Sunday, August 3, 2008

ကြောက်မက်ဖွယ် အတွေ့အကြုံ


မိခင်တစ်ဦးဟာ သားကိုအရွယ်ရောက် ကြီးပြင်းဖို့၊ သူတစ်ပါးထက် ထူးချွန်ထက်မြက်ဖို့ပဲ မျှော်လင့်ခဲ့တယ်။ တစ်နေ့မှာ မိခင်က ငါးနှစ်အရွယ် သားကိုခေါ်ပြီး ဓာတုဗေဒ ပညာရှင် တစ်ဦးဆီ ရောက်လာခဲ့တယ်။ ဒီပညာရှင်ဟာ အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို ဘယ်လိုလုပ် ရောက်ခဲ့သလဲဆိုတဲ့ အဖြေကို သိချင်လို့ပါပဲ။

ပညာရှင်က လာရောက်တဲ့ အကျိုးအကြောင်းကို မေးပြီး သူတို့ကို စမ်းသပ်ခန်းထဲ ခေါ်ခဲ့ကြတယ်။ အဲဒီနောက် ပညာရှင်က အ၀ါရောင် အရည်တစ်မျိုးကို သားရှေ့မှာ ချထားပေးလိုက်တယ်။ ကလေးက အရည်ကို ကြည့်ပြီး စိတ်ဝင်စားလာတာနဲ့ သိချင်စိတ်ကို ထိန်းမရဖြစ်ပြီး အရည်ကို ထိတို့ကြည့်ဖို့ လက်ကို ဆန့်လိုက်တယ်။ အဲဒီအချိန်မှာ စိုးရိမ်တဲ့ အသံနဲ့အတူ မိခင်က ကလေးဆီကို ချက်ချင်းရောက်လာခဲ့တယ်။ အရည်ကို ထိတို့ကြည့်ဖို့ ကြိုးစားနေတဲ့ ကလေးက မိခင်ကို မြင်တော့ လက်ကို ချက်ချင်းပြန်ရုတ်လိုက်တယ်။

အဲဒီ အဖြစ်အပျက်ကို ပညာရှင်က မြင်တော့ တဟားဟားနဲ့ ရီပါတော့တယ်။ နောက်မိခင်ဖက် လှည့်ပြီး “ ခင်ဗျားသိချင်တဲ့ အဖြေကို ကျွန်တော်ဖြေလိုက်ပါပြီ” လို့ ပြောပြီး လက်ကို အ၀ါရောင် အရည်ထဲ စိမ်ပြလိုက်တယ်။ “ ဒါဟာ အရောင်ဆိုးထားတဲ့ ရိုးရိုးရေတစ်ခွက်ပါ။ ခင်ဗျား စိုးရိမ်ပြီး အော်လိုက်တဲ့ အသံက မိခင်စိတ်ကို ဖော်ပြနေသလို ပညာရှင်ဖြစ်လာမယ့် လူတစ်ယောက်ရဲ့ စူးစမ်းလိုစိတ်ကို မောင်းထုတ်လိုက်တဲ့ အသံလည်းဖြစ်တယ်”

တစ်ချို့မိဘတွေက ဒီလို အမှားမျိုးကို အလွယ်တကူ ပြုလုပ်တတ်ကြတယ်။ သူတို့ဟာ အတွေ့အကြုံနဲ့ ကလေးတွေရဲ့ စပ်စုလိုစိတ်ကို ထိန်းချုပ်လိုက်ကြတယ်။ ကြာတော့ ကလေးတွေက အထိန်းချုပ်ခံ အကျင့်ကိုရပြီး အသစ်အဆန်းတွေကို မစူးစမ်းရဲကြတော့ဘူး၊ မထီထွင်ချင်ကြတော့ဘူး။ နောက်တော့ သူတို့လျောက်မယ့် လမ်းဟာ မိဘတွေ လျောက်ခဲ့တဲ့ လမ်းပဲ ဖြစ်သွားတော့တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: