Sunday, August 3, 2008

ကြက်ကလေးရဲ့ အတ္တ၀ိညာဉ်


ဒီပုံပြင်က တိရိစ္ဆာန်တွေရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး လက်တွေ့ကြုံခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်လို့ ဖတ်ရပါတယ်။

လွန်ခဲ့တဲ့ ၂လက ဖြစ်ပါတယ်။ မနက်မိုးလင်းတာနဲ့ ကျွန်တော်ကြက်ခြံက ကြက်ပေါက်စတွေကို သွားကြည့် ခဲ့တယ်။ ဒီကြက်လေးတွေ ဥကပေါက်တာ ၁၀ရက်တောင် မရှိသေးပါဘူး။ ကလေးငယ်တွေကို စောင့်ရှောက်သလို စောင့်ရှောက်ရမဲ့ ကိုယ်ခံအားနည်းနေတဲ့ အရွယ်တွေပေါ့။ ကြက်အုပ်စုထဲက ခုခံအားနည်းတဲ့ အကောင်တွေကို ကျွန်တော် လိုက်ရှာကြည့်တော့ တစ်နေရာမှာ လဲနေတဲ့ ကြက်ကလေး တစ်ကောင်ကို တွေ့လိုက်တယ်။ ကြက်ကလေးက အသက်ကို ကြိုးစားပမ်းစား ရှူနေပုံရတယ်။ တစ်ခြား အကောင်တွေ ကလည်း သူ့ကိုတင်းနင်းပြီး သွားနေကြတယ်။

ကျွန်တော်ကြည့်ပြီး အရမ်းသနားသွားမိတယ်။ အကောင်သေးပေမယ့် ကြက်ကလေးတွေဟာ ဥက ပေါက်လာတာနဲ့ ရှင်သန်ဖို့အတွက် ကြိုးစားကြရတယ်။ ရှုံးနိမ့်ခြင်းရဲ့ ရလာဘ်ကတော့ အရှင်လတ်လတ် အနင်းခံပြီး သေရတာပါပဲ။ ဘာကြောင့် ဒီကြက်ကလေး လဲနေသလဲ၊ ဘာရောဂါကြောင့်လဲ သိချင်တာနဲ့ အသက်ငင်နေတဲ့ သူ့ကို ကျွန်တော်ကောက် ကြည့်လိုက်တယ်။ သူ့ခေါင်းက မြေနီမုန့်တွေ ကပ်ထားတဲ့ ဥတစ်လုံးလိုပဲ ဖွဲကြမ်းတွေနဲ့ ကပ်လို့နေတယ်။ သူ့မျက်စိက ဖွင့်လို့မရနိုင်အောင် ပြည်တွေ တည်နေပြီး ဖွဲခွံတွေ ကပ်နေခဲ့တယ်။ မျက်စိနှစ်ကွင်း အလင်းမရလို့ အစာတွေကို သူရှာမစားနိုင်ခဲ့ဘူး။ အင်အားတွေ ဆုတ်ယုတ် လာပြီး နောက်ဆုံးတော့ တစ်ခြားအကောင်တွေ တက်နင်းတာကို ခံလိုက်ရတယ်။

ကြက်တွေ အနာရောဂါ တစ်ခုခုဖြစ်ရင် ရောဂါ မပြန့်နိုင်အောင် ချက်ချင်း မြေမြုပ်ပစ်ရတယ်လို့ အတွေ့အကြုံရှိသူတွေက ပြောခဲ့ပေမယ့် ရှင်သန်ဖို့အတွက် အသက်လုရှူနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော် မလုပ်ရက်ခဲ့ဘူး။ ကြက်ကလေးကို ကျွန်တော့်အခန်းထဲမှာပဲ အနွေးပေးတဲ့ လှောင်အိမ်လေးတစ်ခု လုပ်ပြီး မွေးထားလိုက်တယ်။ အနာတွေကို သန့်စင် ဆေးထည့်ပြီး အစာနည်းနည်း သွပ်ကျွေးလိုက်တယ်။ ဒါပေမယ့် ကြက်ကလေးက အခုချက်ချင်း သေတော့မယ့် ပုံစံပါပဲ။ “တောင့်ထားစမ်းပါ..မင်းကို တစ်ကြိမ်သေပြီသားလို့ ငါမှတ်လိုက်မယ်။ တကယ်လို့ ဒီတစ်ခါ မင်းရှင်လာခဲ့မယ်ဆိုရင် မင်းအသက်ကို မင်းပိုင်သွားပြီ။ ငါဘယ်တော့မှာ မင်းကို မသတ်တော့ဘူး” စိတ်ထဲမှာ တိုးတိုးလေး ကျွန်တော် ရေရွတ်လိုက်မိတယ်။ တိုက်ဆိုက်တာပဲလား မသိ။ နောက်တစ်နေ့မနက်မှာ ကြက်ကလေး ရေထသောက်တာကို ကျွန်တော် တွေ့လိုက်ရတယ်။ မျက်စိ တဖြည်းဖြည်း ပြန်မြင်လာပြီး ခန္ဓာကိုယ်လည်း ကျန်းမာလာခဲ့တယ်။ ကြက်ကလေးကို ကြည့်ပြီး အစက တွင်းတူး မြေမမြုပ်မိခဲ့တာကို ကျွန်တော်ဝမ်းသာမိတယ်။

ကြက်ကလေးက တဖြည်းဖြည်း ကျန်းမာလာပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားလာချိန်မှာ ကျန်ကြက်ကလေး တစ်ချို့ ရောဂါအမျိုးမျိုးဖြစ်ပြီး အနွေးဓာတ်ပေးထားတဲ့ လှောင်အိမ်ထဲ ရောက်လာခဲ့တယ်။ မျက်စိပြန်မြင်ပြီး ကျန်းမာလာတဲ့ ကြက်ကလေးက သူလည်း အရင်တုန်းက ဒီလိုရောဂါဖြစ်ပြီး အသက်လုခဲ့ရတယ် ဆိုတာကို မေ့ပြီး နောက်မှဝင် လာတဲ့ ကြက်ကလေးတွေကို သူ့အစာ၊ သူ့စားကျက်ကို လုမှာစိုးလို့ ထိုးဆိတ်ရန်ရှာ ပါတော့တယ်။ တဖြေးဖြေးအလင်း ရလာတဲ့ သူ့မျက်လုံးထဲမှာတော့ လောဘ၊ ဒေါသတွေ ဖုံးလွှမ်းနေခဲ့တယ်။ ဒါဟာ အသက်ဆက် ရှင်သန်ဖို့အတွက် ကိုယ်ကျိုးပဲလား....

ဒီလှောင်အိမ်ထဲမှာ သူရှိနေသမျှ တစ်ခြားအကောင်တွေ အသက်ရှင် ကျန်းမာလာမှာ မဟုတ်ဘူးဆိုတာကို သိလို့ မိတ်ဆွေတစ်ဦးကို ပေးပြီး မွေးခိုင်းလိုက်တယ်။ ကျွန်တော့်ဂတိအတိုင်း သူ့ကိုမသတ်ဖို့ မိတ်ဆွေကို အတန်တန် မှာခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကြက်ကလေးဟာ ဖွံ့ဖြိုးထွားကျိုင်းတဲ့ တစ်ခြားအကောင်တွေကို အနိုင်ကျင့်တတ်တဲ့ ကြက်ဖကြီးတစ်ကောင် ဖြစ်နေပါပြီ။ မိတ်ဆွေအိမ်ကို ကျွန်တော်ရောက်သွားတိုင်း ခြံထဲမှာ ရင်ကိုစွင့်ပြီး မာနတစ်ခွဲသားနဲ့ လမ်းလျောက်နေတဲ့ သူ့ကိုတွေ့ရတတ်တယ်။ သူ့ကိုမြင်တိုင်း သေလုမျောပါး အသက်လုခဲ့ဖူးတဲ့ အားပျော့ချိန်နဲ့ ကျန်းမာလာပြီး တစ်ကိုယ်ကောင်းဆန် လောဘတက်နေတဲ့ သူ့ကို နိုင်းယှဉ် ကြည့်မိတယ်။

ဒီလို အကောင်မျိုးကို အစကတည်းက တွင်းတူးပြီး မြုပ်ခဲ့သင့်သလား... ကျွန်တော် သက်ပြင်းရှည်ကြီး ချမိပါတယ်။ တိရိစ္ဆာန်က တိရိစ္ဆာန်ပဲလေ။ ဒါပေမယ့် တွေးရင်း.... တွေးရင်း.... ဒါနဲ့ ကျွန်တော်တို့ လူတွေကရော.... ဒီမေးခွန်းက ကျွန်တော့်ဦးနှောက် ထဲမှာ အခုထက်ထိ တ၀ဲဝဲလည်နေဆဲပါပဲ။

မိမိအသက်ဆက် ရှင်သန်ဖို့အတွက် ပြုမှုတတ်တဲ့ တိရိစ္ဆာန်တွေရဲ့ အပြုအမှုမှာ လူသားတွေ ပြုလုပ်တတ်တဲ့ အကျင့်စရိုက်တွေကို ထင်ဟပ်စေပါတယ်။ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ရှင်သန်ဖို့အတွက် ဒါဟာ လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ လူတွေကလည်း သတ္တ၀ါတစ်မျိုးပဲလေ....

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: