Sunday, August 3, 2008

သင်ယူခြင်းမှာ မငြီးငွေ့ပါ


တွင်းပေါက်တစ်ပေါက်ပဲ လုပ်ထားတဲ့ ကြွက်ဟာ အလွယ်တကူ အဖမ်းခံရနိုင်တယ်။

တိတ်ဆိတ်မှောင်မိုက်တဲ့ ညတစ်ညမှာ ကြွက်အိုကြီး တစ်ကောင်ဟာ ကြွက်တွေကို ဦးဆောင်ပြီး အစာရှာ ထွက်လာကြတယ်။ အိမ်တစ်အိမ်ရဲ့ မီးဖိုဆောင်က အမှိုက်ပုံးထဲမှာ စားကြွင်းစားကျန်တွေကို သူတို့ တွေ့လိုက်တယ်။အဖိုးမဖြတ်နိုင်တဲ့ ရွှေငွေရတနာတွေကို လူတွေ တွေ့သလိုပဲ စားကြွင်းစားကျန်ပေမယ့် သူတို့အတွက် အဖိုးတန်လွန်းပါတယ်။

ကြွက်တွေဟာ အမှိုက်ပုံးထဲက၊ အမှိုက်ပုံဘေးက အစာတွေကို အငမ်းမရ စားနေတုန်း စူးစူးဝါးဝါး အော်လိုက်တဲ့ ကြောင်အော်သံကို ကြားတော့ သည်းခြေပျက်မတတ် ကြောက်လန့်မိကြတယ်။ ပုန်းအောင်းဖို့ နေရာကို အလျှင်အမြန်ရှာပြီး ကြောင်ရန်က လွတ်အောင် သူတို့ အမြန်ပြေးပုန်းကြတယ်။ ကံမကောင်းတဲ့ ကြွက်ကလေး နှစ်ကောင်က အပုန်းနောက်ကျလို့ ကြောင်ရဲ့ အဖမ်းကို ခံလိုက်ရတယ်။ ကြောက်ရွံ့နေတဲ့ ကြွက်နှစ်ကောင်ကို ကြောင်က စားမလို လုပ်တုန်း ခွေးတစ်ကောင်ရဲ့ မာန်ဖီသံကို ကြားတော့ ကြောင်ဟာ လန့်ပြီး ထွက်ပြေးသွားတော့တယ်။

ကြောင်ထွက်ပြေးသွားမှ ခေါင်းဆောင် ကြွက်အိုကြီးဟာ အမှိုက်ပုံးနောက်က အေးအေးဆေးဆေး ထွက်လာပြီး ကြွက်တွေကို ဒီလို ပြောပါတယ်။ “ ဘာသာစကား တစ်မျိုးထက် ပိုတတ်ရင် အကျိုးမယုတ်နိုင်ဘူးဆိုတာ မင်းတို့ကို ငါအစောကြီး ကတည်းက ကြိုပြောထားပြီးသား။ အခု ကြည့်စမ်း မင်းတို့အသက်ကို ငါကယ်လိုက်နိုင်ပြီ” ဟူသတည်း။

အသိပညာ၊ အတတ်ပညာ တစ်ခုပိုခြင်းသည် လမ်းတစ်လမ်း တိုးလာသည်နှင့် တူ၏။ မပြတ်ဆည်းပူးခြင်းသည် အောင်မြင်သူများ၏ ရာသက်ပန် လုပ်ဆောင်ချက်ဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Print this post

No comments: