မနေ့က ဟိုဒီလျောက်သွားရင်း စာအုပ်ခင်းရောင်းနေတဲ့ ဆိုင်တစ်ဆိုင်ကို သွားတွေ့မိတယ်။ အင်္ဂလိပ်စာအုပ်နဲ့ တရုတ်စာအုပ်တွေ တွဲရောင်းနေပေမယ့် ကျွန်မရဲ့ ခြေထောက်၊ မျက်စိနဲ့ လက်က ထုံးစံအတိုင်း ဖတ်ရ ပိုကျွမ်းပြီး ပိုအားရတဲ့ တရုတ်စာအုပ်ပုံထဲ ရောက်သွားခဲ့တယ်။ ဟိုတစ်အုပ် ဒီတစ်အုပ် လျောက်လှန်ကြည့်ရင်း ပုံပြင်(၃၀၀) ပါတဲ့ ဒီစာအုပ်ကို တွေ့လိုက်တယ်။ အဖုံးကပဲ ကျွန်မကို တော်တော်လေး ဆွဲဆောင်ခဲ့ပါတယ်။ “လူ့ဘ၀ကို နားလည်စေသော အပုဒ်(၃၀၀)ပါ အသိပညာများတဲ့”။ အထဲကို ဖတ်ကြည့်တော့ ကျွန်မ အမြဲဘာသာပြန်တဲ့ “ဘ၀ အပိုင်းအစလေးများ” ထဲက ပုံစံအတိုင်းပါပဲ။ လူ့ဘ၀မှာ ဖြစ်တတ်ပျက်တတ်တဲ့ သဘော သဘာဝတွေကို ပုံပြင်တိုလေးတွေနဲ့ နှိုင်းပြထားပါတယ်။
တရုတ်စာကို အတိုကောက် (တရုတ်စာမှာ အတို၊ အရှည်ရေးနည်း ၂ မျိုးရှိပါတယ်) နဲ့ ရေးထားလို့ ဖတ်ရတာ နည်းနည်း အားစိုက်ရတာကလွဲလို့ ၃. ၄ ရွက်လောက် လှန်ကြည့်အပြီးမှာ တစ်ခြားစာအုပ်တွေကို ကြည့်ချင်စိတ် မရှိလောက်အောင် ဒီစာအုပ်က ကျွန်မကို ဆွဲဆောင်နေတာနဲ့ ၀ယ်ခဲ့လိုက်တယ်။ ကျွန်မလို ပုံပြင်ကြိုက်သူများ၊ ကျွန်မနဲ့ ၀ါသနာတူများအတွက် အပုဒ်(၃၀၀)ထဲက ကျွန်မကြိုက်တဲ့ အကောင်းဆုံး စာတွေကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ တန်ဖိုးမကြီးတဲ့ ဒီစာအုပ်ထဲကနေ အဖိုးတန်တဲ့ တစ်စုံတစ်ရာတွေ ကျန်ခဲ့မယ်ဆိုရင် ၀မ်းသာပါတယ်။ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
++++++++++++++++++++++++++++
ရေဘယ်နှစ်ပုံးလဲ
တစ်ခါက ဘုရင်တစ်ပါးဟာ မှူးမတ်အပေါင်း ခြံရံပြီး ဥယျာဉ်တော်ထဲ လှည့်လည်ခဲ့တယ်။ ဥယျာဉ်ထဲမှ ရေကန်တစ်ကန်ကို တွေ့တော့ ဘုရင်က သိလိုစိတ်နဲ့ မှူးမတ်တွေကို “ ဒီရေကန်မှာ ရေဘယ်နှစ်ပုံးရှိနိုင်မလဲ” လို့ မေးလိုက်တယ်။ မမျှော်လင့်တဲ့ အမေးမို့ မှူးမတ်တွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ချက်ချင်း မဖြေနိုင်ခဲ့ကြဘူး။ ဘုရင်က ဆက်ပြီး “ သုံးရက် အချိန်ပေးမယ်။ သုံးရက်ပြည့်လို့ အဖြေမရရင် အားလုံးကို ပြစ်ဒဏ်ခတ်မယ်” လို့ ကြေညာလိုက်တယ်။
အဲဒီနေ့က စပြီး မှူးမတ်တွေဟာ ကန်ထဲက ရေတွေကို ခပ်ပြီး စတင် တွက်ချက်ပါတော့တယ်။ ဘယ်လိုခပ်ခပ် ဘယ်လိုတွက်တွက် တိကျတဲ့အဖြေ မရခဲ့ပါဘူး။ သုံးရက်ဆိုတဲ့ အချိန်က ရောက်လာတော့မှာမို့ မှူးမတ်တွေက စိုးရိမ်နေကြတယ်။ အဲဒီအချိန်မှာပဲ လုလင်ငယ်တစ်ဦး ရောက်လာပြီး ကန်ထဲမှာ ရေဘယ်နှစ်ပုံးရှိကြောင်းကို သူသိတယ်လို့ လျောက်တင်တယ်။ ဘုရင်က ပညာရှိမှူးမတ်တွေကို ခေါ်ပြီး ရေကို လုလင်ငယ် ဘယ်လို ချိန်တယ်ဆိုတာကို သွားရောက် ကြည့်ရှုဖို့ အမိန့်ပေးလိုက်တယ်။ အဲဒီအမိန့်ကို ကြားတော့ လုလင်ငယ်က ပြုံးပြီး .....
“ ဒီမေးခွန်းက လွယ်လွန်းလို့ ရေကန်အထိ သွားစရာမလိုပါဘူး ဘုရား”
“ မောင်မင်းရဲ့ အဖြေကို လျောက်တင်စမ်း ”
“ ကန်ထဲက ရေကို ချိန်ဖို့အတွက် ခပ်တဲ့ ရေပုံးပေါ်မှာပဲ မှုတည်ပါတယ်။ တစ်ကယ်လို့ ရေပုံးက ကန်လောက် ကြီးတယ်ဆိုရင် ကန်ထဲရေက တစ်ပုံးစာပဲ ရှိပါတယ်။ တစ်ကယ်လို့ ရေပုံးက ကန်ရဲ့ ထက်ဝက်ပဲရှိတယ်ဆိုရင် ကန်ရေက နှစ်ပုံးစာပဲရှိပါတယ်။ တစ်ကယ်လို့ ရေပုံးက ကန်ရဲ့ ၃ပုံ၁ပုံလောက် ကြီးတယ်ဆိုရင် ကန်ရေက သုံးပုံးစာပဲရှိပါတယ်။ တစ်ကယ်လို့.... ”
“ တော်ပါပြီ မောင်မင်း၊ မောင်မင်းရဲ့ အဖြေမှန်ပါတယ်” ဘုရင်က လက်ကာပြပြီး ၀မ်းသာအားရ ပြောပါတယ်။ လုလင်ငယ်ကိုလဲ ဆုလာဒ်များစွာ ချီးမြှင့်လိုက်တယ်။
မှူးမတ်တွေက ဘုရင်ရဲ့ အမေးကို ဘာလို့ မဖြေနိုင်ခဲ့ကြတာလဲ...? တစ်ကယ်တော့ သူတို့ဟာ တွေးတောခြင်းဆိုတဲ့ ထောင်ချောက်ထဲ နစ်ဝင်ခဲ့ကြတယ်။ လုလင်ငယ် ဖြေနိုင်ခဲ့တဲ့ အကြောင်းရင်းက ရေကန်ရဲ့ အကြီးအငယ်ကို ပုံးရဲ့ ရှုထောင့်ကနေကြည့်ပြီး ဖြေရှင်းခဲ့လို့ပါပဲ။ ပြဿနာ တစ်ခုကို ရင်ဆိုင်ရပြီဆိုရင် ကျွန်တော်တို့က အဲဒီပြဿနာကို ရှုထောင့်ပြောင်း၊ ဘက်ပြောင်းပြီး အတွေးပြောင်းကြည့်ဖို့ပဲ လိုပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment