မူရင်း..... Chile ကဗျာ၊ စာရေးဆရာမ Gabriela Mistral (၁၈၈၉-၁၉၅၇)
Gabriela Mistral ဟာ Republic of Chile နိုင်ငံက နာမည်ကျော် ကဗျာဆရာမ တစ်ဦးဖြစ်တယ်။ ၁၉၄၅ ခုမှာ စာပေ နိုဘယ်လ်ဆုကို ရရှိခဲ့တယ်။ သူငယ်ငယ်တည်းက အဖေ သေဆုံးသွားခဲ့ပြီး ဆင်းရဲသား မိသားစုက ပေါက်ဖွားလာတဲ့အတွက် ကျောင်းမနေနိုင်ခဲ့ဘူး။ ကိုယ်တိုင်သင်ယူခြင်းနဲ့ ကျောင်းဆရာမ လုပ်နေတဲ့ အဖေတူ အမေကွဲ အစ်မကပဲ စာသင်ပေးခဲ့တယ်။ ၉နှစ်အရွယ်မှာ ကဗျာတွေ စရေးပြီး ၁၄နှစ်အရွယ်မှာ ပြည်တွင်း ဂျာနယ်တွေဆီ ကဗျာတွေ ပေးပို့ခဲ့တယ်။ နောက်တော့ မှုလတန်းနဲ့ အလယ်တန်းပြ ဆရာမအဖြစ် နှစ်အကြာကြီး ထမ်းဆောင်ခဲ့တယ်။ Republic of Chile နိုင်ငံရဲ့ သံအမတ်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်။
သူဟာ အချစ်ကဗျာတွေ အရေးများပြီး ကဗျာအများစုက အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှု၊ နာကြင်မှု၊ ၀မ်းနည်းမှုတွေဖြစ်ပြီး တစ်ချို့ကဗျာက သူနုပျိုစဉ်အရွယ် အချစ်အပေါ် ထိတွေ့မှု၊ ငတ်မွတ်မှုနဲ့ ချစ်ဦးသူအပေါ်ထားတဲ့ ခံစားမှုတွေဖြစ်တယ်။ သူ့ ကဗျာတွေထဲမှာ အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ မနာလို ၀န်တိုမှု၊ ပျော်ရွှင်မှုနဲ့ နာကျဉ်းမှုတွေကိုလည်း တွေ့ရတယ်။ “အထီးကျန်” ဆိုတဲ့ ကဗျာစာစုက သေဆုံးသွားတဲ့ သူ့ခင်ပွန်းလောင်းအတွက် ရေးထားတဲ့ ကဗျာဖြစ်ပြီး ၁၉၂၂ မှာ ထုတ်ဝေတဲ့ သူ့ရဲ့ ပထမဆုံးသော ကဗျာစာအုပ်ဖြစ်တယ်။
ကကကကကကကကကကကက
“နှင်းဆီ မြစ်”
မြေအောက်လောကဟာလဲ မြေပေါ်လောကလိုပဲ အသက်ရှိတယ်။ မေတ္တာကို နားလည်ကြတဲ့ သက်ရှိတစ်ချို့ နေထိုင်တယ်။ မြေအောက်လောကမှာ ပိုးမဲလေးတွေရှိတယ်။ အမည်းရောင် ကြိုးလို ရစ်ခွေနေတဲ့ သစ်မြစ်တွေ ရှိတယ်။ ဆဲလ်တွေလို လှုပ်ရှားနေတဲ့ မြေအောက် ရေစီးကြောင်းတွေ ရှိတယ်။ တစ်ခြားအရာတွေလည်း ရှိသေးတယ်။ ပုပုသေးသေး မျက်နှာမှာ မုတ်ဆိတ်မွေး ထူလပျစ်နဲ့ ခါးကိုင်းကိုင်း မြေစောင့်နတ်တွေလည်း ရှိတယ်။
တစ်နေ့မှာ ရေစီးကြောင်း တစ်ခုက နှင်းဆီပင်ရဲ့ အမြစ်နဲ့ သွားဆုံပြီး အောက်ပါအတိုင်း စကားစမြည် ပြောတယ်။
“ ဒီမှာ သစ်မြစ်မိတ်ဆွေ.... ခင်ဗျားလောက် ရုပ်ဆိုးတာ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ မျောက်တစ်ကောင်ဟာ သူ့အမြီးကို မြေကြီးထဲ မြုပ်ပြီး ပစ်ထားခဲ့တယ်လို့ ခင်ဗျားကို တွေ့သူတိုင်းက ပြောကြမှာပဲ။ ခင်ဗျားကို ကြည့်ရတာ တီကောင်ကို အတုခိုးချင်တယ် ထင်တယ်။ ဒါပေမဲ့ ခင်ဗျားက သူ့လို ချောမွတ်ပြည့်ဖြိုးတဲ့ သဏ္ဍာန်မရှိဘူး။ ခင်ဗျားက ကျုပ်ရဲ့ အပြာရောင် အရည်ကို စုပ်ယူဖို့ပဲ သိတယ်။ ခင်ဗျားနဲ့ တိုးတိုင်း ကျုပ်ကို တစ်ဝက်လောက် စုပ်ယူသွားတယ်။ အရုပ်ဆိုးကောင်ကြီး.. ပြောစမ်း.. မင်း.. ဒါဘာလုပ်တာလဲ... ?”
သစ်မြစ်က သိမ်ငယ်စွာနဲ့...
“ ဟုတ်ပါတယ် အစ်ကိုရယ်.. ခင်ဗျားရဲ့ မျက်စိထဲမှာ ကျွန်တော်ဟာ ဘာသဏ္ဍာန်မှ မရှိပါဘူး။ မြေကြီးထဲ နှစ်ရှည် နစ်မြုပ်ခံထားရတဲ့ အတွက်ကြောင့် ကျွန်တော့်တစ်ကိုယ်လုံးလည်း ပေရေနေပါတယ်။ အပင်ပန်းလွန် ဒဏ်ကြောင့် ကျွန်တော့်ပုံ ပျက်နေပါတယ်။ အလုပ်ကြမ်းသမား တစ်ယောက်ရဲ့ ပုံပျက်နေတဲ့ ပုခုံးလိုပါပဲ။ ကျွန်တော်ဟာလည်း အလုပ်သမား တစ်ဦးပါ။ ကျွန်တော့်ခန္ဓာကိုယ် နေရောင်ရဖို့အတွက် ကျွန်တော်က ဖေးမထားရပါတယ်။ ခန္ဓာကိုယ် လန်းဆန်း လှပဖို့အတွက် ခင်ဗျားဆီက စုပ်ယူခဲ့တဲ့ အရည်တွေကို သူ့ဆီ ပို့ပေးခဲ့ပါတယ်။ ခင်ဗျားမရှိရင် ကျွန်တော်က အဝေးနေရာတွေမှာ အသက်ဆက်ဖို့ အရည်တွေ သွားရှာခဲ့ရတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နေရောင်ခြည် ကျရောက်တဲ့ နေရာကို ခင်ဗျား ရောက်သွားဦးမှာပဲ။ အဲဒီအချိန်ကျရင် နေရောင်အောက်မှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ ခန္ဓာအစိတ်အပိုင်းဟာ ဘယ်လောက် လှတယ်ဆိုတာ ခင်ဗျားတွေ့ရမှာပါ”
သစ်မြစ်ပြောတာကို ရေစီးကြောင်းက မယုံခဲ့ပေမဲ့ အသံမပြုဘူး။ စိတ်ထဲမှာတော့ ကြည့်ကြသေးတာပေါ့လို့ ကြိမ်းဝါးလိုက်တယ်။ လှုပ်ရှားနေတဲ့ ရေစီးကြောင်းရဲ့ ခန္ဓာဟာ တဖြည်းဖြည်း ကြီးထွားလာပြီး နေရောင်ရှိတဲ့ မြေပြင်ပေါ် သူရောက်လာခဲ့တယ်။ မြေပြင်ကို ရောက်တာနဲ့ ပထမဦး သစ်မြစ် ဆန့်ထုတ်ထားတဲ့ ခန္ဓာကိုယ်ကို သူ လိုက်ရှာတော့တယ်။
ဘုရားရေ.... သူဘာတွေ တွေ့လိုက်သလဲ...?
နေရာအနှံ့ ဖြန့်ကျဲထားတဲ့ နွေးထွေးတဲ့ နေရောင်ခြည်အောက်က သစ်မြစ် အပျိုးခံထားရတဲ့ နေရာမှာ နှင်းဆီတစ်ပင်က မြေပြင်ကို ပိုလှပအောင် တန်ဆာဆင်ထားတာကို သူတွေ့လိုက်မိတယ်။ စွင့်ကားနေတဲ့ နှင်းဆီပွင့်တွေက အကိုင်းအခက်မှာ ချိတ်ဆွဲလို့၊ လေညှင်းထဲ မွေးကြိုင်တဲ့ ရနံ့နဲ့ လျှို့ဝှက်တဲ့ ဆွဲဆောင်မှုတစ်ချို့က ပြန့်ကျဲလို့... ရေစီးကြောင်းက ငြိမ်သက်စွာနဲ့ပဲ ပန်းတွေဝေဆာနေတဲ့ မြက်ခင်းပြင်ကို ဖြတ်စီးသွားခဲ့တယ်။
“ဘုရားရေ.. ရုပ်ဆိုးတဲ့ သစ်မြစ်က ဒီလို လှပတဲ့ ခန္ဓာကို ဆန့်ထုတ်နိုင်လိုက်မယ်လို့ တစ်ခါမှ မတွေးထားမိခဲ့ဘူး”
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment