Sunday, August 3, 2008

အပြင်သဏ္ဍာန်နဲ့ အကဲမဖြတ်လေနဲ့


လွန်ခဲ့သော နှစ်ပေါင်း အနည်းငယ်ခန့်က သာမန်အ၀တ်အစား ၀တ်ဆင်ထားသော ဇနီးမောင်နှံနှစ်ဦးသည် အချိန်းအဆက် လုပ်ထားခြင်းမရှိဘဲ ဟာ့ဗသ်တက္ကသိုလ် (Harvard University) ၏ ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ကျောင်းအုပ်ကြီး၏ အတွင်းရေးမှူးက မွဲပြာသော ချည်ထည်များကို ၀တ်ဆင်ထားသော ဤတောသားနှစ်ဦးမှာ တက္ကသိုလ်အတွက် အကျိုးရှိမည့်အလုပ် လာရောက် ဆွေးနွေးခြင်း မဖြစ်နိုင်ဟု ခန့်မှန်းမိသည်။ လင်ယောက်ျားဖြစ်သူက ရိုကျိုးစွာဖြင့် “ ကျွန်တော်တို့ ကျောင်းအုပ်ကြီးနဲ့ တွေ့ချင်လို့ပါ” မေးသော် အတွင်းရေးမှူးက စိတ်မရှည်ဟန်ဖြင့် “ ကျောင်းအုပ်ကြီး တစ်နေကုန် အလုပ်များနေတယ်” ဇနီးသည်က “ ကိစ္စမရှိပါဘူး။ ကျွန်မတို့ စောင့်ပါ့မယ်” ဟုပြောကာ စောင့်နေတော့သည်။

သို့နှင့် အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း အတွင်းရေးမှူးက သူတို့အား ဂရုမစိုက်ခဲ့ပေ။ မစောင့်နိုင်ဘဲ ပြန်သွားရန်သာ မျှော်လင့်နေခဲ့သည်။ သို့သော် ဇနီးမောင်နှံနှစ်ဦးမှာ ထိုင်ရာမှ မထ စောင့်မြဲ စောင့်နေခဲ့သည်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးအား အကြောင်းကြားလိုက်သည်။ ကျောင်းအုပ်ကြီးမှာ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် သူတို့နှစ်ဦးအား စိတ်မပါ တပါ လက်ခံ စကားပြောဆိုခဲ့သည်။

ဇနီးသည်က “ ကျွန်မရဲ့သားက ဒီတက္ကသိုလ်မှာ ၁နှစ် ကျောင်းနေခဲ့ဖူးတယ်။ ဒီကျောင်းကို သား အရမ်း ကြိုက်ခဲ့တယ်။ ဒီကျောင်းမှာ တက်ရတာ သူပျော်ခဲ့တယ်။ ဒါပေမယ့် မနှစ်က ကံမကောင်းစွာနဲ့ သားလေး မတော်တဆ သေဆုံးသွားခဲ့ရတယ်။ သားလေး သေဆုံးပြီးနောက် ခင်ပွန်းနဲ့ တိုင်ပင်ပြီး ဒီကျောင်းဝင်းထဲမှာ သားအတွက် အမှတ်တရ မှတ်တိုင်တစ်ခု ဆောက်ပေးချင်ခဲ့တယ်”

ကျောင်းအုပ်မှာ ထိုစကားကို ကြားသော် မည်သို့မှ မခံစားရသည့်အပြင် ရီမောချင်ခဲ့သည်။ ထို့နောက် လေသံပြတ်ဖြင့် “ မဒမ်... ဒီကျောင်းမှာ တက်ခဲ့လို့ သေဆုံးသွားတဲ့ လူတွေအတွက် အမှတ်တရ မှတ်တိုင်ကို ကျွန်တော်တို့ ဆောက်မပေးနိုင်ဘူး။ ကျွန်တော်တို့သာ ဆောက်ပေးခဲ့ရင် ကျောင်းဝင်းကြီးက သုသာန်နဲ့ တူသွားမှာပေါ့”

“မဟုတ်ဘူး..မဟုတ်ဘူး။ ကျွန်မတို့က ရုပ်တုတစ်ခု စိုက်ထူမှာ မဟုတ်ဘူး။ ကျောင်းဆောင်တစ်ခု ဆောက်လုပ်လှူဒါန်းမှာပါ” ဇနီးက ပျာပျာသလဲ ရှင်းပြသည်။
မွဲခြောက်နေသော ချည်ထည်အင်္ကျီနှင့် ဖျင်ကြမ်းဝတ်စုံ ၀တ်ထားသော လင်မယားအား ကျောင်းအုပ်ကြီးက စူးစိုက် ကြည့်လိုက်ပြီး သက်ပြင်းရှည် တစ်ချက်ချကာ “ ကျောင်းတစ်ဆောင်ဆောက်ဖို့ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ခင်ဗျားတို့ သိသလား။ ကျောင်းတစ်ဆောင်ဟာ သိန်း၇၅၀ ကျော် ကုန်တယ်” အမျိုးသမီးမှ ခေတ္တ နှုတ်ဆိတ်သွားခဲ့သည်။ ကျောင်းအုပ်ကြီးက သူတို့ လက်လျော့သွားမည် အထင်နှင့် ကျိတ်ပျော်နေလေသည်။

ဇနီးက ခင်ပွန်းဖက်လှည့်ပြီး “ သိန်း၇၅၀ ကျော်နဲ့ ကျောင်းတစ်ဆောင် ဆောက်လို့ရမယ်ဆိုရင် ငါတို့က ဘာဖြစ်လို့ ဒီထက်ကြီးတဲ့ကျောင်းကို ဆောက်ပြီး သားအတွက် အမှတ်တရ ချန်မထားနိုင်ရမလဲ” ထိုစကားကြောင့် ကျောင်းအုပ်ကြီးမှာ တွေဝေသွားခဲ့သည်။

သို့နှင့် Stanford ဇနီးမောင်နှံ ဟာ့ဗသ်တက္ကသိုလ်မှ ထွက်ခွါလာခဲ့ကြသည်။ သူတို့ဇနီးမောင်နှံမှာ ကယ်ရီဖိုးနီးယားပြည်သို့ ရောက်သောအခါ ကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီး ထိုကျောင်းအား Stanford University ဟု အမည်တွင်က သားအတွက် အမှတ်တရ မှတ်တိုင် စိုက်ထူခဲ့ကြသည်။

ဟာ့ဗသ်ကျောင်းအုပ်က သာမန်မျှသာ ၀တ်ဆင်ထားသော သူတို့၏ အပြင်ပန်းသဏ္ဍာန်ကို အကဲခတ်ပြီး သူတို့၏ အတွင်းစိတ် စေတနာကို တန်ဖိုးဖြတ်ခဲ့သည်။ “တောင်းမှာအကွပ် လူမှာအ၀တ်” ဟု ဆိုသော်ငြားလည်း အချို့ လှပသော ပြင်ပ အပြင်အဆင်များသည် ကြောက်မက်ဖွယ်ကောင်းသော ထောင်ချောက် တစ်ခုသာဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: