Friday, August 1, 2008

လင်းနို့နှင့် မြင်းရိုင်း


အာဖရိက တောအုပ်ထဲက သွေးစုပ်လင်းနို့တွေဟာ ဘာမှမဟုတ်တဲ့ အကောင်တွေဖြစ်တယ်။ သူတို့ဟာ တစ်ခြားတိရိစ္ဆာန်ရဲ့ သွေးကိုစုပ်ယူ စားသုံးပြီး အသက်ရှင်ကြတယ်။ ဒီလို ဘာမှ မဟုတ်တာကပဲ မြင်းရိုင်းတွေကို သေစေတဲ့အကြောင်းရင်း ဖြစ်တယ်လို့ တိရိစ္ဆာန် ပညာရှင်များက ခန့်မှန်းကြတယ်။

လင်းနို့တွေဟာ မြင်းရိုင်းတွေကို သွေးစုပ်တော့မယ်ဆိုရင် မြင်းရိုင်းရဲ့ ပေါင်ကို အရင်ဆုံး တွယ်ကပ်ကြတယ်။ တွယ်ကပ်ပြီး ပေါင်ကို ချွန်ထက်နေတဲ့ သူ့တို့ရဲ့သွားနဲ့ ထိုးလိုက်ပြီး သွေးတွေကို စုပ်ယူတော့တယ်။ မြင်းရိုင်း ဘယ်လောက်ပဲ ခုန်ပါစေ၊ လှုပ်ခါပါစေ လင်းနို့တွေက ပြုတ်မကျတဲ့အပြင် သွေးစုပ်မပျက်ခဲ့ဘူး။ သွေးတွေကို စိတ်ကြိုက် စုပ်ယူတော့တယ်။ သနားစရာ မြင်းရိုင်းကတော့ ခုန်ရင်း၊ ပေါက်ရင်း မောပန်းပြီး သေပွဲဝင်ကြရတယ်။

လင်းနို့က မြင်းရိုင်းရဲ့ သွေးကိုပဲ စုပ်ယူတာ မဟုတ်ပါဘူး။ တစ်ခြား တိရိစ္ဆာန်တွေရဲ့ သွေးကိုလည်း စုပ်ယူပါသေးတယ်။ ဒါပေမဲ့ မြင်းရိုင်းတွေကပဲ ဒီသွေးအနည်းငယ်အတွက်နဲ့ ဒေါသထွက်ပြီး သေကြရတာပါ။

ပညာရှင်တွေရဲ့ ဆန်းစစ်ချက်အရ မြင်းရိုင်းသေရတာက လင်းနို့စုပ်ယူလိုက်တဲ့ သွေးတွေကြောင့် မဟုတ်ဘဲ ကိုယ့်ဒေါသနဲ့ကိုယ် ခုန်ပေါက်ပြီး မောပန်းလို့ သေရတာဖြစ်တယ်။ လင်းနို့စုပ်ယူလိုက်တဲ့ သွေးအနည်းငယ်က မြင်းရိုင်းကို ဘာမှ မထိခိုက်စေနိုင်ဘူး။ တစ်ခြား တိရိစ္ဆာန်လို့ အမြီးလေး လှုပ်ရမ်းပြီး မောင်းထုတ်ရုံပါပဲ။ ဒေါသတကြီး ခုန်ပေါက်မနေရင် သေးငယ်တဲ့ လင်းနို့ကြောင့် မြင်းရိုင်းတွေ သေပွဲမ၀င်နိုင်ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာလဲ မြင်းရိုင်းလို ဒေါသကြီးတဲ့ လူတွေကို တွေ့ဖူးကြမှာပါ။ ကိစ္စ သေးသေးမွှားမွှားလေးနဲ့ ကြိတ်ခဲမရဖြစ်ပြီး ဒေါသတွေက မိုးကြိုးထက် ထန်ကြတယ်။ ထစ်ခနဲဆို ဒေါသထွက်ပြီး လက်ပါ ပါချင်ကြတယ်။ မိသားစု၊ သူငယ်ချင်းတွေကို အဲဒီဒေါသက ထိခိုက်ဒဏ်ရာတွေ ရစေတယ်။ သူတို့ ကိုယ်တိုင်ကိုလဲ ထိခိုက်ဒဏ်ရာတွေ ရစေနိုင်ပါတယ်။

ခုတစ်လော စာအုပ်တွေ တော်တော် ၀ယ်ဖတ်ဖြစ်တယ်။ တစ်အုပ်ဖတ်လို့ မကုန်သေးဘူး စိတ်ကြိုက် နောက်တစ်အုပ်တွေ့ရင် ထပ်ဝယ်ဖြစ်တယ်။ ဒီစာအုပ်နာမည်က “အောင်မြင်တဲ့ သော့အချောင်း ၁၀၀” တဲ့။ ပုံပြင်တိုလေးတွေကို စာရေးဆရာက စုပြီး ထုတ်ဝေတဲ့ တရုတ်စာအုပ်လေးပါ။ ဒီလို ပုံပြင်တိုလေးတွေ အပုဒ် ၁၀၀ ပါ ပါတယ်။ ဒီပုံပြင်နဲ့ အောက်က ပုံပြင်နှစ်ပုဒ်က အဲဒီ စာအုပ်ထဲကဖြစ်တယ်။ ငယ်ငယ်တုန်းက အိပ်ရာဝင် ပုံပြင်တွေကို ကြိုက်ခဲ့သလို ဒီပုံပြင်တွေကိုလည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Read More...

နောက်ဆုံး သင်္ခန်းစာ


မူရင်း.... ပြင်သစ်စာရေးဆရာ Alphonse Daudet (၁၈၄၀-၁၈၉၇)

Alphonse Daudet ဟာ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် စာရေးဆရာဖြစ်တယ်။ သူ့တစ်သက်မှာ ၀တ္ထုရှည် ၁၃ပုဒ်၊ ၀တ္ထုတို ၄ ပုဒ်၊ ပြဇာတ်၊ သီချင်းနဲ့ ကဗျာ အမြောက်အများကို ရေးစပ်ခဲ့တယ်။ ပြင်သစ်နိုင်ငံ Nîmes မြို့က ဆင်းရဲသား ကုန်သည်မှ မွေးဖွားခဲ့ပြီး မိခင်ရဲ့ သွန်သင်မှုကြောင့် စာရေးခြင်းကို နှစ်သက်ခဲ့တယ်။ ၁၇ နှစ်အရွယ်မှာ ပထမဆုံးကဗျာကို စတင်ရေးသားခဲ့တယ်။ စစ်ဖြစ်တော့ စစ်တပ်ထဲ ၀င်လိုက်တယ်။ စစ်အတွင်း ဖြစ်ပျက်နေတာတွေ၊ စစ်မြေပြင်က အတွေ့အကြုံတွေက သူ့အတွက် အကောင်းဆုံး ကုန်ကြမ်းဖြစ်ခဲ့တယ်။ ၀တ္ထုတို လေးပုဒ်ထဲက ဒီ “နောက်ဆုံး သင်္ခန်းစာ” ၀တ္ထုတိုဟာလည်း ပြင်သစ်လူမျိုးတို့ရဲ့ မျိုးချစ်စိတ်ကို မီးမောင်းထိုးပေးတဲ့ ၀တ္ထုလေးတစ်ပုဒ်ဖြစ်တယ်။

နောက်ဆုံး သင်္ခန်းစာ

ထိုနေ့က ကျောင်းကို ကျွန်တော် နောက်ကျမှ ရောက်သွားခဲ့သည်။ ဆရာ M. Hamel က စာမေးမည်ဟု ပြောခဲ့သော်လည်း ကျွန်တော် စာတစ်လုံးမှ မကြည့်ခဲ့သောကြောင့် ဆရာဆူမှာကို စိုးရိမ်နေခဲ့သည်။ ကျောင်းမတက်ဘဲ တောထဲ လျှောက်သွားမည်ဟု ကျွန်တော် စိတ်ကူးမိသည်။

ရာသီဥတုမှာ နွေးထွေးနေသည်။ ကောင်းကင်မှာ ကြည်လင်နေသည်။ သစ်ပင်ထက်တွင် ငှက်ကလေးများ တေးသီကျူးနေသည်။ သစ်စက်ရုံနောက်ဖက်ရှိ မြက်ခင်းပြင်တွင် Prussian စစ်သားများ စစ်ရေး လေ့ကျင့်နေကြသည်။ ဤမြင်ကွင်းများက စာအလွတ်ကျက်တာထက်ပင် စိတ်ဝင်စားဖို့ ကောင်းသည်။ သို့သော် ထိုစိတ်ကူးများကို ရုတ်သိမ်းပြီး ကျောင်းရှိရာ ဖက်သို့ ကျွန်တော် အပြေးသွားလိုက်သည်။

မြို့လယ်ခန်းမကို ကျော်ဖြတ်ချိန်တွင် ခန်းမဆောင်ရှိ ကြော်ညာဆိုင်းပုဒ်ရှေ့တွင် လူအများ ရပ်နေသည်ကို တွေ့လိုက်သည်။ ဤနှစ်နှစ်အတွင်း ကျွန်တော်တို့နှင့် ပတ်သက်သည့် သတင်းဆိုးများဖြစ်သည့် စစ်ရှုံးခြင်း စစ်သားစုဆောင်းခြင်းနှင့် အထက်မှ အမျိုးမျိုးသော အမိန့်များသည် ထိုနေရာမှ ပြန့်ထွက်လာခြင်း ဖြစ်သည်။ ထိုနေရာ၌ မရပ်နားဘဲ ကျွန်တော် ရှေ့ဆက်ပြေးသည်။ စိတ်ထဲတွင် “ဘာဖြစ်ပြန်ပြီလဲ” ဟု တွေးနေမိသည်။

သံထည်အလုပ်သမား Wachter နှင့် သူ့တပည့်ကိုလည်း လူအုပ်ကြားတွင် ကြော်ညာစာ ဖတ်နေသည်ကို တွေ့လိုက်သည်။ ကွင်းပြင်ကို ကျွန်တော် ဖြတ်ပြေးသည်ကို မြင်သော် “လူလေး.. အဲလောက် အမြန်ပြေးစရာ မလိုပါဘူး။ ကျောင်းကို မင်းအချိန်မှီရောက်မှာပါ” ဟု လှမ်းအော်သည်။

ကျွန်တော့်ကို သူနောက်နေတာပဲဖြစ်မည်။ အသက်ကို လုရှူရင်း ဆရာ M. Hamel ၏ ခြံဝင်းထဲ ကျွန်တော် ရောက်သွားသည်။

ခါတိုင်းနေ့များတွင် ကျောင်းစတက်ချိန်၌ ကျောင်းဝင်းထဲက အသံများသည် လမ်းမပေါ်မှ ကြားနိုင်လောက်အောင် ဆူညံနေတတ်သည်။ စားပွဲခုံ ဖွင့်ပိတ်သံများ၊ စားပွဲခုံ မ သံများ၊ နားကို ပိတ်ပြီး စာအော်ကျက်နေသံများ၊ ထို့နောက် ဆရာက ဆိတ်ဆိတ်နေကြရန် သံပေတံကြီးနှင့် စားပွဲခုံကို ရိုက်လိုက်သည့် အသံများဖြင့် ဆူညံနေတတ်သည်။

ထိုဆူညံသံများကို အသုံးချပြီး စာသင်ခန်းထဲသို့ တိတ်တဆိတ် ၀င်ရောက်ရန် ကျွန်တော် စိတ်ကူးမိသည်။ သို့သော် ထိုနေ့က တနင်္ဂနွေနေ့ မနက်ကဲ့သို့ အပ်ကျသံမျှပင် မကြားအောင် တိတ်ဆိတ်လို့နေသည်။ ပွင့်နေသော ပြတင်းပေါက်မှ အထဲသို့ ကျွန်တော် ချောင်းကြည့်လိုက်သည်။ ကျောင်းသားတိုင်းက ကိုယ့်နေရာ ကိုယ်ထိုင်နေကြသည်။ ဆရာက သူ့လက်စွဲတော် ပေတံကြီးကို ဂျိုင်းကြားညှပ်ပြီး အတန်းရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ ကျွန်တော်တံခါးကို တွန်းဖွင့်ပြီး အများရှေ့က တိတ်တဆိတ် ဖြတ်လျှောက်လာခဲ့သည်။ ကျွန်တော့်မျက်နှာ မည်မျှ နီမြန်းနေမည်၊ ရင်တွေ မည်မျှ ဗြောင်းဆန်အောင် ခုန်နေမည်ကို ခန့်မှန်းကြည့်နိုင်သည်။

သို့သော် ဘာမျှ မဖြစ်ခဲ့။ ဆရာ M. Hamel က ကျွန်တော့်ကို တွေ့သော် ကြင်နာစွာဖြင့် “ ခုံမှာ မြန်မြန်သွားထိုင် သွား... Franz လေး... မင်းကို မစောင့်ဘဲ ဆရာတို့ စာစသင်တော့မယ်”

ထိုင်ခုံကို ခွပြီး ကျွန်တော်ထိုင်ချလိုက်သည်။ စိတ်နည်းနည်း သက်သာရာ ရသွားမှ ဆရာ့ကို ကျွန်တော် သတိထား ကြည့်လိုက်မိသည်။ ဆရာက သူ၏ လှပသော အစိမ်းရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားသည်။ အနားတွန့်နေသော နက်တိုင်ကို စည်းထားသည်။ အနားကွပ်ထားသော အနက်ရောင် ဦးထုပ်ကိုလည်း ဆောင်းထားသေးသည်။ ထိုဝတ်စုံကို အထက်က လာရောက်စစ်ဆေးသောအချိန် သို့မဟုတ် ဆုပေးပွဲနေ့များတွင်သာ သူဝတ်ဆင်တတ်သည်။ ထို့အပြင် စာသင်ခန်းသည် ထူးခြားနေသည်။ လေးနက်မူ ပြည့်နေသည်။ ကျွန်တော်အား ပိုအံ့သြစေသည့် အရာမှာ စာသင်ခန်းရှိ အမြဲလွတ်နေသည့် နောက်ဆုံး ခုံတန်းတွင် ထိုင်နေကြသော ရွာသားများပင် ဖြစ်သည်။ သူတို့လည်း ကျွန်တော်တို့ ကဲ့သို့ပင် တည်ငြိမ်လေးနက်နေသည်။ ရွာသားများထဲတွင် တြိဂံပုံ ဦးထုပ်ကို ဆောင်းထားသော Hauser အဘိုးအို၊ ယခင် ရွာသူကြီးဟောင်း၊ ယခင် စာပို့လုလင်နှင့် ရွာသူရွာသားအချို့ ပါဝင်သည်။ လူတိုင်းကြည့်ရသည်မှာ မရွှင်မပျ၊ Hauser က အနားပဲ့ ဖတ်စာအုပ် တစ်အုပ်ကို ဖွင့်ပြီး ဒူးပေါ်တွင် တင်ထားသည်။ စာအုပ်ပေါ်တွင် သူ၏ မျက်မှန်ကြီးကို ကန့်လန့်ဖြတ် တင်ထားသေးသည်။

ဤအချင်းအရာများကို ကြည့်ပြီး ကျွန်တော် အံ့သြနေချိန်တွင် ဆရာက စာသင်ခုံပေါ်တွင် ထိုင်နေပြီဖြစ်သည်။ ကျွန်တော့်အား ကြင်နာစွာ ပြောခဲ့သကဲ့သို့ ညင်သာလေးနက်သော လေသံဖြင့် “တပည့်တို့.... ဒါဟာ တပည့်တို့ကို ဆရာသင်ပေမဲ့ နောက်ဆုံး သင်္ခန်းစာဖြစ်တယ်။ Alsace နဲ့ Lorraine က ကျောင်းတွေ ဂျာမန်ဘာသာနဲ့ပဲ သင်ရမယ်လို့ ဘာလင်မြို့ကနေ အမိန့်စာလာတယ်။ ဂျာမန်စာသင်မဲ့ ဆရာအသစ် မနက်ဖြန် ရောက်လာလိမ့်မယ်။ ဒီနေ့ဟာ တပည့်တို့ကို ပြင်သစ်ဘာသာလို သင်တဲ့ နောက်ဆုံး သင်္ခန်းစာဖြစ်တဲ့အတွက် စိတ်ဝင်တစား သင်ယူကြမယ်လို့ ဆရာမျှော်လင့်ပါတယ်”

ဆရာ့စကားကို ကြားသော် ကျွန်တော် လွန်စွာ စိတ်မကောင်းဖြစ်မိသည်။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်သလဲ ! ဒါကြောင့် မြို့တော်ခန်းမရှေ့မှာ လူတွေ ၀ိုင်းအုံ့ ကြည့်နေကြတာကိုး.... !

ကျွန်တော့်အတွက် ပြင်သစ်လို သင်ရမဲ့ နောက်ဆုံး စာသင်ချိန်လေး...
စာစီစာကုံးကို ကျွန်တော် မရေးတတ်ခင်မှာ ပြင်သစ်ဘာသာကို ကျွန်တော် မသင်ရတော့ဘူးတဲ့ ! ဒီလိုနဲ့ပဲ ပြီးဆုံး သွားရတော့မလား... ? အရင်တုန်းက ကျွန်တော် စာမကြိုးစားခဲ့ဘူး။ အတန်းတွေ လစ်ပြီး ငှက်နိုက်ခဲ့တယ်။ Saar မြစ်ဘေးသွားပြီး စကိတ်စီးဖို့ပဲ သိခဲ့တယ်။ ဒါတွေကို ပြန်စဉ်းစားမိပြီး ကျွန်တော် နောင်တရမိတယ်။ ကျွန်တော့်ရဲ့ သဒ္ဒါစာအုပ်တွေ၊ သမိုင်းစာအုပ်တွေ၊ ကျွန်တော် ကြည့်မရဖြစ်ခဲ့တဲ့ စာအုပ်တွေ၊ သယ်ရလေးလံတဲ့ စာအုပ်တွေက အခုတော့ ကျွန်တော်ရဲ့ မိတ်ဆွေဟောင်းလို ဖြစ်နေတယ်။ ဒီစာအုပ်တွေကို ကျွန်တော် ထားမပစ်ခဲ့ချင်သလို ဆရာ M. Hamel ကိုလည်း မခွဲချင်ဘူး။ ဆရာလည်း သွားရတော့မယ်။ နောက်ဆို သူ့ကို ကျွန်တော် လုံးဝ မတွေ့ရတော့ဘူး။ ဒါတွေကို တွေးမိပြန်တော့ ဟိုအရင်တုန်းက သူ အပြစ်ပေးခဲ့တာတွေ၊ ရိုက်နှက်ခဲ့တာတွေ အားလုံးကို ကျွန်တော်မေ့လိုက်မိတယ်။

သနားဖို့ ကောင်းလိုက်တာ !

ဆရာက သူ၏ လှပသော ၀တ်စုံကို ၀င်ဆင်ခဲ့ခြင်းမှာ ဤနောက်ဆုံး သင်္ခန်းစာအတွက် အမှတ်တရ ဖြစ်စေရန် ဖြစ်သည်။ ရွာသားများ စာသင်ခန်းထဲတွင် ထိုင်နေခြင်းကို ယခုမှ ကျွန်တော် သဘောပေါက်လိုက်သည်။ သူတို့လည်း စာသင်ခန်းသို့ အမြဲ ရောက်မလာခဲ့ခြင်းအတွက် နောင်တ ရနေလိမ့်မည်။ အနှစ် ၄၀ လုံးလုံး သစ္စာရှိရှိ သင်ကြားပေးခဲ့သော ဆရာအား ကျေးဇူးဆပ်ရာရောက်အောင် ဤသို့ လာရောက်ထိုင်နေခြင်းလည်း ဖြစ်မည်။ ဆုံးရှုံးသွားရတော့မည့် နိုင်ငံအား သူတို့၏ လေးစားကြည်ညိုမှုကို ပြသရန်လည်း ဖြစ်မည်။

ကျွန်တော်တွေးတောနေချိန် ကျွန်တော့်နာမည် ခေါ်သံကို ကြားလိုက်မိသည်။ ကျွန်တော့်အလှည့် စာအလွတ် ရွတ်ပြရန်ဖြစ်သည်။ ကျွန်တော်သာ ထိုခက်ခဲသော ကြိယာ အသုံးအနှုန်းများကို အစမှအဆုံး အသံနေ အသံထား ပီသစွာနှင့် အမှားအယွင်းမရှိ ရွတ်ဆိုနိုင်ခဲ့လျှင် ခွန်အား မည်မျှ စိုက်ထုတ်ရပါစေ ကျွန်တော်ကျေနပ်သည်။ သို့သော် စစခြင်း စာကြောင်းနှင့်ပင် ကျွန်တော် ထစ်အနေသည်။ နေရာမှာပင် ရပ်ပြီး စားပွဲခုံကို ကိုင်က ကိုယ်ကို ယိုင်ခါနေမိသည်။ ခေါင်းပင် မမော့ရဲလောက်အောင် ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ ဆရာက “မင်းကို ငါ အပြစ်မတင်ပါဘူး Franz လေး... မင်းလည်း တော်တော် စိတ်ထိခိုက်နေမှာပဲ။ လူတိုင်းက “ထားလိုက်ပါ။ အချိန်ရှိသေးတာပဲ။ မနက်ဖြန်မှ ထပ်သင်လည်း နောက်မကျသေးပါဘူး” လို့ ထင်နေကြတာပဲ။ အခုတော့ ငါတို့အဖြစ်ကို ကြည့်စမ်း... ဟင်း.... ဒါဟာ စာသင်တာကို ရက်ရွှေ့ချင်ကြတဲ့ Alsace လူမျိုးတွေရဲ့ ကံမကောင်းခြင်းတွေပဲ။ “ဘာလဲ .. မင်းတို့က ကိုယ့်ကိုယ်ကို ပြင်သစ်လူမျိုးလို့လည်း ပြောသေးတယ်။ ကိုယ့်ဘာသာစကားတောင် မပြောတတ်.. မရေးတတ်ပါလား” လို့ အခုတော့ ဟိုကောင်တွေ ကဲ့ရဲ့ဖို့ အကျိုးအကြောင်း ရပြီပေါ့။ သနားစရာ Franz လေးရေ.. ဒါဟာ မင်းတစ်ယောက်တည်းရဲ့ အမှားမဟုတ်ပါဘူး။ ငါတို့ အားလုံးမှာလည်း ကိုယ့်ကိုယ်ကို အပြစ်တင်နိုင်တဲ့ အမှားတွေ အများကြီးပါပဲ”

“မင်းတို့ရဲ့ မိဘတွေက မင်းတို့ရဲ့ သင်ကြားမှုကို ဂရုမစိုက်ကြဘူး။ ၀င်ငွေပိုရအောင်ဆိုပြီး မင်းတို့ရဲ့ ကျောင်းစာအုပ်ကို ပစ်ပြီး လယ်ထဲ၊ စက်ရုံထဲ အလုပ် ဆင်းစေချင်ကြတယ်။ ငါကရော့.. ငါလည်း ငါ့ကိုငါ အပြစ်ပြော စရာ မရှိဘူးလား...? ငါလည်း အမြဲတမ်း မင်းတို့ကို သင်္ခန်းစာ မလုပ်ခိုင်းဘဲ ပန်းရေလောင်း စေခဲ့တာပဲ မဟုတ်လား..? ငါ ငါးသွားမျှားချင်တဲ့ နေ့ဆိုရင် မင်းတို့ကို ပိတ်ရက်ပေးလိုက်တာပဲ မဟုတ်လား... ?”

ဆရာ M. Hamel က ဆက်ပြီး ဤအကြောင်းအရာမှ ထိုအကြောင်းအရာသို့ ဆက်ပြောသည်။ ထို့နောက် ပြင်သစ်ဘာသာ စကားသို့ ရောက်သွားပြန်သည်။ ကမ္ဘာပေါ်တွင် ပြင်သစ်စကားသည် အလှပဆုံး စကား ဖြစ်သလို အရှင်းလင်းဆုံးနှင့် အတိကျဆုံး စကားလည်း ဖြစ်သည်ဟု ပြောပြန်သည်။ ထိုဘာသာစကားကို ကျွန်တော် စိတ်ထဲတွင် မြဲမြံစွာ မှတ်သားထားသင့်ကြောင်း၊ လုံးဝ မမေ့သင့်ကြောင်း၊ နိုင်ငံဆုံးရှုံးပြီး ကျွန်အဖြင့် ရောက်ခဲ့သော်လည်း ကိုယ်ဘာသာစကားကို မြဲမြံစွာ မှတ်သားထားခြင်းသည် ထောင်တံခါးကို ဖွင့်သော သော့ကို ကိုင်ထားသည်နှင့် တူကြောင်းလည်း ပြောသည်။ ထို့နောက် စာအုပ်ကို လှန်ပြီး သဒ္ဒါအကြောင်း ဆက်သင်သည်။ အံ့သြဖို့ ကောင်းသည်မှာ ယနေ့သင်သော သင်္ခန်းစာ အားလုံးကို ကျွန်တော် နားလည်နေသည်။ ဆရာရှင်းပြသော သင်္ခန်းစာမှာ အလွန်လွယ်ကူနေသည်။ ဤသို့ စိတ်ပါဝင်စားစွာ ကျွန်တော် တစ်ခါမှ နားမထောင်ခဲ့ဖူးသလို ဆရာလည်း တစ်ခါမှ ဤသို့ စိတ်ရှည်လက်ရှည် ရှင်းမပြဖူးခဲ့ဟု ကျွန်တော်ထင်သည်။ သနားစရာကောင်းသော ဆရာမှာ သူသိသမျှ တတ်သမျှကို ဤကျောင်းမှ မခွဲခွာခင် ကျွန်တော်တို့ကို သင်ပေးခဲ့ချင်ပုံ ရသည်။ အရာအားလုံးကို ကျွန်တော်တို့၏ ဦးနှောက်ထဲ သွပ်သွင်းခဲ့ချင်ပုံရသည်။

သဒ္ဒါသင်ပြီးနောက် အရေးအသားပိုင်းကို သင်ပြန်သည်။ ထိုနေ့က မိတ္တူ အသစ်ကူးထားသော စာရွက်ကို ဆရာက ဝေပေးသည်။ စာရွက်ပေါ်တွင် လှပ၀ိုင်းစက်သော လက်ရေးဖြင့် “France” “Alsace” ဟု ရေးထားသည်။ ထိုစာရွက်များကို ကျွန်တော်တို့၏ စားပွဲခုံရှိ တိုင်များတွင် ချိတ်ဆွဲထားလိုက်သည်။ အလံငယ်များ ကျွန်တော်တို့ စာသင်ခန်းထဲတွင် တလူလူ လွှင့်နေသည်နှင့်တူသည်။ လူတိုင်းက စိတ်ဝင်တစား သင်ယူနေသည်။ စာရွက်ပေါ်တွင် ရေးခြစ်နေသော ဖောင်တိန်သံ မှလွဲ၍ စာသင်ခန်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။ တစ်ခါတရံ ပိုးကောင်ငယ်တစ်ချို့ စာသင်ခန်းထဲ ပျံဝင်လာတတ်သည်။ သို့သော် မည်သူ တစ်ဦးတစ်ယောက်မျှ ထိုအကောင်များကို စိတ်မ၀င်စားကြပေ။ အတန်းထဲတွင် အငယ်ဆုံး ကလေးပင် အာရုံ မထွေပြားခဲ့ပေ။ လူတိုင်းက “ငါးမျှားချိတ်” ပုံကို စိတ်ပါဝင်စားစွာ ဆွဲနေကြသည်။ ထိုအရာသည်လည်း ပြင်သစ်စာဖြစ်မည်။ ခေါင်မိုးပေါ်မှ ခိုကလေးများ ညည်းနေကြသည်။ ကျွန်တော် စိတ်ထဲတွင် “ဟိုကောင်တွေ ဒီခိုတွေကိုလည်း အတင်းပဲ ဂျာမန်လို ညည်းခိုင်းဦးမလား မသိဘူး” ဟု တွေးနေမိသည်။

ကျွန်တော် စာရေးရမှ ခေါင်းမော့ကြည့် လိုက်တိုင်း ဆရာ M. Hamel ကို ခုံပေါ်တွင် မလှုပ်မယှက် ထိုင်နေသည်ကို တွေ့သည်။ သူ့ မျက်လုံးများက ပတ်ဝန်းကျင်ရှိ အရာများကို မမှိတ်မသုန် ကြည့်နေသည်။ ဤစာသင်ခန်းထဲ ရှိသမျှ အရာအားလုံးကို သူ့မျက်စိထဲ ထည့်ပြီး ယူဆောင်သွားချင်ပုံရသည်။ အနှစ် ၄၀ လုံးလုံး နေထိုင်ခဲ့သော နေရာ၊ ပြတင်းပေါက် အပြင်ဖက်က သူ့ဥယျာဉ်၊ မျက်စိရှေ့က သူ့တပည့်များ၊ နှစ်လကြာရှည် အသုံးပြုခဲ့သောကြောင့် ပွတ်တိုက်ဖန်များပြီး ပြောင်လက်နေသော ထိုင်ခုံ၊ စားပွဲခုံများ၊ ဥယျာဉ်ထဲရှိ သစ်ကျားသီးပင် ပင် အတော် ကြီးထွားနေပြီ။ သူကိုယ်တိုင် စိုက်ပျိုးခဲ့သော ပန်းနွယ်များပင် ပြတင်းပေါက်ကို ပတ်ပြီး ခေါင်းမိုးအထိ ရစ်နှောင်နေပြီ။

ယခုအခါ ဤနေရာ ဤဒေသကို စွန့်ခွာသွားဖို့အတွက် သူ မည်မျှ စိတ်ထိခိုက်မည်နည်း။ သနားစရာပါလား..! အိမ်ပေါ်ထပ်မှာ ဆရာ့ညီမ၏ ခြေသံ၊ ပစ္စည်းသိမ်းသံကို ကြားရပြန်သည်။ မနက်ဖြန် ဤနေရာကို သူတို့ ထာဝရ စွန့်ခွာ သွားရတော့မည်။

သို့သော် ဆရာက အင်အား အပြည့်အ၀ဖြင့် ယနေ့သင်္ခန်းစာကို ဆုံးခမ်းတိုင်အောင် သင်နေသည်။ စာအရေးအသား ကျင့်ပြီးနောက် သမိုင်းဘာသာကို ဆက်သင်ပြန်သည်။ ထို့နောက် အခြေခံ အတန်းကို ba, be, bi, bo bu စသည့် အက္ခရာကို သင်ပေးနေပြန်သည်။ စာသင်ခန်း၏ နောက်ဆုံးခုံတွင် ထိုင်နေသော Hauser အဘိုးအိုက သူ့မျက်မှန်ကို တပ်ထားပြီဖြစ်သည်။ လက်ထဲတွင်လည်း အခြေခံ ဖတ်စာအုပ်ကို ကိုင်ထားပြီး ထိုအက္ခရာများကို သင်ယူနေသည်။ ခံစားမှု ပြင်းထန်သောကြောင့် သူ့အသံများပင် တုန်ယင်နေသည်။ ထူးဆန်းသော သူ့အသံထွက်ကြောင့် ကျွန်တော်တို့မှာ ရီချင်နေသလို စိတ်မကောင်းလည်း ဖြစ်မိသည်။ အာ...! ဤနောက်ဆုံး စာသင်ချိန်အား ကျွန်တော် တစ်သက်မေ့နိုင်တော့မည် မဟုတ်။

ရုတ်တစ်ရက် စာသင်ခန်းထဲရှိ နာရီမှာ ၁၂ ချက် ခေါက်သံ ထွက်ပေါ်လာသည်။ ၀တ်ပြု အချက်ပေး ခေါင်းလောင်းလည်း မြည်လာသည်။ ပြတင်းပေါက် အပြင်ဖက်မှ Prussians စစ်သည်များ၏ ညာသံကို ကြားရပြန်သည်။ သူတို့ စစ်ရေးလေ့ကျင့်ခြင်းမှ ရပ်နားပြီ။ ဆရာ M. Hamel ထိုင်နေရမှ ထရပ်လိုက်သည်။ သူ့ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဤသို့ မြင့်မားသော သူ့အရပ်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

“မိတ်ဆွေရောင်းရင်းတို့....” ဆက်၍ “ ဆရာ .... ဆရာ...” သူ့အသံမှာ ရှေ့ဆက် မပြောနိုင်လောက်အောင် ဆို့နင့်နေသည်။ ထို့နောက် ကိုယ်ကို ကျောက်သင်ပုန်းဖက် လှည့်လိုက်ပြီး မြေဖြူခဲကို ကောက်ကိုင်ကာ ရှိသမျှ ခွန်အားဖြင့် ကျောက်သင်ပုန်းပေါ်တွင် စာလုံးကို ကြီးနိုင်သမျှ ကြီးအောင် ချရေးလိုက်သည်။

“ပြင်သစ် သက်တော် ရာကျော် ရှည်ပါစေ”

ထို့နောက် ခေါင်းကို နံရံပေါ် မှီပြီး စကားပင် မပြောနိုင်ဘဲ ထိုနေရာတွင် ရပ်လိုသာနေသည်။ ကျွန်တော်တို့အား “ ကျောင်းဆင်းပြီ... မင်းတို့ သွားနိုင်ပြီ” ဟု လက်ဟန် အမှုအရာသာ ပြနိုင်ခဲ့သည်။

ပြီးပါပြီ။

အင်္ဂလိပ် မှုရင်းကို ဤနေရာတွင် ဖတ်ရှူနိုင်သည်။ တစ်စုံတရာ မှားယွင်းခဲ့သော် ဘာသာပြန်သော ကျွန်မတွင်သာ အပြစ်ရှိကြောင်း.... ကျေးဇူး တင်ပါသည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ပန်းချီဆရာ၏ သောက


တစ်ခါက ပန်းချီဆရာတစ်ဦးသည် မိမိဆွဲထားသော ပန်းချီကားတစ်ချပ်ကို ယူပြီး ပြခန်းတစ်ခုတွင် ပြသထားသည်။ မိမိ၏ လက်ရာနှင့် ပတ်သက်၍ ပရိသတ်၏ ဝေဖန်မှုများကို သိချင်သောကြောင့် ပန်းချီဘေးတွင် “ဤကားချပ်ပေါ်တွင် မအောင်မြင်သော စုပ်ချက်ဟု သင်ထင်သော နေရာကို ၀ိုင်းပါ” ဟု စာကြောင်း ကပ်ထားလိုက်သည်။ ညနေ ပန်းချီကား သိမ်းချိန်တွင် ကားချပ်တစ်ခုလုံး နေရာလွတ် မရှိအောင် အ၀ိုင်းစက်များဖြင့် ၀ိုင်းခံထားရသည်ကို တွေ့လိုက်သည်။ ကားချပ်ကို ကြည့်ပြီး သူတော်တော် စိတ်ဓာတ်ကျမိသည်။

မိမိ၏ လက်ရာထဲတွင် ချီးကျူးဖွယ် နေရာ တစ်နေရာတော့ ရှိကောင်း ရှိဦးမည်ဟု သူတွေးထင်မိသည်။ ထို့နောက် မှုလပန်းချီကားချပ် ဘေးတွင် “ဤကားချပ်ပေါ်တွင် လှပသော စုပ်ချက်ဟု သင်ထင်သော နေရာကို အမှတ်ခြစ်ပါ” ဟု ပုံစံတစ်မျိုး ပြောင်းရေးလိုက်သည်။ ညနေ ပန်းချီကား သိမ်းချိန်တွင် ကားချပ်တစ်ခုလုံး နေရာလွတ်မကျန် အမှတ်ခြစ်ထားသည်ကို တွေ့လိုက်ပြန်သည်။ ယခင် အ၀ိုင်းခံထားရသော နေရာများပင် အမှတ်ခြစ်ရာများဖြင့် ပြည့်နေခဲ့သည်။

ထိုသို့ ဆန်ကျင့်သော ရလဒ်နှစ်ခု၏ ကွာဟချက်ကို သူသဘောပေါက်လိုက်မိသည်။ “ဘာကြောင့်လဲဆိုတာ ငါသဘောပေါက်ပြီ။ ဘယ်အရာမဆို လူတွေကို ပြည့်ဝမှု မပေးနိုင်ဘူး။ တစ်ချို့လူတွေရဲ့ မျက်စိထဲမှာ တန်ဖိုးရှိပြီး ကောင်းတယ်လို့ ထင်တဲ့အရာတွေက ကျန်လူတစ်ချို့ရဲ့ မျက်စိထဲမှာ တစ်ပြားမှ မတန်တဲ့ အနှုပ်အစုပ်တွေ ဖြစ်နေတတ်တယ်”

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

မသမာတဲ့ မျက်စိ


တစ်နေ့ ဂရိ ဒဿနိက ပညာရှင် Demokritos ဟာ ပန်းခြံထဲ လမ်းလျှောက်နေတယ်။ ရုတ်တရက် မထင်မှတ်တဲ့ အတွေးတစ်မျိုးက သူ့ခေါင်းထဲကို ချက်ချင်း ၀င်ရောက်လာတယ်။ အဲဒီအတွေးကို တွေးတောနေခိုက် လှပတဲ့ ရှုခင်းတစ်ခုက သူ့မြင်ကွင်းထဲ ၀င်ရောက်လာတယ်။ အဲဒီရှုခင်းက အရောင် အသွေးစုံတဲ့ ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ပဲဖြစ်တယ်။ လှပတဲ့ အရောင်အဆင်းရဲ့ စွဲဆောင်မှုကြောင့် ပန်းပွင့်ကို သူနောက်တစ်ချက် ကြည့်လိုက်မိတယ်။ အဲဒီ နောက်တစ်ချက် ကြည့်လိုက်တဲ့ အကြည့်ကြောင့်ပဲ သူ့ရဲ့တွေးတော လက်စ အတွေးတွေ ကြက်ပျောက်ငှက်ပျောက် လွင့်ပျောက်သွားခဲ့ရတယ်။

အဲဒီအဖြစ်အပျက်ကို သူရင်နာမဆုံး ဖြစ်နေခဲ့တယ်။ လျှပ်တစ်ပြက်ရလိုက်တဲ့ အတွေးတွေ ဘယ်လိုတွေးတွေး အစဖော်လို့ မရခဲ့ဘူး။ အတွေးတွေကို မြဲမြဲဖမ်းမဆုတ် ထားခဲ့မိတဲ့အတွက် သူ့ကိုယ်သူ အရမ်း မကျေမနပ် ဖြစ်မိတယ်။ လှပတဲ့ မြင်ကွင်းတွေက မျက်စိကို မဖမ်းစားခဲ့ရင် အတွေးတွေကို သူအကောင်အထည် ဖော်နိုင်လောက်တယ်လို့ ထင်ခဲ့တယ်။

ဒါကြောင့် နောင်နောက် ဒီလို ဖမ်းစားနိုင်တဲ့ မြင်ကွင်းတွေ မျက်စိထဲ၊ အတွေးထဲ၊ ခေါင်းထဲ မ၀င်အောင် Demokritos က သူ့မျက်စိကို ဖောက်ထုတ်ပစ်လိုက်တယ်။

ဒီပုံပြင်က အခုထက်ထိ လူတွေ ပြောစမှတ်ဖြစ်နေတုန်းပါပဲ။ ဒီပုံပြင်ကို ဖတ်မိတဲ့လူတိုင်းက Demokritos ရဲ့ အဖြစ်ကို စိတ်မကောင်းဖြစ်ပြီး သက်ပြင်းချကြတယ်။ တကယ်တမ်းတော့ ဒီလို လုပ်စရာမလိုပါဘူး။ လူတွေ အသက်ရှင် နေထိုင်ဖို့အတွက် မျက်စိဟာ မရှိမဖြစ် အရေးပါတဲ့ အင်္ဂါတစ်ခုပါ။ မျက်စိမရှိတဲ့ မျက်ကန်းတစ်ယောက်မှာ ပျော်ရွှင်မှုဆိုတာလည်း မရှိနိုင်တော့ပါဘူး။

တကယ်တော့ ဒီပုံပြင်မှာ Demokritos က အတွေးတစ်ခုကြောင့် သူ့မျက်စိကို ဖောက်ထုတ်ပစ်လိုက်တာကို အဓိက ပြောချင်တာ မဟုတ်ပါဘူး။ အခုခေတ်မှာ လူအများက လှပတဲ့ အမြင်အာရုံရဲ့ လှည့်စားဆွဲဆောင် မှုကြောင့် ရှိရင်းစွဲ ပစ္စည်းတွေရဲ့ နဂိုမှုလ အရည်အချင်းကို မတွေ့မြင်တော့ဘဲ အပေါ်ယံ အလှအပမှာသာ ယစ်မှုးနေကြတယ် ဆိုတာကို ဆိုလိုချင်တာပါ။


Read More...

ဘုရားသခင်ရဲ့ အဆုံးအဖြတ်


အနောက်နိုင်ငံမှာ ဒီလို ပုံပြင်လေး တစ်ပုဒ်ရှိခဲ့တယ်။

ကုန်သည်သုံးဦးဟာ ကွယ်လွန်ပြီးနောက် သူတို့ ပြုလုပ်ခဲ့သမျှအတွက် ဘုရားသခင်ရဲ့ အဆုံးအဖြတ်ကို ခံယူချင်လို့ ဘုရားသခင်ကို သွားတွေ့ကြတယ်။ ပထမကုန်သည်က “ကျွန်တော် ကြိုးစားပြီး လုပ်ခဲ့သမျှ စီးပွားတွေ နောက်ဆုံးတော့ အရှုံးပေါ်တာပဲ။ ဒါပေမဲ့ ကျွန်တော်မှာ အိမ်သားတွေ ရှိသေးတယ်။ မိသားစုနဲ့အတူ ကျွန်တော့်ဘ၀ ပျော်ရွှင်ခဲ့ပါတယ်” ဘုရားသခင်က နားထောင်ပြီး သူ့ကို ၅၀မှတ် ပေးလိုက်တယ်။

ဒုတိယ ကုန်သည်က “ကျွန်တော့် စီးပွားရေးတွေ အရမ်းအောင်မြင်ခဲ့တယ်။ ကျွန်တော့် ဥစ္စာပစ္စည်းတွေ အများကြီး ကျန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မိသားစုနဲ့နေတဲ့ အချိန်တွေ အရမ်းနည်းခဲ့တယ်။ သူတို့ကို အရမ်းအားနာမိတယ်။ ဒါပေမဲ့.. မသေခင် ကျွန်တော်ဟာ သန်းကြွယ်သူဌေးကြီး ဖြစ်ခဲ့တယ်” ဘုရားသခင်က နားထောင်ပြီး ပထမလူလိုပဲ အမှတ် ၅၀ ပေးလိုက်တယ်။

တတိယကုန်သည်က “ကျွန်တော် အသက်ရှင်စဉ်က စီးပွားရေးကိစ္စနဲ့ နေ့တိုင်း အလုပ်များနေပေမဲ့ ကျွန်တော်ဟာ မိသားစုနဲ့ သူငယ်ချင်းတွေကို ချစ်ခဲ့တယ်။ အတတ်နိုင်ဆုံး သူတို့ကို ကျွန်တော် အချိန်ပေးတယ်။ သူတို့နဲ့အတူ နေတဲ့အချိန်က ကျွန်တော်လုပ်ငန်းတွေ အောင်မြင်လို့ ငွေအလုံးအရင်းရတာထက် ကျွန်တော်ပိုပျော်ခဲ့တယ်။ ကျွန်တော့်ဘ၀ ဘယ်လောက်အဓိပ္ပါယ် ရှိခဲ့သလဲ.. ကောင်းကင်ဘုံကို ကျွန်တော်ရောက်ခဲ့ပေမဲ့ လူ့ဘ၀ကို ဒီလောက် မြန်မြန်ကြီး ကျွန်တော် မစွန့်ခွာချင်ခဲ့ဘူး” ဘုရားသခင်က နားထောင်ပြီး ၀မ်းသာစွာနဲ့ သူ့ကို အမှတ် ၁၀၀ ပေးလိုက်တယ်။

အလုပ်တွေဟာ ဘယ်တော့မှ လုပ်လို့ မကုန်နိုင်သလိုဘဲ အခုခေတ်လူတွေဟာ မအားလပ်ကြရဘူး။ ကိုယ့်အတွက် နားချိန်ဆိုတာ မရှိသလို ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ စကားပြောဖို့လည်း အချိန်မရကြဘူး။ မနက် သွားတိုက်နေတဲ့ အချိန်မှာ ဘာစားရမလဲ.. ဒီအချိန် ဘယ်ဆိုင်မှာ လူနည်းမလဲ... လို့ စဉ်းစားနေကြတယ်။ မနက်စာ စားနေတဲ့အချိန်မှာ အလုပ် နောက်ကျတော့မယ်ထင်တယ်လို့ စိုးရိမ်နေ တတ်တယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာလဲ နေ့လည်ကျရင် ဘာစားရမလဲ၊ ဘာဝယ်ရမလဲ ဆိုတာကို တွေးနေတတ်တယ်။ အမြဲတမ်းပဲ ရပ်နားချိန်ဆိုတာ မရှိခဲ့ကြဘူး။ ဘယ်လောက်ပဲ အလုပ်များနေပါစေ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်ကို မိသားစုအတွက် ခွဲဝေပေးဖို့ မမေ့ပါနဲ့။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

သေးငယ်ပေမဲ့ နွေးထွေးတယ်


ဖခင်တစ်ဦးတွင် သားသုံးယောက်ရှိသည်။ သားများ လူလားမြောက် ကြီးပြင်းခဲ့ပြီး ပညာစုံလာသောအခါ ဖခင်က သူတို့၏ ဥာဏ်အမြော်အမြင်အား စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်နေ့တွင် သားများကို ခေါ်ပြီး “သားတို့ကို တစ်ယောက် ငွေတစ်ရာဆီ ပေးလိုက်မယ်။ အဲဒီငွေတစ်ရာနဲ့ စတုရန်း ပတ်လည် ၁၀၀ မီတာရှိတဲ့ အခန်းကို ပစ္စည်းတွေ အပြည့် ၀ယ်ဖြည့်ရမယ်။ ဘာပစ္စည်းမဆို ၀ယ်နိုင်ပေမဲ့ ငွေတစ်ရာထက် မကျော်စေရဘူး” ဟု ခိုင်းဆိုလိုက်သည်။

အကြီးဆုံးသားက ထိုငွေတစ်ရာဖြင့် ဈေးအပေါဆုံးဖြစ်သော ကောက်ရိုးများကို ၀ယ်ပြီး အခန်းအား ဖြည့်လေသည်။ သို့သော် တောင်ပုံရာပုံ ကောက်ရိုးများက အခန်းအားပြည့်အောင် မဖြည့်နိုင်ခဲ့ပေ။

သားလတ်က သားကြီးထက် ဥာဏ်အမြော်အမြင် ပိုရှိရာ ထိုငွေတစ်ရာဖြင့် ပေါ့ပါးဖောင်းပွသော ၀ါဂွမ်းများကို ၀ယ်ပြီး အခန်းအားဖြည့်ခဲ့သည်။ ဖောင်းပွသော ၀ါဂွမ်းများလည်း ထိုအခန်းအား ပြည့်အောင် မဖြည့်နိုင်ခဲ့ပေ။

သားငယ်အလှည့်တွင် သူသည် အခန်းရှိ ပြတင်းပေါက်နှင့် လေ၀င်ပေါက်များကို လုံအောင်ပိတ်ပြီး ဖခင်အား အခန်းတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ မှောင်မိုက်နေသော အခန်းတွင်းသို့ ဖခင်ရောက်လာသောအခါ သူသည် ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ အခန်းတစ်ခုလုံးသည် ဖယောင်းတိုင်မှ ဖြာကျလာသော အလင်းဖြင့် ပြည့်နှက်သွားတော့သည်။ သူဝယ်ယူခဲ့သော ဖယောင်းတိုင်နှင့် မီးခြစ်မှာ တစ်ကျပ်သာ ကုန်ကျသည်။

ကျွန်မတို့၏ စိတ်သည် ထို ၁၀၀ စတုရန်းမီတာ ရှိသော အခန်းကြီးနှင့်တူသည်။ မည်မျှများပြားသော ပစ္စည်း ဥစ္စာဖြစ်စေ စိတ်အခန်း၏ လိုအင်တပ်မက်မှုကို ပြည့်အောင် မဖြည့်နိုင်ပေ။ သို့သော် သေးငယ်သော မေတ္တာတရားပင်ဖြစ်စေ ကျွန်မတို့၏ စိတ်ဝိညာဉ်ကို ပြည့်အောင်ဖြည့်နိုင်စွမ်းသည်။ လူအချို့က ဥစ္စာပစ္စည်းနောက် လိုက်ကြသည်။ သို့သော် သူတို့လိုချင်သော စိတ်ချမ်းသာ ပျော်ရွှင်မှုကို မရခဲ့ကြ။ လူအချို့က ဥစ္စာပစ္စည်း မပြည့်စုံသော်လည်း သူတို့၏မျက်နှာပေါ်တွင် အပြုံးများကို အမြဲတမ်း တွေ့ရတတ်သည်။ သူတို့၏ စိတ်ဝိညာဉ်တွင် မေတ္တာတရားများဖြင့် ပြည့်ဝနေသောကြောင့်ဖြစ်သည်။




Read More...

တိုး တိုး တိတ်တိတ် စကား (၁ ဝ) ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့ ၁)

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.... အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက် ဘဲနူးညံ့ ပေးပါ။ သူဟာ မိခင်စိတ်ရှိ တဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။ မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ ။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

အင်တာနက်မှာ ဖတ်မိတာကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ

Read More...