Sunday, August 3, 2008

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


(၁)
အမေရိကန်ရဲ့ ၃၄ဦးမြောက် သမတ္တ Harry S. Truman (၁၈၈၄-၁၉၇၂) သမတ္တအဖြစ် ရွေးခြယ်ချီးမြောက် ခံရတော့ သတင်းထောက်တွေက သူ့မိခင်ကို သွားရောက် မေးမြန်းခဲ့ကြတယ်။
“ဒီလိုသားမျိုးရှိတဲ့အတွက် ခင်ဗျား ဂုဏ်ယူဝင့်ကြွားမိမှာပဲနော်”
“ဟုတ်ပါတယ်... ကျွန်မ ဂုဏ်ယူဝင့်ကြွားဖို့ နောက်သားတစ်ယောက် ရှိပါသေးတယ်။ အဲဒီသားက အခု လယ်ထဲမှာ အာလူးတူးနေတဲ့ တစ်ယောက်ပါပဲ”

မိခင်တိုင်းရဲ့ ရင်ထဲမှာ သားသမီးတိုင်းဟာ အဖိုးဖြတ်လို့ မရတဲ့ ကျောက်သံပတ္တမြားပါ။ ကျောသား ရင်သား မခွဲခြားပါဘူး။ လက်ဖ၀ါးပဲဖြစ်ဖြစ် လက်ဖမိုးပဲဖြစ်ဖြစ် အားလုံးဟာ အသားချည်းပါပဲ။

(၂)
စီးပွားရေးလောကမှာ အရမ်းအောင်မြင်နေတဲ့ လုပ်ငန်းရှင်လူငယ် တစ်ဦးဟာ တစ်နေ့မှာ ဖခင်နဲ့အတူ အထက်တန်းကျတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ညနေစာသုံးဆောင်ဖို့ ရောက်ရှိခဲ့တယ်။ ဆိုင်ထဲမှာ စားသောက်နေတုန်း စင်တင်ဖျော်ဖြေရေး အစီအစဉ်မှာ လူတစ်ယောက်က တယောထိုး ဖြေဖျော်နေတယ်။ လုပ်ငန်းရှင် လူငယ် ငယ်ငယ်က တယောထိုး သင်ခဲ့ဖူးတော့ ဖခင်ဖက်လှည့်ပြီး “တယောထိုးတာကို သား သေချာကျင့်ခဲ့ရင် ဒီနေ့ဒီအချိန်မှာ သားလည်း သူ့လို ဒီနေရာမှာ ဖြေဖျော်နေရပြီ ထင်တယ်နော်”
“ ဟုတ်တာပေါ့ သား.. ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ ဒီလိုနေရာမှာ အစားအသောက်ကောင်းတွေကို သား စားနေရမှာ မဟုတ်ဘူး”

ဆုံးရှုံးသွားတဲ့ အခွင့်အရေးနဲ့ အောင်မြင်မှုတွေကို လူတွေက အမြဲညည်းတတ်ကြပြီး အခုလက်ရှိ ပိုင်ဆိုင်နေတဲ့ အရာကို မေ့နေတတ်ကြတယ်။

(၃)
အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး ၀ီတိုရိယဟာ သမိုင်းမှာ အာဏာထင်ရှားတဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့မှာလည်း သာမန်မိသားစုလိုပဲ အိမ်တွင်းရေး ပြဿနာတွေ ရှိကြတယ်။ တစ်ခါက ကြင်ယာတော် Albert နဲ့ စကားများကြတယ်။ လင်ယောက်ျား Albert က စိတ်ဆိုးပြီး အိပ်ခန်းထဲ ၀င်ပြီး တံခါးကို လော့ချလိုက်တယ်။ ဘုရင်မက ကိုယ်မှားမှန်းသိတော့ ချက်ချင်းသွားရောက် တောင်းပန်ဖို့ အခန်းတံခါးကို ခေါက်လိုက်တယ်။

“ဘယ်သူလဲ” လို့ ယောက်ျားက မေးတော့ “ဘုရင်မ” လို့ ပြန်ဖြေတယ်။ အခန်းထဲမှာ တိတ်ဆိတ်သွားပြီး တံခါးက ပွင့်မလာဘူး။ ဘုရင်မက တံခါးဆက်ခေါက်တယ်။
“ဘယ်သူလဲ” အခန်းထဲက မေးပြန်တယ်။
“ဘုရင်မ” လို့ ပြန်ဖြေပြန်တယ်။ တံခါး ပွင့်မလာဘူး။
နောက် ဘုရင်မက တံခါးကိုခေါက် အသံမြင့်ပြီး “ ရှင်ရဲ့ ဇနီးမယားပါ ကြင်ယာတော်” လို့ ပြောလိုက်မှ တံခါးက ပွင့်သွားတော့တယ်။

တစ်ခါခါ လူတွေက ရာထူးဂုဏ်ခံတွေနဲ့ ရုံးမှာ အလုပ်မှာ ကျင့်သလို အိမ်ရောက်ရင် ဇနီးမယား၊ လင်ယောက်ျားတွေကို အမိန့်ပေးတတ်ကြတယ်။ တန်းတူညီမျှနဲ့ တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစား ရိုသေမယ်ဆိုရင် သူတို့ရဲ့ကြားက မေတ္တာစီးကြောင်းဟာ ပိုမိုခိုင်မြဲပြီး ရှည်လျှားမှာဖြစ်တယ်။

(၄)
တစ်ခါက အမေရိကန် နာမည်ကြီး စာရေးဆရာ Mark Twain (၁၈၃၅-၁၉၁၀)ဟာ လွှတ်တော်က ကောင်စီဝင်တွေရဲ့ လုပ်ရပ်ကို ကြည့်မရတာနဲ့ သတင်းစာတစ်စောင်မှာ ကြော်ငြာတစ်ခု ထည့်လိုက်တယ်။ ကြော်ငြာပေါ်မှာ “ ကောင်စီဝင် တစ်ဝက်က အသုံးမကျတဲ့ လူတွေဖြစ်တယ်” လို့ ရေးလိုက်တယ်။ သတင်းစာ ထုတ်တော့ ကောင်စီဝင်တွေက မခံမရပ်နိုင်ဖြစ်ပြီး Mark Twainကို ပြင်ဆင်ရေးသားဖို့ ပြောဆိုကြတယ်။ Mark Twain က နောက်သတင်းစာ တစ်စောင်မှာ ပြန်ပြင်ဆင်လိုက်တာက “ကျွန်တော်မှားသွားပါတယ်။ ကောင်စီဝင် တစ်ဝက်ဟာ အသုံးမကျတဲ့ လူတွေ မဟုတ်ပါဘူး ” ဟူတည်း။

http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: