Sunday, August 3, 2008

မိမိကိုယ်ကို ကိုင်လှုပ်ခြင်း


လင်းယုန်တွေဟာ သူတို့ရဲ့အသိုက်ကို ပင်မြင့်ထက်မှာ ဒါမှမဟုတ် မတ်စောက်တဲ့ ချောက်ကမ်းပါးထိပ်မှာ ဆောက်လေ့ရှိကြတယ်။ ပညာရှင်တွေရဲ့ အဝေးကြည့် မှန်ပြောင်းနဲ့ အသေးစိတ် လေ့လာ ကြည့်ရှူချက်များအရ လင်းယုန်တွေဟာ အသိုက်ဆောက်ရာမှာ ပထမဦးဆုံး အသိုက်ရဲ့အောက်မှာ “ဆူးခက်” တွေနဲ့ ခင်းကြတယ်။ ဆူးခက်ပေါ်မှာ ကျောက်တုံးသေးတွေ ထပ်ခင်းပြီး ကျောက်တုံးပေါ်မှာမှ သစ်ရွက်သစ်ဆွေးတွေ၊ ငှက်မွေးတွေထပ်ခင်းပြီး ဥဥဖို့ အသိုက်ဆောက်ကြတယ်။

ဥက ပေါက်လာတဲ့ လင်းယုန်ပေါက်လေးတွေဟာ တဖြေးဖြေးနဲ့ ကြီးလာပြီး အမွေးအတောင်တွေ စုံလာပြီဆိုရင် မိခင်လင်းယုန်က ဒီအရွယ်ဟာ ငှက်ကလေးတွေ “ကိုယ်ထူကိုယ်ထ” ဖြစ်သင့်တဲ့ အရွယ်ဆိုပြီး အသိုက်ကို စတင် လှုပ်ခါတော့တယ်။ ငှက်သိုက်ထဲက သစ်ရွက်တွေ ငှက်မွေးတွေ ပြုတ်ကျပြီး ကျောက်ခဲလေးတွေ၊ ဆူးခက်တွေ ပေါ်လာတဲ့အထိ လှုပ်ခါတော့တယ်။ ငှက်ပေါက်လေးတွေက ကျောက်ခဲမာတွေ၊ ဆူးခက်တွေကြောင့် နာကျင်ပြီး တစာစာ အော်ပါတော့တယ်။ ဒါပေမယ့် မိခင်လင်းယုန်က ငှက်ကလေးတွေ အသိုက်ထဲ မနေနိုင်အောင် အကြင်နာ ကင်းမဲ့စွာ မောင်းထုတ်ပါတော့တယ်။ နာကျင်နေတဲ့ ငှက်ကလေးတွေက အသိုက်ကို မခွဲမခွာချင်ဘဲ စတင်ပျံသန်းဖို့ အသိုက်ကို ခွဲခဲ့ကြရတယ်။

မိခင်လင်းယုန်က တကယ်ပဲ အကြင်နာကင်းမဲ့ပြီး ငှက်ကလေးတွေကို မောင်းထုတ် လိုက်တာလား... ? မဟုတ်ပါဘူး။ မိခင်ပီပီ ကိုယ့်ရင်သွေးကို ချစ်ပါတယ်။ ဒါပေမယ့် မိခင်က လင်းယုန်ငှက်လေးတွေကို နေရာအနှံ့ ပျံသန်းနိုင်တဲ့ ငှက်တွေဖြစ်အောင် ပိုမျှော်လင့်ကြတယ်။ ဒါကြောင့် ငှက်ကလေးတွေကို သက်တောင့်သက်သာ ရှိတဲ့ အသိုက်က ခွာပြီး ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့ အသိုက်ကနေ မောင်းထုတ်ရခြင်းဖြစ်တယ်။

တကယ်တော့ လူ့ဘ၀ဆိုတာ ဟင်းရည်တစ်ခွက်နဲ့ တူတယ်။ ဟင်းရည်ကို မမွှေပေးရင် အရသာရှိတဲ့ ဟင်းဖတ် ဟင်းနှစ်တွေက ပန်းကန်အောက်မှာပဲ အနယ်ထိုင်နေတတ်တယ်။ ဟင်းခွက်ကို မွှေပေး၊ လှုပ်ခါပေးမှ အရသာကောင်းကို စားမိပါလိမ့်မယ်။ လင်းယုန်ငှက်ကလေးလိုပဲ မိခင်က အကြင်နာမဲ့စွာ အသိုက်ကို “လှုပ်ခါ” ပေးမှ သူတို့ဟာ အမြင့်ဆုံးနဲ့ အဝေးဆုံးကို ပျံသန်းနိုင်မှာဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: