Wednesday, July 30, 2008

Hans Christian Andersen၏ ပုံပြင်များ


တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ၀မ်းသာအားရနဲ့ ...
“ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့”
“အင်း... ဆိတ်နို့လည်း မဆိုးပါဘူး”
“အော်... ငန်းမွေးတွေက သိပ်လှတာ”
“အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့”
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ “ အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့” လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ်။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။

Hans Christian Andersen၏ ပုံပြင်များ အင်္ဂလိပ် ဗားရှင်း ၊ တရုတ်ဗားရှင်း


Read More...

ကမာကောင်ရဲ့ သဘောထား


နိုင်ငံခြားမှာ ကျောင်းသွားတက်မဲ့ သမီးကို အမေက ပုလဲတစ်လုံး လက်ဆောင်ပေးပြီး ဆုံးမစကား ပြောပါတယ်။

“မေမေတို့ မွေးထားတဲ့ ကမာကောင်ရဲ့ ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေး လိုက်ချိန်မှာ ကမာတွေ အရမ်းအနေရ ခက်ကြတယ်။ ဒါပေမဲ့ သဲတွေကို ထွေးထုတ်ဖို့လဲ သူတို့မှာ အင်အားမရှိကြဘူး။ ဒါကြောင့် ကမာတွေက လူတွေကို အပြစ်ဆို ညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူ ပေါင်းစပ်ပြီး အသွေးတူ၊ အရည်တူဖြစ်အောင်လုပ်မလား...? ဆိုတဲ့ လမ်းနှစ်ခုကို ရွေးကြရတယ်။

အဲဒီလိုနဲ့ ကမာတွေက ကိုယ့်အတွက် ခွန်အားဖြစ်စေတဲ့ အာဟာရတစ်ချို့နဲ့ သဲကိုထုပ်လိုက်တယ်။ အထုပ်ခံရတဲ့ သဲကို ကိုယ့်အသွေး၊ ကိုယ့်အရည် တစ်ပိုင်းတစ်စလို့ သတ်မှတ်လိုက်တယ်။ သဲကိုထုပ်တဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းများလေ သဲကို ကိုယ့်အသွေး၊ အသား တစ်ပိုင်းတစ်စလို့ သတ်မှတ်လေဖြစ်ပြီး ကမာတွေက သဲနဲ့အတူ စိတ်ချမ်းချမ်းသာသာ နေကြတော့တယ်”

ကမာကောင်ဆိုတာ ဦးနှောက်မရှိတဲ့ ကျောရိုးမဲ့ သတ္တ၀ါဖြစ်ပြီး ပြောင်းလဲနှုန်းဟာလဲ နှေးကွေးကြတယ်။ ဦးနှောက်မရှိတဲ့ ဒီလိုသတ္တ၀ါကတောင် ကိုယ်ပြောင်းလဲလို့ မရနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင့်လျှော်အောင် နေထိုင်တတ်တယ်။ ကိုယ့်ကို စိတ်ညစ်၊ စိတ်ဒုက္ခပေးတဲ့ အရာကို လက်ခံနိုင်တဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်အောင် ပြောင်းလဲခဲ့တယ်။ လူတွေက ကမာကောင်လောက်တောင် အသိဥာဏ် မရှိနိုင်တော့ဘူးလား? ပုလဲဖြစ်စဉ်တွေကို ကြားဖူးနားဝရှိပါတယ်။ ဒါပေမဲ့ ကမာဖက်ကနေ တစ်ခါမှ မခံစားခဲ့မိဘူး။

“Karl Paul Reinhold Niebuhr” ရဲ့ ဆုတောင်းကျမ်းစာထဲက စာသားတစ်ခုက “ဘုရားသခင်.. တည်ငြိမ်တဲ့စိတ်နဲ့ ပြုပြင်ပြောင်းလဲလို့ မရနိုင်တဲ့ အရာတွေကို လက်ခံနိုင်အောင် ကျွန်တော်တို့ကို ကြီးမားကျယ်ပြန့်တဲ့ စိတ်သဘောထားနဲ့ ရက်ရောမှုကိုပေးပါ။ ပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့ အရာတွေကို ပြောင်းလဲခွင့်ရအောင် ကျွန်တော်တို့ကို သတ္တိတွေပေးပါ။ ပြုပြင်ပြောင်းလဲလို့ ရနိုင်တာနဲ့ မရနိုင်တာကို ခွဲခြားသိမြင်တတ်အောင် ကျွန်တော်တို့ကို အသိဥာဏ်တွေ ပေးသနားလှည့်ပါ” လို့ ဆိုပါတယ်။ လူ့ဘ၀မှာ အမြဲတမ်း စိတ်တိုင်းမကျတာတွေ၊ စိတ်ညစ် စိတ်ပျက်စရာတွေနဲ့ ပြည့်နေတတ်တယ်။ အဲဒီအရာတွေကို ကမာကောင်လို ကိုယ်နဲ့အတူပေါင်းစပ်ပြီး စိတ်ပျော်ရွှင်အောင် လုပ်နိုင်ဖို့ ခက်ခဲပါတယ်။

Original from: http://www.youthwant.com.tw

အပေါ်ကစာတွေနဲ့ ဆိုင်လား မဆိုင်လားတော့ မသိဘူး။ ကျွန်မအဖြစ်လေး ပြောပြချင်လို့ပါ။ စနေသမီး စိတ်မာတယ်၊ ဒေါသကြီးတယ်၊ ရေတက်၊ နေတက်မှာမွေးရင် ပိုဆိုးတယ်ဆိုတဲ့ အယူက မနက် ၆ နာရီကျော်မှာ မွေးတဲ့ စနေသမီး ကျွန်မအတွက် လုံးလုံးမဆိုင်သလိုပဲ။ စိတ်မြန်လက်မြန် ရှိတာကလွဲရင် ကျွန်မက သံယောဇဉ်ကြီးတာပါ။ အရင်တုန်းက မိသားစုနဲ့ သူငယ်ချင်းကြားမှာ အနောက်အပြောင်သန်ပြီး ပျော်ပျော်နေတတ်တဲ့ ကျွန်မရဲ့ စိတ်က ၁၉၉၉ခုနှစ် မေလကနေ စက်တင်ဘာလ ၆လအတွင်း (အဘွား၊ အဘိုးနဲ့ အမေ) သုံးဦး ဆက်တိုက်ဆုံးပြီးနောက် လုံးဝကြီး ပြောင်းလဲသွားခဲ့ရတယ်။ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မကြုံ၊ မမြင်ခဲ့ရတဲ့ ကိစ္စတွေမို့ အမေဆုံးပြီဆိုတဲ့ စကားကို ကျွန်မလုံးလုံး လက်မခံနိုင်ဖြစ်ခဲ့တယ်။

အဲဒီနောက် စိတ်ဓာတ်တွေကျကျပြီး လူပါ ပိန်ချုံးသွားတော့တယ်။ အရာရာကို မယုံကြည်ရဲလောက်အောင် ဖြစ်ခဲ့တယ်။ အဆိုးဆုံးက ဘာများထပ်ဖြစ်မလဲဆိုတဲ့ စိတ်နဲ့ အိမ်က ဖုန်းလာမှာ၊ အိမ်ကို ဖုန်းဆက်ရမှာ အရမ်းကြောက်ခဲ့တယ်။ မြန်မာပြည်က ထွက်မလာခင် ပြုံးပြုံးရွှင်ရွှင်နဲ့ ရန်ကုန်အထိ လိုက်ပို့ခဲ့တဲ့ အဘွားနဲ့အမေတို့က နှစ်နှစ်ကျော်အတွင်းမှာ မရှိတော့ဘူးဆိုတာကို လက်မခံရဲအောင် ဖြစ်ခဲ့တယ်။ ဆေးပညာအရဆို စိတ်ကျရောဂါလို့ ပြောရမလား မသိဘူး... အဲဒီနှစ် ဒုတိယနှစ် ပထမနှစ်ဝက်မှာ ကျွန်မ စာမေးပွဲ (၄)ဘာသာ ကျခဲ့တယ်။ အားငယ်စိတ်တွေ အမြဲဝင်ပြီး ဘယ်အရာကိုမဆို အကောင်းမမြင်၊ မတွေးတော့ဘူး။ ညည စောင်ခေါင်းမြီးခြုံပြီး ခိုးငိုဖို့ပဲသိခဲ့တယ်။ ဒါကို ကုတင်ချင်းကပ်ရက် “အိအိ”က သိတော့ အဖြစ်မှန်ကို ရင်ဆိုင်ပါ။ လက်ခံပါ။ ရှောင်ပုန်းမနေပါနဲ့။ ဖြစ်လာသမျှ အကောင်းချည်းပဲမှတ်ဖို့ နားချပါတယ်။ တရားနဲ့ဖြေဖို့အတွက်လည်း ကျွန်မ ဘုရားစာတွေ မရပါဘူးး(

အဲလိုနဲ့ တတိယနှစ် နှစ်အဆုံးမှာ ကျွန်မနဲ့ကျောင်းတူတဲ့ လားရှိုးက ကောင်လေးတစ်ယောက်နဲ့ ခင်ခဲ့တယ်။ သူက ကျွန်မထက် အသက်ငယ်တယ်ဆိုပေမဲ့ အရာအရာတိုင်းကို အကောင်းမြင်တတ်တယ်။ ဖြစ်ခဲ့တာကို သူ မတွေးဘူး။ ဖြစ်လာမှာကို သူမစဉ်းစားဘူး။ လက်ရှိဖြစ်နေတဲ့အချိန်၊ ဖြစ်နေတဲ့နေရာမှာပဲ သူပျော်အောင်နေတယ်။ အရာရာကို ပေါ့ပေါ့တွေးတယ်၊ ပေါ့ပေါ့ကြည့်တယ်။ သူ့ကိုကြည့်လိုက်တိုင်း အမြဲတမ်း ပေါ့ပါးရွှင်လန်းနေတယ်။ သူ့ကို ရည်မှန်းချက်မရှိသူ၊ ပန်းတိုင်မရှိသူလို့ ကျွန်မ မကြာခဏပြောဖူးတယ်။ တကယ်တော့ သူ့လိုနေတတ်ဖို့က အင်မတန်ခက်ခဲပါတယ်။ သူ့ကြောင့် ကျွန်မရဲ့ စိတ်ဓာတ်နဲ့ အမြင်တွေ တဖြေးဖြေး မြှင့်တင်ပြောင်းလဲခဲ့တယ်ဆိုရင် မမှားပါဘူး။

ဒီလိုနဲ့ တစ်နေ့မှာ ထိုင်ဝမ်သူငယ်ချင်းတစ်ယောက်က ကျွန်မကို http://www.youthwant.com.tw ဒီဆိုက်လေး ညွှန်းလိုက်တယ် ဆိုပါတော့။ ပုံတွေ၊ စာတွေ အမျိုးစုံတင်ထားတဲ့ ဒီဆိုက်က စာတစ်ချို့ဟာ ကျနေတဲ့ ကျွန်မစိတ်ဓာတ်တွေ မြှင့်ပေးဖို့ အထောက်အကူပြုခဲ့တယ်။ အရင်တုန်းက သတင်းစာနဲ့ ကျောင်းစာကလွဲရင် တရုတ်စာကို သိပ်မဖတ်တဲ့ကျွန်မက အားတိုင်း ဒီဆိုက်ကစာတွေကို သွားသွားဖတ်ဖြစ်ခဲ့တယ်။ စိတ်ကို ဖြေးဖြေးချင်းဖြေတယ်။ ဆုံးတဲ့လူက ဆုံးပြီဆိုတာကို လက်ခံလာအောင် ကြိုးစားခဲ့တယ်။

တကယ်တော့ ရှင်သန်ဖို့အတွက် သစ်ပင်၊ ပန်းပင်တွေကမှ မြေသြဇာလိုတာ မဟုတ်ပါဘူး။ ဘ၀တစ်ခု ရှင်သန်ဖို့အတွက် စိတ်ဓာတ်မြေသြဇာကလည်း လိုပါသေးတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်မလား..? ၀မ်းနည်း ပူဆွေးခြင်း လောင်ရိပ်အောက်မှာ ရှင်သန်မလား? ဒါက ကိုယ်ပိုင်ရွေးချယ်မှုတွေပါ။ တကယ်တော့ ဒီဆိုက်ထဲက http://www.youthwant.com.tw စာတွေသွားသွားဖတ်တာ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်အတွက်ပဲဖြစ်တယ်။ ကံကြမ္မာဆိုးတွေက ကိုယ်မမျှော်လင့်တဲ့အချိန်၊ ကိုယ်မထင်မှတ်တဲ့ အချိန်မှာ မဖိတ်မခေါ်ဘဲ ရောက်ရောက်လာတတ်ကြတယ်။ ကိုယ်တိုင်လက်တွေ့ ကြုံဖူး၊ ဆုံဖူးသူတွေ ပိုခံစားနားလည်တတ်ကြမှာပါ။ ဒီလိုအဖြစ်မျိုးတွေကို တစ်ချိန်ချိန်မှာ လူတိုင်းလဲ ကြုံကြရမှာ ဧကန်မလွဲပါဘူး။ အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာသွားတာပါ။

တမင်ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ကံကြမ္မာရဲ့ အထိုးကို ခံရလိုက်၊ လဲကျသွားလိုက်၊ ပြန်ထလိုက်နဲ့ http://www.youthwant.com.tw ဒီဆိုက်က စာတွေ သွားသွားဖတ်ပြီး အကောင်းအဆိုးကို လက်ခံနိုင်အောင် ကျွန်မကြိုးစားနေပါတယ်။ အမှားပါရင် ခွင့်လွတ်ပေးပါ။


Read More...

တွေးတောခြင်း အနုပညာ


တစ်ခါက အမျိုးသမီးတစ်ဦးဟာ နယူးယောက်ဘဏ်ထဲဝင်ပြီး...
“ ကျွန်မ ဥရောပဘက် ခရီးတစ်လ ထွက်မလို့ ဘဏ်ကနေ ဒေါ်လာ ၅ထောင် ချေးချင်လို့ပါ” လို့ပြောတော့ ဘဏ်မန်နေဂျာက “ ချေးလို့တော့ ရပါတယ်။ ဒါပေမဲ့ တန်ဖိုးငွေနဲ့ ညီမျှတဲ့ ပစ္စည်းတစ်ခုခုကို အပေါင်အဖြင့် ထားခဲ့ရမယ်” ဆိုတယ်။

အဲလိုနဲ့ အမျိုးသမီးက ဘဏ်ရှေ့မှာ ရပ်ထားတဲ့ Rolls-Royce ကားသော့ပေးပြီး အပေါင်ပစ္စည်းအဖြင့် ထားခဲ့တယ်။ ဘဏ်တာဝန်ကျသူက ကားကို ကားရပ်နားရာနေရာမှာ ထိန်းသိမ်းထားလိုက်တယ်။

တစ်လကြာတော့ အမျိုးသမီးက ဘဏ်ကို အတိုးငွေ ၁၅ဒေါ်လာနဲ့အတူ ချေးငွေလာဆပ်တယ်။ ဘဏ်မန်နေဂျာက နားမလည်စွာနဲ့ အမျိုးသမီးကို “အခုလို ပူးပေါင်းဆောင်ရွက်ရတာ ၀မ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်မေးစရာ တစ်ခုရှိတယ်။ ခင်ဗျား ခရီးထွက်နေတုန်းက ခင်ဗျားအကြောင်း ကျွန်တော်အနည်းငယ် စုံစမ်းကြည့်တော့ ခင်ဗျားဟာ နာမည်ကြီး ကုမ္ပဏီတစ်ခုက အထွေထွေ မန်နေဂျာဆိုတာ သိရတယ်။ ကျွန်တော်နားမလည်တာက ခင်ဗျားဘာဖြစ်လို့ ဘဏ်မှာ ဒေါ်လာ ၅ထောင် လာချေးရတာလဲ ဆိုတာကိုပဲ”

အမျိုးသမီးက သွက်လက်ချက်ချာစွာနဲ့ “နယူးယောက်မှာ တစ်လကို ဒေါ်လာ၁၅ကျပ်နဲ့ ကားကို မပျက်မဆီး၊ လူခိုးမခံရအောင် ထိန်းသိမ်းပေးနိုင်တဲ့နေရာ ဘယ်မှာရှိနိုင်မလဲ?” လို့ ပြန်ဖြေလိုက်တယ်။

တွေးတောတတ်တဲ့ လူတစ်ယောက်ဟာ ငွေကြေးရှိပြီး ဦးနှောက်မရှိတဲ့ လူထက် ဖန်ဆင်းမှုနယ်ပယ် ပိုကျယ်ပြန့်တယ်ဆိုတဲ့အကြောင်း ဒီပုံပြင်က ပြောပြသွားပါတယ်။

original from : http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်သည်

Read More...

ဘုရားသခင်က လူကောင်းတွေကို ဘာလို့ မချီးမြှင့်တာလဲ?


၁၉၆၃ ခုနှစ်မှာ “မေရီ” လို့ခေါ်တဲ့ ကလေးမတစ်ယောက် ချီကာဂိုရဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ “Chicago Tribune” ဆီ စာတစ်စောင်ရေးပို့ခဲ့တယ်။ အကြောင်းက အမေဖုတ်ပြီးသား မုန့်တွေကို စားပွဲပေါ်အရောက် သူကူသယ်ပေးခဲ့တယ်။ ဒါပေမဲ့ “လိမ္မာလိုက်တဲ့ ကလေး” ဆိုတဲ့ စကားတစ်ခွန်းပဲ အမေ့ဆီက သူပြန်ကြားခဲ့ရပြီး ဘာမှဝိုင်းမကူဘဲ ဆိုးဖို့ပဲသိတဲ့ “ဒေးဗစ်” (သူ့ မောင်လေး) က မုန့်တစ်ခုရခဲ့လို့ပဲ ဖြစ်တယ်။

သတင်းစာထဲက ကလေးကဏ္ဍအတွက် တာဝန်ရှိသူကို ဘုရားသခင်က တကယ်ပဲ တရားသလား..? အိမ်နဲ့ကျောင်းမှာ တွေ့ဖူးတဲ့ သူ့လိုလိမ္မာတဲ့ ကလေးတွေကို ဘုရားသခင်က ဘာကြောင့် မေ့လျှော့နေရတာလဲလို့ သူမေးခဲ့တယ်။

၁၉၆၃ ခုနှစ်မှာ “မေရီ” လို့ခေါ်တဲ့ ကလေးမတစ်ယောက် ချီကာဂိုရဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ “Chicago Tribune” ဆီ စာတစ်စောင်ရေးပို့ခဲ့တယ်။ အကြောင်းက အမေဖုတ်ပြီးသား မုန့်တွေကို စားပွဲပေါ်အရောက် သူကူသယ်ပေးခဲ့တယ်။ ဒါပေမဲ့ “လိမ္မာလိုက်တဲ့ ကလေး” ဆိုတဲ့ စကားတစ်ခွန်းပဲ အမေ့ဆီက သူပြန်ကြားခဲ့ရပြီး ဘာမှဝိုင်းမကူဘဲ ဆိုးဖို့ပဲသိတဲ့ “ဒေးဗစ်” (သူ့ မောင်လေး) က မုန့်တစ်ခုရခဲ့လို့ပဲ ဖြစ်တယ်။

သတင်းစာထဲက ကလေးကဏ္ဍအတွက် တာဝန်ရှိသူကို ဘုရားသခင်က တကယ်ပဲ တရားသလား..? အိမ်နဲ့ကျောင်းမှာ တွေ့ဖူးတဲ့ သူ့လိုလိမ္မာတဲ့ ကလေးတွေကို ဘုရားသခင်က ဘာကြောင့် မေ့လျှော့နေရတာလဲလို့ သူမေးခဲ့တယ်။

ကလေးကဏ္ဍအတွက် တာဝန်ရှိသူက ၁၀နှစ်ကျော်အတွင်းမှာ ကလေးတွေရဲ့ မေးခွန်းဖြစ်တဲ့ “ဘုရားသခင်က ဘာဖြစ်လို့ လူကောင်းတွေကို မချီးမြှင့်ရတာလဲ..? ဘာဖြစ်လို့ လူဆိုးတွေကို အပြစ်မပေးရတာလဲ?” ဆိုတဲ့ စာကို အများဆုံး လက်ခံရရှိခဲ့တယ်။ အဲဒီလို မေးခွန်းမျိုးကို ဘယ်လိုပြန်ဖြေရမလဲဆိုတဲ့ ပြဿနာက တာဝန်ရှိသူကို ဦးနှောက်စားစေခဲ့တယ်။

“မေရီ” ရဲ့စာကို ဘယ်လိုပြန်ရမလဲလို့ စဉ်းစားရကျပ်နေတုန်း မိတ်ဆွေတစ်ဦးရဲ့ မင်္ဂလာပွဲ ဖိတ်ကြားစာကို တာဝန်ရှိသူက လက်ခံရရှိခဲ့တယ်။ သူ့တစ်သက် ဒီမင်္ဂလာပွဲကို ကျေးဇူးတင်ရမလို ဖြစ်နေခဲ့တယ်။ မင်္ဂလာဆောင်မှာပဲ ကလေးတွေအတွက် အဖြေကို သူရရှိခဲ့တယ်။

လက်ထပ်ပွဲမှာ ဖာသာက သတို့သားနဲ့ သတို့သမီးကို လက်ထပ်လက်စွပ် လဲစေခဲ့တယ်။ မင်္ဂလာမောင်နှံ နှစ်ဦးလုံး အပျော်လွန်ပြီး စိတ်လှုပ်ရှားနေလို့ပဲလားမသိ အယောင်ယောင် အမှားမှားနဲ့ လက်ထပ်လက်စွပ်ကို ဘယ်ဘက်လက်မှာ စွပ်ရမဲ့အစား ညာဘက်လက်ကို စွပ်လိုက်ကြတယ်။

ဒီအဖြစ်ကို ဖာသာကတွေ့တော့ “ညာလက်က ပြီးပြည့်စုံအောင် လှနေပြီးသားပဲ။ လက်စွပ်ကို ဘယ်ဖက်ပဲ ပြောင်းဝတ်လိုက်ကြပါ” လို့ ဟာသနှောပြီး သတိပေးလိုက်တယ်။

ဖာသာရဲ့ စကားကြောင့် တာဝန်ရှိသူရဲ့အတွေး တစ်ချက်လက်သွားတယ်။ ညာလက်က ညာလက်ဖြစ်နေရခြင်းမှာ အဲဒီလက်ကို ဘာတန်ဆာမှ ဆင်ပေးစရာ မလိုအောင် ပြည့်စုံ လှပနေပြီးသားမို့ ဖြစ်တယ်။ အလားတူ ဘုရားသခင်က သူတော်ကောင်းတွေကို လျှစ်လျှူရှူထားရတာကလဲ သူတို့ဟာ လုံးဝပြီးပြည့်စုံပြီးသား လူတွေဖြစ်နေလို့ပဲဖြစ်တယ်။

အဲဒီနောက် သတင်းစာ တာဝန်ရှိသူက အဖြေကို ဒီလိုထုတ်လိုက်တယ်။

ဘုရားသခင်က ညာလက်ကို ညာဖက်မှာရှိစေခဲ့တာက ညာလက်အတွက် အကောင်းဆုံး ချီးမြှင့်ခြင်းပဲဖြစ်တယ်။ ထို့အတူ သူတော်ကောင်းတွေကို “လူကောင်း”လို့ နာမည်တပ်ခဲ့တာကလဲ သူတော်ကောင်းတွေကို အကောင်းဆုံး ချီးမြှင့်ခြင်းတစ်မျိုးပဲ ဖြစ်တယ်။

တာဝန်ရှိသူက ဒီအဖြေကို ရပြီးနောက် “ဘုရားသခင်က ကိုယ့်ကို လိမ္မာစေခဲ့တာက ကိုယ့်အတွက် အကောင်းဆုံး ချီးမြှင့်ခြင်းပဲ” လို့ အစချီတဲ့စာနဲ့ “မေရီ” ကို စာပြန်ခဲ့တယ်။ ဒီစာကို သတင်းစာပေါ် ပုံနှိပ်ဖော်ပြပြီးမကြာဘူး အမေရိကားနဲ့ ဥရောပနိုင်ငံမှာရှိတဲ့ သတင်းစာတွေက ဒီစာကို ထပ်ဆင့် ဝေမျှကြတဲ့အပြင် နှစ်စဉ်နှစ်တိုင်း ကလေးများနေ့မှာ ထပ်ပြီး ပုံဖော်ပြခဲ့ကြတယ်။

မကြာသေးခင်က တရုတ်လူမျိုးတစ်ဦး ဘယ်နေရာမှာ ဒီစာကို ဖတ်မိခဲ့သလဲ မသိဘူး။ ဖတ်ပြီးနောက် အင်တာနက်ပေါ်ကနေ Chicago Tribune သတင်းစာမှာ ဒီလို စာတစ်ကြောင်းရေးခဲ့တယ်။ “တရုတ်လူမျိုးမှာ ရှေးဆိုရိုးစကား တစ်ခွန်းရှိပါတယ်။ “မကောင်းတဲ့သူက မကောင်းတာကို ခံရမယ်။ ကောင်းသူက ကောင်းတာကို ခံရမယ်။ မခံရဘူးဆိုတာ မရှိဘူး။ ခံဖို့ အချိန်မကျသေးတာ” လို့ ရေးခဲ့တယ်။ မကောင်းတဲ့သူတွေ ဘာကြောင့် သက်ဆိုးရှည် နေရတာလဲဆိုတာကို နားမလည်ခဲ့ဘူး။ ဒီစာကို ဖတ်မိမှ မကောင်းတဲ့ လူတွေကို “လူဆိုး” လို့ ခေါ်ကြတာက ဘုရားသခင်က သူတို့ကိုပေးတဲ့ အပြစ်ပဲဖြစ်တယ်။

အင်တာနက်မှာ ဖတ်မိတဲ့ ဒီစာကို တော်တော်လေး ကြိုက်မိတယ်။ လူတိုင်း လူကောင်းလုပ်ရမယ်ဆိုတာ သိတာပဲ။ ဒါပေမဲ့ လူဆိုးတွေ မကောင်းတာလုပ်ပြီးနောက် ဘာဖြစ်လို့ အပြစ်ပေး မခံရတဲ့အပြင် လူကောင်းအဖြင့် ပြုပြင်ပြီးနောက် ချီးမွမ်းတာကို ခံကြရတာလဲ.. ဘုရားသခင်က မသင့်မြတ်ဘူးလားလို့ အမြဲတွေးမိတယ်။ ဘုရားသခင်မှာလဲ သူ့ဆုံးဖြတ်ချက်နဲ့သူ ရှိပါလိမ့်မယ်။ စိတ်သဘောထား ကောင်းသူကို “လူကောင်း” လို့ ခေါ်တွင်ရခြင်း၊ ယုတ်မာသူကို “လူဆိုး” လို့ ခေါ်တွင်ရခြင်းက ဘုရားသခင်ချီးမြှင့်တဲ့ အကောင်းဆုံးဆုလို့ပဲ ထင်မိပါတယ်။

ဘာသာပြန်သူ နိုင်းနိုင်းစနေ


Read More...

ပျော်ရွှင်ခြင်း ဘယ်ဆီလဲ???


ဂီတပညာရှင် Artur Rubinstein ဟာ သေကြောင်းကြံတာ မအောင်မြင်တော့ သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်မိတယ်။ “အသက်တစ်ချောင်းကို ငါဘာလို့ အဆုံးသတ်ရမှာလဲ?” မွေးကတည်းက လူတွေမှာ ဘာမှပါမလာခဲ့ဘူး။ ငွေကြေး၊ ဥစ္စာ၊ ချစ်သူ ရည်းစား၊ သူငယ်ချင်း.. ဘာဆိုဘာမှ ပါမလာခဲ့ဘူး။ အခုချိန်မှာ ဒါတွေဆုံးရှုံးသွားတော့ ဘာများ နှမြောစရာဖြစ်နေဦးမလဲ?

ပျော်ပျော်နေမယ် မနေဘူးဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မှာပဲ မှုတည်တယ်။ ဆင်းရဲတဲ့အချိန်မှာလည်း ပျော်နိုင်တယ်။ မကျန်းမာတဲ့ အချိန်မှာလည်း ပျော်နိုင်တယ်။ သေရင်တောင်မှ ပျော်ပျော်ကြီး သေနိုင်သေးတယ်။

ဘာဖြစ်လို့ ကိုယ့်စိတ်ကို ပတ်ဝန်းကျင်ကြောင့် သက်ရောက်စေမလဲ..? အဲဒီလို တွေးမိပြီးတဲ့နောက် ကိုယ့်ကိုယ်ပျော်ပျော်နေမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ ငွေကြေးမရှိလို့ ဒါမှမဟုတ် လူရာမ၀င်ချင်နေ ပျော်ရွှင်ခြင်းကို သူထိန်းထားနိုင်ခဲ့တယ်။

ငွေကြေးရှိသူ၊ ထူးချွန်သူ၊ ရာထူးဂုဏ်မြင့်တဲ့လူမှ ပျော်ရွှင်ခြင်းကို လက်ဝယ်ပိုင်ဆိုင်နိုင်တာ မဟုတ်ပါဘူး။ ဆင်းရဲပါစေ၊ တုံးအပါစေ၊ အနှိမ်ခံနေရပါစေ “ပျော်ရွှင်ခြင်းကိုတော့ ပိုင်ဆိုင်နိုင်သေးတယ်” လို့ သူ ယုံကြည်တယ်။ ဘ၀ဆိုတာ ပျော်ရွှင်ခြင်း၊ အသက်ရှင်တာ ပျော်ရွှင်ခြင်း၊ ကံတရားအတိုင်း ဖြစ်ပျက်နေတာလည်း ပျော်ရွှင်ခြင်းပဲ။ ဒါပေမဲ့ အဲဒီပျော်ရွှင်ခြင်းတွေကို အချိန်နဲ့အမျှ ကိုယ်လက်တွေ့ ခံစားနိုင်မလား?

တစ်ချို့လူက ငွေကြေးချမ်းသာတယ်။ ရာထူးရာခံမြင့်တယ်။ မိန်းမတွေ ပတ်လည်ဝိုင်းနေပေမဲ့ မပျော်ရွှင်နိုင်ကြဘူး။ ပျော်ရွှင်ခြင်းကို သူတို့ မခံစားတတ်ကြဘူး။ ခံစားဖို့ မေ့နေတာလည်းဖြစ်မယ်။ တန်ဖိုးမထားတတ်လို့လဲ ဖြစ်မယ်။ ကျေးဇူးမသိတတ်တာလဲ ဖြစ်မယ်။ အရာအားလုံး ပိုင်ဆိုင်နေပေမဲ့ ဘ၀ရဲ့ ပျော်ရွှင်ခြင်းကို သူတို့ မပိုင်ဆိုင်နိုင်ခဲ့ဘူး။

လူတွေ ဘာကို ချုပ်ကိုင်နိုင်စွမ်းရှိသလဲ...? ရှေးခေတ်ဘုရင်တွေမှာ တန်ခိုးအာဏာတွေ ပြည့်စုံတယ်။ ဒါပေမဲ့ သူတို့သေကြရတာပဲ။ အာဏာလုပြီး သေကြတယ်။ နာကျင်၊ ၀မ်းနည်းပြီး သေကြရတယ်။ မပျော်မရွှင်ဘဲ သေကြရတယ်။ ကိုယ်မတတ်နိုင်၊ မထိန်းချုပ်နိုင်၊ မရနိုင်မှန်း သိလျှက်နဲ့ ဘာဖြစ်လို့ စိတ်ဆင်းရဲခံပြီး တောင်းဆိုနေဦးမလဲ? မရနိုင်တာကို တောင်းဆိုမဲ့အစား ကိုယ့်နှလုံးအိမ်ထဲမှာ လိုအပ်နေတဲ့ ပျော်ရွှင်ခြင်းကို ဘာကြောင့် မတောင်းဆိုတာလဲ? အပျော်ဆိုတာ လူတိုင်းမှာ ရှိနိုင်တဲ့အရာတစ်ခုပါ။ အဲဒီအရာက ကိုယ့်နှလုံးအိမ်ရဲ့ အတွင်းထဲမှာ ရှိနေလို့ ကိုယ် သတိမထားမိ၊ မခံစားမိ၊ မတွေ့ကြုံမိတာပါ။ အဲဒီလို မခံစားမိတာကမှ တကယ် နှမြောစရာကောင်းတယ်။

ဆန္ဒရှိရင် ပျော်ရွှင်ခြင်းတွေက ကိုယ်နဲ့လက်တစ်ကမ်းမှာပဲ ရှိနေတယ်။ ကိုယ့်ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ ရှိနေတယ်။ “စိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကိုယ့်ဘ၀ကိုကိုယ် သြဇာလွှမ်းနိုင်တဲ့ အင်အားဆိုတာရှိတယ်” ဘ၀က အမြဲတမ်း တပြေးညီတော့ မဖြစ်နိုင်ဘူး။ အတက်ရှိသလို၊ အကျရှိမယ်။ လှိုင်းထတဲ့အချိန်ရှိသလို၊ လှိုင်းငြိမ်တဲ့အခါလည်း ရှိမယ်။ ဘ၀ အပြောင်းအလဲကြောင့် ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်းသွားနိုင်မလား..? အဲဒီလို ကံတရားရဲ့ အလှည့်အပြောင်းကို ခံစားတွေ့ကြုံနိုင်ဖို့ ကိုယ့်စိတ်ကို ပျော်ရွှင်အောင် ဘယ်လောက် ထားနိုင်သလဲဆိုတဲ့ အပေါ်မှာပဲ မှုတည်ပါတယ်။

original from: http://www.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Read More...

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ

တူညီတဲ့ မတူညီခြင်း

အုတ်နံရံစီနေတဲ့ ပန်းရံသမားသုံးယောက်ကို လူတစ်ယောက်က “ဘာလုပ်နေသလဲ” လို့ မေးလိုက်တယ်။ အမေးခံရတဲ့ ပထမ ပန်းရံသမားက “ခင်ဗျား မမြင်ဘူးလား. ကျုပ် အုတ်စီနေတာဗျာ” လို့ ဒေါနဲ့ ပြန်ဖြေလိုက်တယ်။

ဒုတိယ ပန်းရံသမားက “လှပတဲ့ တိုက်တစ်လုံးကို ကျွန်တော်ဆောက်နေပါတယ်” လို့ ပြန်ဖြေတယ်။ လေချွန်ပြီး အလုပ်လုပ်နေတဲ့ တတိယ ပန်းရံသမားက “လှပတဲ့ မြို့တစ်မြို့ကို ကျွန်တော်တည်နေပါတယ်” လို့ ပြန်ဖြေတယ်။

တူညီတဲ့ အလုပ်တစ်ခု၊ ပင်ပန်းတာချင်း အတူတူ တစ်ချို့က ပျော်ရွှင်တဲ့စိတ်နဲ့ ရင်ဆိုင်ကြတယ်။ အရာရာကို အကောင်းမြင်တတ်သူ၊ ပျော်ရွှင်စိတ်ရှိသူက သူတစ်ပါးထက် အမြဲစိတ်ချမ်းသာနေမှာ ဧကန်မလွဲပါ။

ပုလဲနှင့် သဲ

ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀မြင့်နေတဲ့ လူငယ်တစ်ဦးဟာ ဘွဲ့ရပြီးနောက် စိတ်ကြိုက်အလုပ်မရဘဲ ဖြစ်နေတယ်။ ငါ့လိုလူတော်တစ်ယောက် အသုံးတည့်တဲ့နေရာ မရှိတော့ဘူးလားလို့ တွေးပြီး လောကကို မျှော်လင့်ချက်မဲ့လာတယ်။ အလုပ်လျှောက်တိုင်း အပယ်ခံရတော့ ငါ့လို တော်ဝင်မြင်းတစ်ကောင်ကို စီးမဲ့လူ မရှိပါလားလို့ တွေးမိပြန်တယ်။ စိတ်အပျက်ကြီးပျက်ပြီး တစ်နေ့မှာ လူငယ်ဟာ ကိုယ့်ကိုယ်အဆုံးစီရင်ဖို့ ပင်လယ်ဘေးကို ရောက်လာခဲ့တယ်။

ပင်လယ်ထဲ ခုန်ချဖို့ ပြင်နေတုန်း အဘိုးအိုတစ်ဦး ရောက်လာပြီး သူ့ကိုကယ်တင်လိုက်တယ်။ ဘာဖြစ်လို့ ကိုယ့်ကိုယ်အဆုံးစီရင် ချင်ရသလဲလို့ အဘိုးအိုက မေးတော့ လူငယ်က သူနဲ့ သူ့ပညာကို လူတွေ၊ လူ့အဖွဲ့အစည်းတွေက အသိအမှတ် မပြုကြောင်းပြောတယ်။

လူငယ်စကားကို နားထောင်ပြီး အဘိုးအိုက ကမ်းခြေက သဲတစ်ပွင့်ကို ကောက်ယူပြီး လူငယ်ကိုပြတယ်။ နောက် သဲပွင့်ကို ပစ်ချလိုက်ပြီး လူငယ်ကို “ကျုပ်ပစ်ချလိုက်တဲ့ သဲပွင့်ကို ပြန်ကောက်ပေးလို့ ရမလား” လို့ မေးလိုက်တယ်။ လူငယ်က သဲကိုပြန်ကောက်ဖို့ မဖြစ်နိုင်ကြောင်းပြောတော့ အဘိုးအိုက ဘာမှပြန်မပြောဘဲ အိတ်ထဲက ပုလဲတစ်လုံးကို ယူပြီး လူငယ်ကို ပြလိုက်ပြန်တယ်။ နောက် ပုလဲကို ကမ်းစပ်ပေါ် ပစ်ချလိုက်ပြီး လူငယ်ကို ကောက်ခိုင်းပြန်တယ်။ သဲပေါ်ကျနေတဲ့ ပုလဲကို လူငယ်က ကောက်ယူလိုက်တယ်။

“ဘာကြောင့်ဆိုတာ သဘောပေါက်လောက်ပြီထင်တယ် သူငယ်။ သိထားဖို့က အခုအချိန်မှာ မင်းဟာ ပုလဲတစ်လုံး မဟုတ်သေးဘူး။ ဒါကြောင့် လူတွေအသိအမှတ်ပြုတာကို ရနိုင်သေးမှာမဟုတ်ဘူး။ လူတွေရဲ့အသိအမှတ်ပြုတာကို ခံချင်ရင် ကိုယ့်ကိုယ်ကို ပုလဲတစ်လုံးဖြစ်အောင် အရင်လုပ်ရလိမ့်မယ်” အဘိုးအိုရဲ့ဆုံးမစကားကို လူငယ်က ခေါင်းငုံ့နှုတ်ဆိတ်ပြီး နားထောင်နေတယ်။

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို တန်ဖိုးမြင့်မားတဲ့ ပုလဲတစ်လုံးအဖြစ် မမှတ်ယူဘဲ အဖိုးမရှိတဲ့ သဲတစ်ပွင့်အဖြစ် ခံယူတတ်ရမယ်။ လူတွေရဲ့ လျှစ်လျှူရှူတာကို မခံချင်ရင်၊ အတားအဆီး၊ ဆန့်ကျင်တာကို မခံနိုင်ရင် ပုလဲတစ်လုံးဖြစ်အောင် အရင်ကြိုးစားသင့်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Read More...

The Praying Hands




The Praying Hands (Albrecht Dürer)




ဂျာမဏီ ပန်းချီပညာရှင် Albrecht Dürer (၁၄၇၁-၁၅၂၈) ရဲ့ The Praying Hands ဆိုတဲ့ ပန်းချီကားရဲ့နောက်ကွယ်မှာ မေတ္တာ အနစ်နာ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့တယ်။

၁၅ရာစုက ဂျာမဏီနိုင်ငံ တောရွာတစ်ရွာမှာ ကလေး ၁၈ယောက်ရှိတဲ့ မိသားတစ်စုရှိခဲ့တယ်။ ဖခင်ဖြစ်သူက ပန်းတိမ်လုပ်သားတစ်ဦးဖြစ်ပြီး မိသားစုကြီးအတွက် တစ်နေ့ကို ၁၈နာရီ အလုပ်လုပ်ရတယ်။ ဘ၀ဟာ ခက်ထန်ကြမ်းတမ်းပေမဲ့ ကလေးတွေထဲက သားနှစ်ဦးမှာ တူညီတဲ့အိပ်မက်တွေ ရှိခဲ့ကြတယ်။ သူတို့ဟာ Albert နဲ့ Albrecht Durer ဖြစ်ပြီး နှစ်ဦးစလုံးမှာ အနုပညာနဲ့ ကြီးပွားလိုစိတ်ရှိကြတယ်။ ဒါပေမဲ့ ဖခင်ဝင်ငွေနဲ့ သူတို့ကို အနုပညာကျောင်းမှာ မထားပေးနိုင်မှန်း သူတို့နားလည်ခဲ့တယ်။

ညမှာ ညီအစ်ကိုနှစ်ဦး ကျဉ်းကျပ်နေတဲ့ ကုတင်ပေါ်မှာ ဆွေးနွေးကြတယ်။ နောက်ဆုံး ခေါင်းပန်းလှည့်ပြီး နိုင်သူက ကျောင်းတက်၊ ရှုံးသူက သတ္တုတွင်းမှာ အလုပ်ဆက်လုပ်ဖို့နဲ့ ၄နှစ်လွန်ပြီးနောက် သတ္တုတွင်းမှာ အလုပ်လုပ်နေသူက ကျောင်းပြန်တက်ပြီး ကျောင်းလခကို ကျောင်းပြီးသူက ထောက်ပံ့ဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်ကြတယ်။ ခေါင်းပန်းလှန်တော့ ညီဖြစ်သူ Albrecht Durer က နိုင်ခဲ့တယ်။

ကျောင်းတက်နေစဉ်မှာ Albrecht အစွမ်းကုန် ကြိုးစားခဲ့တယ်။ သူ့လက်ရာက ဆရာထက်တောင် သာလွန်နေတယ်။ ကျောင်းပြီးဘွဲ့ရတော့ သူ့ဂတိကို အကောင်အထည်ဖော်ဖို့ ရွာကို ချက်ချင်းပြန်ခဲ့တယ်။ ၄နှစ်လုံးလုံး သူ့ကို ကျောင်းလခထောက်ပံ့ပေးခဲ့တဲ့ အစ်ကို Albert ကို သွားရောက်ရှာဖွေခဲ့တယ်။

ရွာကို သူပြန်ရောက်တဲ့နေ့မှာ အိမ်သားတွေက ညစာစားပွဲကျင်းပပြီး ကြိုဆိုခဲ့တယ်။ စားပွဲမှာ သူက အစ်ကိုAlbertရဲ့ ထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်းနဲ့ “အစ်ကို ... အခုတစ်ခါ အစ်ကိုအလှည့်ရောက်ပါပြီ။ အစ်ကို့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကျွန်တော်ကတစ်ဖန် ပြန်ကူညီထောက်ပံ့ပါ့မယ်” လို့ ပြောလိုက်တယ်။

ဆွေမျိုးမိတ်ဆွေတို့ရဲ့ မျှော်လင့်ချက် အကြည့်တွေက အစ်ကိုAlbert ဆီရောက်သွားခဲ့တယ်။ ပါးနှစ်ဖက်မှာ မျက်ရည်သွင်သွင်စီးပြီး ခေါင်းငုံ့နေတဲ့ Albert က ခေါင်းကိုခါရမ်းပြီး “မဟုတ်ဘူး .. မဟုတ်ဘူး” လို့ ငြင်းဆန်တယ်။

ပြီးတော့ သူထရပ်လိုက်တယ်။ ညီငယ် Albrecht Durer ကို ကြည့်ပြီး လက်ကိုဆုပ်ကိုင်ရင်း “အစ်ကို့ရဲ့လက်ကို ကြည့်ပါဦးကွာ။ သတ္တုတွင်းမှာ အလုပ်လုပ်ခဲ့တဲ့ ၄နှစ်အတွင်းမှာ အစ်ကိုလက်တွေ ကိုင်လှုပ်လို့ မရအောင် ပျက်ဆီးခဲ့တယ်။ ဖန်ခွက်မြှောက်ပြီး ညီငယ်ကို ကောင်းချီးပေးဖို့တောင် မစွမ်းနိုင်ခဲ့ဘူး။ စုတ်တံကိုင်ဖို့ ခဲတံကိုင်ဖို့ကို မပြောပါနဲ့တော့။ အရမ်းနောက်ကျခဲ့ပြီ ညီငယ်။ ဒါပေမဲ့ အိပ်မက်ကို မင်းအကောင်အထည် ဖော်နိုင်ခဲ့တာကို အစ်ကိုဝမ်းသာလို့ မဆုံးဘူးကွာ” လို့ ပြောလိုက်တယ်။

တစ်နေ့မှာ အစ်ကို Albert တစ်ယောက် မြေပြင်ပေါ် ဒူးထောက် လက်အုပ်ချီပြီး ဆုတောင်းနေတာကို Albrecht Durer က တွေ့လိုက်တယ်။ “ဘုရားသခင်.. ကျွန်တော်မျိုးရဲ့ ဒီလက်တစ်စုံဟာ ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ ကျွန်တော့်မှာရှိတဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းတွေကို ကျွန်တော့်ညီငယ် Albrecht Durer ကို ဆတိုး ပေးဆပ်ခွင့်ပြုပါဘုရား”

အစ်ကို့ကျေးဇူးကို နဂိုကတည်းက အမှတ်ရနေတဲ့ Albrecht Durer ဟာ ၀ပ်ပြုဆုတောင်းနေတဲ့ အစ်ကို့ကို မြင်တော့ ဆုတောင်းနေတဲ့ အစ်ကိုရဲ့လက်ကို ဆွဲဖို့ ဆုံးဖြတ်လိုက်တယ်။

လွန်ခဲ့သော နှစ်ပေါင်း ၄၅၀ နှစ်မှ ယနေ့အထိ Albrecht Durer ဆွဲခဲ့တဲ့ ပုံကြမ်း၊ ရေဆေး၊ ခဲပန်းချီ၊ သစ်ထွင်းပန်းချီ၊ ကြေးသွန်း စတဲ့ အနုပညာလက်ရာများကို ကမ္ဘာ့အနှံ့ ပြတိုက်တွေမှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့ပန်းချီကားတွေထဲမှာ လူတွေနဲ့ အရင်းနှီးဆုံး၊ အသိများဆုံးကတော့ “The Praying Hands ” ပဲ ဖြစ်တယ်။

The Praying Handsး အင်္ဂလိပ်ဗားရှင်း
The Praying Handsး တရုတ်ဗားရှင်း

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Read More...