ဗေဒင်၊ လက္ခဏာတွေကို ကျွန်မ မယုံကြည်တာ မဟုတ်ပေမယ့် တကူးတကသွားပြီး ကြည့်တာ မေးတာတို့ မရှိခဲ့ပါဘူး။ တစ်ခါတလေ သူငယ်ချင်းတွေ ဗေဒင်သွားမေးရင် ပူဇော်ခ မကြီးရင်တော့ ကြည့်ဖြစ်ပါတယ်။ ဟောတာတွေကို စိတ်ထဲမှာ သိပ်ထည့်မထားတော့ ယတြာလည်း တစ်ခါမှ မချေဖူးဘူး။ ဒါတွေကို ယုံလည်းအခက်၊ မယုံလည်း အခက်ပါပဲ။ မြန်မာပြည်မှာတော့ နှစ်လုံး၊ သုံးလုံး၊ ဘောပွဲတွေကအစ မေးစရာတွေများနေလို့ ဗေဒင်ဆရာ၊ လက္ခဏာဆရာနဲ့ ဘိုးတော်တွေက တစ်ခြားနိုင်ငံတွေထက် ပိုများမယ်လို့ ထင်ပါတယ်။ အဲတာတွေ ထားပါ... ဖတ်ဖူးတဲ့ ဗေဒင်အဟောတွေကို စိတ်ဝင်စားသူများအတွက် မျှဝေလိုက်ပါတယ်။
(၁)
ညီအစ်ကိုနှစ်ယောက်ကို ဗေဒင်ဆရာက...
“နောက်နှစ် ၃လပိုင်းမှာ ခင်ဗျားတို့ ညီအစ်ကို နှစ်ယောက်စလုံး လာဘ်ကောင်းမယ်၊ ကြီးပွားမယ်” လို့ ဟောလိုက်တယ်။ တစ်နှစ်လွန်ပြီး ၄လပိုင်းရောက်တော့ ဗေဒင်ဆရာဆီကို သူတို့ပြန်လာကြတယ်။ အစ်ကိုက ဆရာကို တွေ့တာနဲ့ “ ဆရာဟောတာ အရမ်းမှန်ပါတယ်။ အရင်လက ကျွန်တော့် စီးပွားရေးတွေ အမြတ်အများကြီးရလိုက်တယ်” ပြောတယ်။ ညီဖြစ်သူက သက်ပြင်းချပြီး “ ကြီးပွားမယ်ဆိုလို့ ကျွန်တော်က အရင်လမှာ ထီထိုးလိုက်တာ ထောင်ဆုပဲ ပေါက်လိုက်တယ်။ ဒါလဲ လာဘ်ကောင်းတယ်လို့ ခေါ်သလားဗျာ” လို့ မေးတော့ ဆရာက “ခေါ်တာပေါ့။ ကံကောင်းတာချင်း တူပေမယ့် အဲဒီကံကို ခင်ဗျားဘယ်လို အသုံးပြုမလဲ ဆိုတဲ့အပေါ်မှာလဲ မှုတည်သေးတယ်။ ကံဆိုတာ မီးနဲ့တူတယ်။ သေးငယ်တဲ့ ဖယောင်းတိုင်ကို ထွန်းညှိနိုင်သလို မီးတောက်မီးလျှံကြီး ဖြစ်အောင်လဲ ထွန်းညှိလို့ရတယ်။ ကံကောင်းမယ်လို့ ဟောထားတဲ့ အချိန်မှာ ခင်ဗျားအစ်ကိုက သူ့အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေတယ်။ ဒါကြောင့် သူကြီးပွားတယ်။ ခင်ဗျားလည်း ထီထိုးတော့ ထီပေါက်တာပဲ မဟုတ်လား”
(၂)
လွန်ခဲ့တဲ့ ၁၅နှစ်က သူငယ်ချင်းတစ်ယောက် သူ့မိတ်ဆွေနဲ့အတူ အိမ်ကို အလည်ရောက်ခဲ့တယ်။ သူ့မိတ်ဆွေက ဗေဒင်ဆရာဆိုတော့ ကျွန်မကို ဗေဒင်မေးဖို့ သူငယ်ချင်းက တိုက်တွန်းခဲ့တယ်။ “ကျွန်မ မမေးရဲဘူး။ တကယ်လို့ ကံကောင်းမယ်လို့ ဟောရင် အဲဒီကောင်းတဲ့ ကံကို နောက်မှခံစားရလဲ ဘာမှမဖြစ်ဘူး။ တကယ်လို့ မကောင်းဘူးလို့ ဟောခဲ့ရင် ကျွန်မက ကိုယ့်ကိုယ့်ကို မဖြေသိမ့်တတ်တော့ စိတ်ထဲမှာ ခုနေပြီး မစားနိုင်၊ မအိပ်နိုင်မှာလည်း စိုးတယ်။ ဒါပေမယ့် တစ်ခုတော့ သိချင်တယ်။ ဘယ်လိုလုပ်မှ မကောင်းတာတွေကို ကာကွယ်နိုင်မလဲ” ကျွန်မက ပြောတော့ ဗေဒင်ဆရာက “နည်းနှစ်နည်းရှိတယ်” ဆိုပြီး ပြောပါတယ်။ အဲဒီနည်းနှစ်ကို ကျွန်မခုထက်ထိ အလွတ်ရနေဆဲပါ။
၁. “စာများများဖတ်ပါ”... စာတွေများများဖတ်တော့ အတွေးအခေါ်တွေ ပြောင်းမယ်၊ ကိုယ်နှုတ်အမှုအရာ ပြောင်းမယ်။
၂. “ကုသိုလ်လုပ်ပါ။ ကောင်းတာတွေလုပ်ပါ”... အဲတာတွေ များများလုပ်ရင် ကံကောင်းခြင်းတွေက သူ့အလိုလို ရောက်လာမှာပဲ။
(၃)
လူတစ်ယောက် ဗေဒင်သွားတွက်တော့ ဗေဒင်ဆရာက “ ကျွန်တော်တဲ့တိုးပဲ ဟောတော့မယ်ဗျာ။ ခင်ဗျား အသက် ၅၅နှစ်ထက် မကျော်ဘူး” လို့ ဟောလိုက်တယ်။ နှစ်တွေကြာပြီး တစ်နေ့မှာ ဗေဒင်ဆရာဆီ ခန္ဓာတောင့်တင့်တဲ့လူ တစ်ယောက် ရောက်လာခဲ့တယ်။ “ဆရာ ကျွန်တော့်ကို မှတ်မိသေးလား။ အသက်၅၅နှစ်ထက် မကျော်ဘူးလို့ ဆရာဟောခဲ့တယ်လေ။ အခု ကျွန်တော့်အသက် ၆၀ ရှိပြီဗျာ” လို့ ပြောတော့ ဗေဒင်ဆရာက အံ့သြပြီး သူ့ကို ဗေဒင်ဟောဖို့ ထွက်ချက်လိုက်ပြန်တယ်။ “ခင်ဗျားအသက် ၅၅နှစ်ထက် မကျော်နိုင်ဘူးဆိုတာ အမှန်ပဲ။ ဒါပေမယ့် ကောင်းမှုတွေကို ခင်ဗျားတော်တော်လုပ်ခဲ့လို့ ခင်ဗျားကံကောင်းနေခဲ့တာ”
“ကောင်းမှုလုပ်တာနဲ့ ကံကို ပြောင်းစေတာလား”
“အမှန်ပေါ့။ ကံမကောင်းတဲ့ လူတွေရဲ့ ကံက ခင်ဗျားပြုလုပ်တဲ့ ကောင်းမှုတွေကြောင့် ကံကောင်းစေခဲ့တယ်။ သူတို့ ကံကောင်းတော့ ခင်ဗျားလည်း ကံကောင်းတာပေါ့... မဟုတ်ဘူးလား။ ဒီလောကကြီးက ရေနဲ့တူတယ်။ အမြဲ တစ်ပြေးညီပဲ။ ခင်ဗျားဆီက ထွက်သွားတဲ့ ရေတွေဟာ တစ်ခြားသူတွေဆီ ရောက်မယ်။ ပြီးတော့ အဲဒီရေတွေက ကိုယ့်စီကိုပဲ ပြန်စီးလာတာပဲ မဟုတ်လား”
No comments:
Post a Comment