယူးယောက်ရှိ နာမည်ကြီး သားရေဆိုင် တစ်ဆိုင်ကို စုံစမ်းရာတွင် ဆိုင်ရှင်သူဌေးက “ San Berna ကျောင်းမှာ ကျွန်တော်တို့ ခဲတံတစ်ချောင်းရဲ့ အသုံးဝင်ပုံကို သင်ယူခဲ့ရတယ်။ အဲဒီကျောင်း စ၀င်စ ကျွန်တော်တို့ရဲ့ ပထမဦးဆုံး စာစီစာကုံးက အဲဒီခေါင်းစဉ်ပဲ။ စစချင်းတော့ ကျွန်တော်က ခဲတံတစ်ချောင်းက စာရေးဖို့ပဲ အသုံးဝင်တယ်လို့ ထင်နေခဲ့တာ။ ခဲတံရဲ့ အသုံးဝင်ပုံက စာရေးရုံတင်မကဘူး... လိုအပ်တဲ့အချိန်မှာ ဘေးမျဉ်းဆွဲလို့လည်း ရတယ်။ သူငယ်ချင်းတွေကို လက်ဆောင်အဖြစ် ပေးလို့လည်းရတယ်။ ရောင်းလို့လဲ ရတယ်။ လိုအပ်ချိန်မှာ ခဲဆံကို အမှုန့်လုပ်ပြီး ပြဇာတ်အတွက် လိမ်းခြယ်လို့ရတယ်။ ခဲတံချွန်လို့ ရလာတဲ့ သစ်သားစတွေကို ပန်းချီကားတွေအတွက် တန်ဆာဆင်လို့ရတယ်။ ခဲတံကို အပိုင်းညီညီပိုင်းပြီး ချက်ကစားရာမှာ အသုံးပြုလို့ရတယ်။ ကစားစရာအတွက် ဘီးလုံးလုပ်လို့ရတယ်။ တောထဲတောင်ထဲရောက်လို့ ရေပြတ်ရင် ခဲဆံကို ထုတ် ခဲတံကို ပိုက်လုပ်ပြီး ကျောက်ကြားတွေထဲက ရေကိုစုပ်သောက်နိုင်တယ်။ အရေးကြုံရင် ချွန်ထက်နေတဲ့ ခဲတံနဲ့ ကိုယ့်ကို ကာကွယ်နိုင်တယ်.... စတာ စတာတွေပေါ့။

ခဲတံတစ်ချောင်းက ပြောမကုန်အောင် အသုံးဝင်ပါတယ်။ San Berna က ဆရာတွေက ကျွန်တော်တို့ ဆင်းရဲသားတွေကို မျက်စိ၊ နား၊ နှာခေါင်း၊ ဦးနှောက်နဲ့ ခြေလက်တွေ ရှိတဲ့ လူတွေက ခဲတံတစ်ချောင်းထက် ပိုပြီး အသုံးဝင်တယ်ဆိုတဲ့ အကြောင်း သိစေခဲ့တယ်။ အသုံးဝင်မှုတစ်ခုစီက ကျွန်တော်တို့ ရှင်သန်ဖို့အတွက် အရေးပါတဲ့ အကြောင်း သိစေခဲ့တယ်။ ကျွန်တော်အရင်က ရထားမောင်းခဲ့တယ်။ နောက် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်။ ခုတော့ ဒီဆိုင်ကို ကျွန်တော် ပိုင်ဆိုင်နိုင်ခဲ့တယ်”

Georgeသည် အခြား San Berna ကျောင်းထွက်များကို မေးမြန်းစုံစမ်းခဲ့ရာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သူတို့သည် အလုပ်ကိုယ်စီ ရှိကြပြီး ဘ၀တွင် ပျော်ရွှင်နေသူများဖြစ်ကြောင်း တွေ့ရှိမိသည်။ လူတိုင်းက ခဲတံတစ်ချောင်း၏ အသုံးဝင်ပုံကို ပြောပြနိုင်ခဲ့သည်။

Georgeက သူသိချင်သည် အကြောင်းအရာများကို သိရှိပြီးနောက် နယူးယောက်ရှိ ရှေ့နေအလုပ်ကို စွန့်ပြီး မိမိတိုင်းပြည်ကို ပြန်ခဲ့သည်။ နောင်တွင် Czech Republic ရှိ အကြီးဆုံး ကွန်ပြူတာ ကုမ္ပဏီကို သူထူထောင်နိုင်ခဲ့သည်။

လူတိုင်းမှာ မွေးရာပါ အတတ်ပညာတွေရှိတယ်။ ဒါပေမယ့် တစ်ချို့လူတွေက အဲဒီအတတ်ကို သတိမထားမိကြဘူး။ ဘယ်လို အသုံးပြုရမလဲဆိုတာ မသိခဲ့ဘူး။ ဒါကြောင့် အဲဒီအတတ်တွေက ရေညှိဖုံးနေတဲ့ ကျောက်တုံးလိုပဲ မတောက်ပြောင်နိုင်ခဲ့ဘူး။ ကိုယ့်ရှင်သန်နေမှုကို တန်ဖိုးထားပြီး ကိုယ်တတ်တဲ့ ပညာကို အသုံးပြုမယ်ဆိုရင် လူတိုင်းဟာ အောင်မြင်တဲ့လူ ဖြစ်နိုင်တယ်။ (ဤနေရာတွင် ကိုယ်တတ်တဲ့ပညာကို ထုတ်ဖော် ကြွားဝါခြင်းဟု မမည်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: