Sunday, August 3, 2008

ကျီးကန်းအိုနှင့် ကျီးကန်းပျို


မူရင်း... ရုရှားစာရေးဆရာ Leo Tolstoy (၁၈၂၈-၁၉၁၀)

ပင်လယ်တစ်ခုရဲ့ ကျွန်းလေး တစ်ကျွန်းပေါ်မှာ ကျီးတစ်ကောင်ဟာ အသိုက်ဖွဲ့ပြီးနေတယ်။ ကျီးကလေးတွေ ဥက ပေါက်လာပြီး မကြာဘူး သေးငယ်တဲ့ ဒီကျွန်းလေးပေါ်မှာ အစာရေစာ မလုံလောက်မှာစိုးလို့ ကျီးကန်းအိုက ကုန်းမြေပြင်ဘက်ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။

ကျီးအိုဟာ ကျီးငယ်တစ်ကောင်ကို ကုတ်ချီပြီး ပင်လယ်ကို ဖြတ်သန်းပါတော့တယ်။ လမ်းခရီးက ဝေးတော့ ကျီးအိုဟာ ပျံသန်းရင်း မောပန်းလာတယ်။ အတောင်ပံကို ဆက်မခတ်နိုင်လောက်အောင် ရေပြင်ဖက်ကို တဖြေးဖြေး နိမ့်ဆင်းလာတော့တယ်။

ကျီးအိုက ကျီးငယ်ကို “ ငါအိုမင်းသွားတဲ့ အချိန်မှာ မင်းက အင်အားတွေ ပြည့်ဖြိုးလာတဲ့ အရွယ်ဖြစ်တယ်။ အဲဒီအချိန်ကျရင် မင်းငါ့ကို စောင့်ရှောက်မလား...? ငါသွားချင်တဲ့ နေရာတွေ လိုက်ပို့မလား...? အမှန်အတိုင်း ဖြေစမ်းပါ သား” လို့ မေးလိုက်တယ်။ ကျီးငယ်က သူ့ကို ရေထဲ ပစ်ချမှာ စိုးတာကြောင့် “ ကျွန်တော်လိုက်ပို့မယ်၊ ကျွန်တော်စောင့်ရှောက်မယ် ဖေဖေ” လို့ ချက်ချင်းပြန်ဖြေတယ်။

ကျီးအိုက ကျီးငယ်ကို ချီပြီး ဆက်လက်ပျံသန်းတယ်။ မောသထက် မောလာတော့ “ သူဟာ ငါ့ကို အမှန်အတိုင်း မဖြေခဲ့ဘူး” လို့တွေးပြီး ကျီးငယ်ကို ကုတ်ချီထားရာကနေ ပင်လယ်ထဲ လွတ်ချလိုက်တယ်။ ကျီးငယ်ဟာ လှိုင်းလုံးတွေကြားထဲ နစ်ဝင် သေဆုံးသွားခဲ့ရတယ်။

ကျီးအိုက အသိုက်ဆီကို ပြန်လာပြီး အားအင်သစ်တွေ မွေးတယ်။ အားအင်တွေ ပြည့်ပြီဆိုမှ ဒုတိယ ကျီးငယ်တစ်ကောင်ကို ကုတ်ချီပြီး ပင်လယ်ကို ဖြတ်သန်းပြန်တယ်။ လမ်းခရီး တစ်ဝက်ရောက်တော့ ကျီးအိုဟာ အတောင်ပံကို မသယ်ချင်လောက်အောင် မောပန်းလာတယ်။ ပထမကျီးကို မေးခဲ့တဲ့ မေးခွန်းအတိုင်း ကျီးငယ်ကို သူမေးပြန်တယ်။ ကျီးငယ်လည်း သူ့ကို ရေထဲ ပစ်ချမှာ စိုးတာကြောင့် “ ကျွန်တော်လိုက်ပို့မယ်၊ ကျွန်တော်စောင့်ရှောက်မယ် ဖေဖေ” လို့ ချက်ချင်းပြန်ဖြေတယ်။ ဒါပေမဲ့ ကျီးအိုက မယုံခဲ့ပြန်ဘူး။ ကျီးငယ်ကို သယ်ယူလို့ မရနိုင်အောင် ပင်ပန်းလာချိန်မှာ ပင်လယ်ထဲ လွတ်ချလိုက်ပြန်တယ်။ လှိုင်းတွေကြားထဲ နောက်ကျီးတစ်ကောင် အသက်ပျောက် သွားရပြန်တယ်။

နောက်ဆုံး ကျီးငယ်တစ်ကောင်ပဲ အသိုက်ထဲ ကျန်နေခဲ့တယ်။ ကျီးအိုက အရင်အတိုင်းပဲ ကျီးငယ်ကို ကုတ်ချီကို ပင်လယ်ကို ဖြတ်သန်းပြန်တယ်။ လမ်းတစ်ဝက်ရောက်တော့ ကျီးငယ်ကို “ သား... ငါအိုလာတဲ့ အချိန်ကျရင် ငါ့ကို ကျွေးမှာလား...? ငါ့ကို စောင့်ရှောက်မလား.. ?” လို့ မေးပြန်တယ်။

ကျီးငယ်က ချက်ချင်းပဲ “ မလုပ်ဘူး ဖေဖေ၊ သား ကျွေးမှာ စောင့်ရှောက်မှာ မဟုတ်ဘူး” လို့ ပြန်ဖြေတော့ ကျီးအိုက ဘာကြောင့်လဲလို့ မေးတယ်။

“ဖေဖေအိုပြီး ကျွန်တော် ကြီးပြင်းလာတဲ့အချိန် ကျွန်တော့်မှာလဲ ကိုယ်ပိုင်အသိုက်ရှိလာမယ်၊ အဲဒီအချိန်ကျရင် ကျွန်တော်က ကိုယ့်အသိုက်၊ ကိုယ့်ကလေးတွေကို စောင့်ရှောက်ရတော့မယ် ဖေဖေ”

ကျီးအိုက “အင်း... သူ့အသိုက် သူဆောက်၊ သူ့ကလေးကို သူစောင့်ရှောက်ရမယ်၊ သူအမှန်တွေ ပြောနေတာပဲ” လို့ တွေးပြီး ကျီးငယ်ကို ပင်လယ်ထဲ မလွတ်ချခဲ့ဘူး။ ကျီးအိုဟာ ကိုယ့်မှာရှိတဲ့ ခွန်အားကို အစွမ်းကုန်သုံး၊ အတောင်ပံကို မရပ်မနားခတ်၊ မြင့်သထက် မြင့်အောင်ပျံသန်းလို့ လှိုင်းလုံးတွေကို ဖြတ်ပြီး ကျီးငယ်ကို ကုန်းမြေပြင်ဆီအရောက် ပို့ပေးလိုက်ပါတော့တယ်။

ကျီးကန်းအိုက ကျွန်မတို့ရဲ့ မိဘတွေဖြစ်ပြီး ကျီးကန်းပျိုက ကျွန်မတို့ ကိုယ်တိုင်ပဲဖြစ်ပါတယ်။

ဒီနေ့ စာအုပ်တစ်အုပ် ၀ယ်ဖြစ်တယ်။ နိုင်ငံကျော် စာရေးဆရာတွေရဲ့ ၀တ္ထုတိုတွေကို တရုတ်ဘာသာပြန်ပြီး ရေးထားတဲ့ စာအုပ်လေးပါ။ အဲဒီ တရုတ်ဘာသာပြန်တွေကို ကျွန်မက မြန်မာလို့ ဘာသာထပ်ပြန်လိုက်ပါတယ်။ ထိထိမိမိ ၀တ္ထုလေးတွေမို့ မပျင်းခဲ့ရင် အချိန်ရရင် ရသလို ဘာသာပြန်ပြီး တင်ပါ့မယ်။ ကြိုက်နှစ်သက် ကြမယ်လို့ မျှော်လင့်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: