ထင်းရှုးပင်က ခူကောင်တွေဟာ ပါးစပ်ထဲက အမျှင်တွေထုတ်ပြီး သစ်ပင်ပေါ်မှာ အသိုက်ဖွဲ့နေကြတယ်။ ညနေစောင်းချိန်မှာ သူတို့ဟာ အသိုက်ထဲက ထွက်လာပြီး ထင်းရှူးရွက်တွေကို စားဖို့ အစာရှိရာကို စီတန်းပြီး သွားတတ်ကြတယ်။ နောက်လိုက် ခူတွေက ခေါင်းဆောင်သွားရာလမ်းအတိုင်း ထပ်ကြပ်မခွာ တညီတညွှတ်နဲ့ တန်းစီပြီး လိုက်ကြတယ်။
ဦးဆောင်တဲ့ ခူကောင်က ရှေ့ကသွားရင်း ပိုးမျှင်တွေကို သွားရာလမ်းတစ်လျှောက် ထွေးထုတ်ခဲ့တယ်။ ဒါမှ ဘယ်ကိုရောက်ရောက်၊ ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ် အပြန်မှာ သူတို့ဟာ လမ်းမမှားတတ်ကြတော့ဘူး။
ပြင်သစ်နိုင်ငံ အင်းဆက်ပိုးမွှားဗေဒ ပညာရှင် Jean-Henri Fabre(၁၈၂၃-၁၉၁၅)က စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့တယ်။ တန်းစီတွားနေတဲ့ ခူကောင်တွေကို သူက ပန်းအိုးကြီးတစ်လုံးဆီ မျှားပြီးခေါ်လာခဲ့တယ်။ ခူကောင်တွေ ပန်းအိုးကို တစ်ပတ်ပတ်ပြီးချိန်မှာ သူက ခေါင်းဆောင်ခူ ထွေးထုတ်ခဲ့တဲ့ တစ်ခြားပိုးမျှင်တွေကို ဖျက်ပြီး ပန်းအိုးပတ်လည်က ပိုးမျှင်တွေကိုသာ ချန်ထားလိုက်တယ်။ ပြီးတော့ ပန်းအိုးအလည်မှာ ထင်းရှူးရွက်တစ်ရွက် ချထားလိုက်တယ်။
ခူတွေက တစ်ကောင်နောက် တစ်ကောင်လိုက်ပြီး ပိုးမျှင်ချထားရာ လမ်းအတိုင်း ပန်းအိုးကို ပတ်ကြတယ်။ ပိုးမျှင်အတိုင်းသွားရင် လမ်းမပျောက်ဘူး အထင်နဲ့ ခူတွေက ပန်းအိုးကို တစ်ပတ်ပြီးတစ်ပတ် ပတ်ကြတယ်။ အဲဒီအတိုင်း ၁၀ရက်ထား ထားလိုက်တယ်။ ခူကောင်တွေက အစာဟာ သူတို့နဲ့ ဘယ်နှမိုင်အကွာမှာ ရှိမှန်းမသိဘဲ ပိုးမျှင်ချထားတဲ့ လမ်းကြောင်း အတိုင်းပဲ တစ်ဝဲ၀ဲလည် ပတ်ကြရင်း နောက်ဆုံးမှာ ဆာလောင်ပြီး သေဆုံးကုန်ကြတယ်။
လူတစ်ချို့က ခူကောင်နဲ့ တူတယ်။ ပန်းတိုင်မထားဘဲ တစ်ခြားလူတွေရဲ့နောက်မှာပဲ ကပ်လိုက် နေတတ်ကြတယ်။ ပန်းတိုင်မရှိတဲ့ လူတွေဟာ ကမ်းမမြင် လှမ်းမမြင်တဲ့ ပင်လယ်ပြင်က ပဲ့ကိုင်မဲ့နေတဲ့ လှေငယ်လေးလိုပဲ လေတိုက်ရာဖက်ကိုသာ လှိုင်းတွေနဲ့ အတူ မျှောပါနေရတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment