Sunday, August 3, 2008

ကုန်သည်ကြီးနှင့် ဇနီးလေးဦး


တစ်ခါက အလွန်ဌေးသော ကုန်သည်ကြီးတစ်ဦးတွင် ဇနီးလေးဦးရှိသည်။
ကုန်သည်ကြီးသည် နံပါတ်(၄)ယောက်မြောက် ဇနီးကို အလွန်ချင်ခင် မြတ်နိုးပြီး သွားလေရာတွင် လိုက်ပါစေခဲ့သည်။ ထိုဇနီး၏ နေ့စဉ် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ နေဖို့ ၊ စားဖို့ အရေးများကို ကုန်သည်ကြီးကိုယ်တိုင် လုပ်ဆောင်ပေးရသည်။ သူမ စားချင်သော၊ ၀တ်ချင်သော အရာများကို ကုန်သည်ကြီးက ၀ယ်ပေးပြီး အလိုလိုက် ချစ်မြတ်နိုးခဲ့သည်။

နံပါတ်(၃)ဇနီးမှာ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်ခဲ့ဖူးသည်။ ကုန်သည်ကြီးက သူမ၏ အချစ်ကို လူအများနှင့် ခက်ခက်ခဲခဲ ပြိုင်ဆိုင်ပြီးမှ သူမကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမအား ကုန်သည်ကြီးက အမြဲဂရုစိုက်ရသည်။ သူမအတွက် ချစ်ခင်နှစ်လိုဖွယ် ကောင်းသော စကားများကို အမြဲပြောရသည်။ သူမအတွက် လှပသော အိမ်ဆောက်ပေးရသည်။

ဒုတိယဇနီးမှာ ကုန်သည်နှင့် အပြောအဆို အတည့်ဆုံးဖြစ်သည်။ ကုန်သည်ကြီး စိတ်ညစ် စိတ်ပျက်ချိန်များ၊ အခက်အခဲ ကြုံချိန်များတွင် သူမအား အမြဲရင်ဖွင့်ခဲ့သည်။ သူမသည် ကုန်သည်ကြီးအား နှစ်သိမ့်ပေးခြင်းဖြင့် အပူအပင်များကို မျှဝေခဲ့သည်။ သူမနှင့် အတူနေချိန်သည် ကုန်သည်ကြီးအတွက် အရာရာ ပြီးပြည့်စုံနေခဲ့သည်။

ကုန်သည်ကြီးသည် ထိုဇနီးသုံးဦးကို အလွန်ချစ်သော်လည်း ပထမ မယားကိုမှု လျှစ်လျူရှူထားမိသည်။ သူမနှင့်လည်း အတွေ့နည်းခဲ့သည်။ သို့သော် အိမ်ရှိ ဝေယျဝစ္စအားလုံးမှာ သူမသာ လုပ်ကိုင်ရသည်။ တာဝန်ဝတ္တရား အားလုံး၏ ပင်ပန်းဒဏ်ကို ခံရသော်လည်း သူမသည် ကုန်သည်ကြီး၏ ဂရုစိုက်မှုနှင့် အယုအယကို မခံခဲ့ရပေ။

တစ်နေ့တွင် ကုန်သည်ကြီးသည် နေရပ်ဒေသကို စွန့်ပြီး အဝေးဆုံးသို့ ခရီးသွားရမည်ဖြစ်သည်။ သွားခါနီးတွင် ကုန်သည်ကြီးက နံပါတ်(၄) ဇနီးအား “ ငါမသွားမနေ သွားရတော့မယ်။ ငါနဲ့ အတူလိုက်ခဲ့ပါလား” ဟု တောင်းဆိုသည်။ ဇနီးသည်က “ ကျွန်မ မလိုက်ချင်ဘူး” ဟု ငြင်း၏။ ထိုအဖြေကို ကြားသော် ကုန်သည်ကြီးမှာ ထူးဆန်းအံ့သြသွားပြီး နားမလည်ဟန်ဖြင့် “နင့်ကို ငါအဲဒီလောက်ချစ်ခဲ့ အလိုလိုက်ခဲ့တယ်။ နင်လိုချင်သမျှ၊ လုပ်ချင်သမျှ ငါအကုန်လုပ်ပေးခဲ့တယ်။ ငါတို့ဘယ်တော့မှ မခွဲဘဲ တစ်တွဲတွဲနေလာခဲ့တယ်။ အခုတော့ ဘာဖြစ်လို့ ငါ့နောက်မလိုက်နိုင်ရတာလဲ” ဟု မေးပြန်သည်။

“ရှင်ဘာပြောပြော ကျွန်မလုံးဝ မလိုက်နိုင်ဘူး” ဟု အပြတ်ငြင်းလိုက်သည်။

ကုန်သည်ကြီးက သူမအား ဆက်မမေးတော့ဘဲ နံပါတ်(၃) ဇနီးကိုခေါ်၍ မေးပြန်သည်။ နံပါတ်(၃) ဇနီးက “ရှင်အရမ်းချစ်တဲ့ နံပါတ်(၄)တစ်ယောက်တောင် ရှင်နဲ့ မလိုက်နိုင်ဘူး။ ကျွန်မက ဘာလို့ လိုက်ရမလဲ” ဟု ငြင်းပြန်သည်။ ထိုအခါ ကုန်သည်ကြီးက ဒုတိယဇနီးကို ခေါ်၍ မေးပြန်သည်။ ဒုတိယဇနီးက “အင်း... ရှင်သွားတော့ ကျွန်မလည်း စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ရှင့်ကို မြို့ပြင်အထိပဲ ကျွန်မ လိုက်ပို့ပေးနိုင်မယ်။ ပြီးတော့ ရှင်ဘာသာရှင် ဆက်သွားပေါ့” ဟု ပြောသည်။

ဒုတိယဇနီးလည်း မလိုက်နိုင်သောအခါ ကုန်သည်ကြီးက ပထမဇနီးကို သတိရလာမိသည်။ ထို့ကြောင့် သူမအားခေါ်၍ မေးပြန်သည်။ “ရှင်ဘယ်သွားသွား၊ ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ ရှင့်နောက် ကျွန်မ မခွဲမခွာလိုက်ခဲ့မယ်။ ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် ကျွန်မ တဖ၀ါးမှ မခွာပါဘူး” ဟု ပြောသည်။ ထိုအချိန်ကျမှ သူနှင့်မခွဲ အမြဲထာဝစဉ်နေသောသူမှာ ပထမဇနီးဖြစ်ကြောင်း သိလိုက်ရသည်။

ကုန်သည်ကြီးသွားမည့် နေရာကား မရဏတိုင်းပြည်ဖြစ်သည်။

နံပါတ်(၄) ဇနီးမှာ ကုန်သည်ကြီး၏ ခန္ဓာကိုယ်ဖြစ်သည်။ လူများက မိမိ၏ ခန္ဓာကိုယ်အား တန်ဖိုးထားကြသည်။ ခန္ဓာကိုယ်အား အဖိုးတန် အ၀တ်တန်ဆာများဖြင့် ဆင်မြန်းကြပြီး ခန္ဓာကိုယ်၏ တောင့်တသမျှ အရာကို ပေးကြသည်။ ဤတန်ဖိုးထား မြတ်နိုးသော ခန္ဓာကိုယ်မှာ နံပါတ်(၄) ဇနီးကဲ့သို့ပင် လူသေဆုံးသော် ခန္ဓာက မပါနိုင်ခဲ့ပေ။

နံပါတ်(၃) ဇနီးမှာ ဥစ္စာဓနဖြစ်သည်။ ပင်ပင်ပန်းပန်း ရှာဖွေထားသော အဖိုးတန်ပစ္စည်းများ၊ စုဆောင်းထားသော ပစ္စည်းများသည် သေသော် စိုးစိမျှ ပါမသွားနိုင်ခဲ့ပေ။ ပါသွားနိုင်သော အရာမှာ ထိုပစ္စည်းများကို ပင်ပင်ပန်းပန်း ရှာဖွေခဲ့စဉ်က အတ္တများသာဖြစ်သည်။

ဒုတိယ ဇနီးမှာ မိတ်ဆွေ သူငယ်ချင်းများဖြစ်သည်။ အသက်ရှင်နေသော လူ့ဘ၀တွင် တစ်ဦးနှင့် တစ်ဦးရိုင်းပင်း ကူညီမှု ရှိသင့်သည်။ တစ်ဦးအပေါ် တစ်ဦး မေတ္တာထားသင့်သည်။ လူသေသော် မိတ်ဆွေ သူငယ်ချင်းများက ခေတ္တခဏသာ စိတ်မကောင်းဖြစ်ကြသည်။ “သေသောသူ ကြာရင်မေ့” ဆိုသော စကားအတိုင်း ကြာသော် မေ့ပျောက်ကုန်ကြသည်။

ပထမဇနီးမှာ ကျွန်တော်တို့၏ ၀ိညာဉ်ပင်ဖြစ်သည်။ ၀ိညာဉ်သည် အမြဲမခွာ သေသော်လည်းအပါးတွင် ရှိနေသည်။ ကျွန်တော်တို့နှင့် အလွန်ရင်းနှီးသော်လည်း သူအား လျှစ်လျူရှူထားမိသည်။ ကျွန်တော်တို့၏ အာရုံကား ဓနဥစ္စာနှင့် ထိတွေ့နိုင်သော ဒြပ်ဝတ္ထုပေါ်တွင်သာ ရောက်နေခဲ့သည်။ မမြင်ရသော ၀ိညာဉ်သာလျှင် ကျွန်တော်တို့နှင့် အမြဲ အတူရှိနေခဲ့သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: