Sunday, August 3, 2008

စစ်သားတစ်ဦးရဲ့ ပုံပြင်


ပီယက်နမ်နဲ့ စစ်ပွဲပြီးတော့ အမေရိကန်စစ်သား တစ်ဦးက ဆန်ဖရမ်စစ္စကိုကနေ မိဘအိမ်ကို ဖုန်းဆက်ပြီး “ဖေဖေနဲ့မေမေ သားပြန်လာပြီ၊ သားနဲ့အတူ သူငယ်ချင်းတစ်ယောက်လဲ ပါခဲ့တယ်။ သူ့ကိုလည်း အိမ်ခေါ်ခဲ့မယ်နော်” လို့ ပြောတော့ မိဘတွေက ခေါ်ခဲ့ဖို့ သဘောတူလိုက်တယ်။


စစ်သားက ဆက်ပြီး “ဒါပေမဲ့ သားသူငယ်ချင်းအကြောင်း ကြိုပြောထားချင်တယ်။ စစ်ပွဲမှာ သူအကြီးအကျယ် ဒဏ်ရာရခဲ့တယ်။ လက်မောင်းတစ်ဖက်နဲ့ ခြေတစ်ဖက် ဖြတ်လိုက်ရတယ်။ သူ့မှာ သွားစရာ၊ နေစရာ မရှိလို့ သားနဲ့ အတူလိုက်နေမှာဖြစ်တယ်”
“ ၀မ်းနည်းပါတယ်သား။ သူ့အတွက် တစ်ခြားနေရာမှာနေဖို့ ဖေဖေတို့ စီစဉ်ပေးလို့ရတယ်လေ”
“မဟုတ်ဘူး ဖေဖေ၊ သူ့ကို သားနဲ့ပဲ အတူနေစေချင်တာပါ”
“သား.. သားဘာတွေပြောနေသလဲဆိုတာ သားကိုယ်သား သိလား။ ဒီလို ဒုက္ခိတ တစ်ယောက်က ဖေဖေတို့နဲ့ အတူနေရင် ဖေဖေတို့ကို တာဝန်ပိုစေတယ်သိလား။ ဖေဖေတို့လဲ စားဝတ်နေရေးအတွက် ရုန်းကန်ရဦးမယ်။ သူ့ကြောင့်ဝန်ပိုတွေ မဖြစ်စေချင်ဘူး။ သားအရင်ပြန်လာခဲ့ နောက်ပြီး သူ့ကိုမေ့လိုက် သူ့လမ်း သူသွားလိုက်မယ်”

အဖေ့စကားကြားတော့ စစ်သားလေးဟာ စိတ်မကောင်းဖြစ်ပြီး ဖုန်းချလိုက်တယ်။ အဲဒီနောက်မှာ သူ့ရဲ့သတင်း အစအနကို မရခဲ့တော့ပါဘူး။ ရက်အနည်းငယ်ကြာတော့ ဆန်ဖရမ်စစ္စကို ရဲစခန်းက ဖုန်းကို သူမိဘတွေက လက်ခံရရှိခဲ့တယ်။ သတင်းက သူတို့သားလေး တိုက်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့ အကြောင်းဖြစ်တယ်။ သူသတ်မှု မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲတွေက ကောက်ချက်ချပါတယ်။

မိဘတွေက စိတ်မကောင်းစွာနဲ့ပဲ ဆန်ဖရမ်စစ္စကို လိုက်သွားခဲ့တယ်။ သားရဲ့အလောင်းကိုတွေ့တော့ သားမှာ လက်မောင်းတစ်ဖက်နဲ့ ခြေတစ်ဖက် မရှိတာကို အံ့သြစွာ သူတို့တွေ့လိုက်ရတယ်။

ပုံပြင်ထဲက မိဘနှစ်ပါးဟာ ကျွန်တော်တို့တတွေလိုပါပဲ။ အင်္ဂါစုံညီပြီး ရူပါကာ လှပသူတွေကိုသာ ချစ်ခင်နှစ်သက်ချင်ကြတယ်။ ကိုယ့်ကို အဆင်မပြေမှုတွေ ပေးမယ်လို့ ထင်တဲ့လူ၊ ကိုယ့်လို လှုပ်ရှားဖို့ ခက်တဲ့လူတွေကို ကျတော့ သဘောမတွေ့ကြဘူး။ ကိုယ့်လောက် မကျန်းမာ မသန်စွမ်းတဲ့လူ၊ ကိုယ့်လောက် မတော်မထက်တဲ့လူနဲ့ ကိုယ့်လောက် ရုပ်ရည်မပြေပြစ်တဲ့လူကို ခပ်ဝေးဝေးက ရှောင်ချင်ကြတယ်။ ဒါပေမဲ့ တစ်ချို့လူတွေက မပစ်ပယ်တတ်ကြပါဘူး။ ကိုယ်ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ သူတို့က နစ်နစ်နာနာနဲ့ ချစ်ကြတယ်။ ဂရုစိုက်ကြတယ်။ လူရာသွင်းကြတယ်။

တစ်ခါခါ တီဗွီမှာ လွှင့်တတ်တဲ့ ဦးနှောက်မသန်စွမ်းလို့ အကြောဆွဲနေတဲ့ လူတွေ ကိုယ်ခန္ဓာရော ပါးစပ်ပါ စောင်းရွဲ့ပြီး စကားပြောရင်ပဲဖြစ်ဖြစ်၊ တွန့်လိမ်နေတဲ့ လက်နဲ့ စာရေးရင်ပဲဖြစ်ဖြစ် သူတို့ကို ကျွန်တော် လေးစားမိတယ်။ ပြဿနာကိစ္စ အသေးအမွှားကို ပြစ်တင်ဝေဖန်ပြီး မကျေမနပ် ပြောဆိုတတ်တဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။

အဲဒီလို ကိုယ်အင်္ဂါမသန်မစွမ်းလူတွေက လူရာဝင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ သူ့တို့ကိုယ်သူတို့ အရင်ချစ်မှ၊ လူရာသွင်းမှ လူတွေက သူတို့ကို ပြန်လူရာသွင်း လေးစားကြမှာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့မတူတဲ့ လူတွေကို လက်ခံပြီး ဂရုစိုက် ကူညီတဲ့အလုပ်ဟာ မွန်မြတ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: